
၂၀၁၃ ခုနှစ် အတာသင်္ကြန် ကာလအတွင်း အချို့သော အမျိုးသမီးငယ်များမှာ
မိမိခန္ဓာကိုယ်ပေါ်ရှိ အ၀တ်များကိုပင် ချွတ်၍ ရေကစားခြင်းများ၊ ရှိသင့်ရှိအပ်
ဝတ်သင့်ဝတ်အပ်သည့် အတွင်းခံ အ၀တ်စားများပင် ၀တ်ဆင်ထားခြင်းမရှိဘဲ
မဏ္ဍပ်များပေါ်၌ ရေကစားခြင်းများ ဖြစ်ပေါ်ခဲ့ . . .
ရန်ကုန်၊ ဧပြီ ၃
မကြာခင် ကျရောက်မည့် မြန်မာအတာသင်္ကြန် ပွဲတော်အတွင်း မြန်မာ့ယဉ်ကျေးမှု
အစဉ်အလာကို ထိန်းသိမ်း မြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံကို
အနှောင့်အယှက် ဖြစ်စေ သည့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများ
မဖြစ်စေရေး ရှောင်ကြဉ်ကြရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ
ထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
““မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ ၀တ်စားဆင်ယင်မှုတွေ
မလုပ်ဖို့ အဓိက ထုတ်ပြန်ထားတာပါ။ နှစ်တိုင်းလည်း ထုတ်ပြန်နေခြင်း
ဖြစ်ပါတယ်။ သင်္ကြန်ရောက်လို့ရှိရင် သင်္ကြန်မှာ အကုန်လုံး သင်္ကြန်နဲ့ ပတ်သက်တဲ့
နှစ်စဉ် ကြေညာချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဲဒါပါပဲ””ဟု
ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့
ပြောသည်။
သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် မြန်မာ့ယဉ်ကျေးမှုလွန်
ဝတ်စားဆင်ယင်မှု ဆိုသည်မှာ မည်ကဲ့သို့သော ၀တ်စားဆင်ယင်မှုမျိုးကို
ဆိုလိုသနည်းဟု မေးခွန်းထုတ်မှုများ ရှိသလို မြန်မာ့ရိုးရာ ၀တ်စုံဝတ်၍
သင်္ကြန်ရေပက်ခံထွက်ရန် မဖြစ်နိုင်ကြောင်း ဆိုသူများလည်း ရှိသည်။
““ထဘီနဲ့တော့ ဘယ်လည်လို့ရမလဲ။ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ထားတဲ့ သရုပ်ပျက်
အ၀တ်အစားဆိုတာ ဘာကိုပြောတာလဲ။ ဘောင်းဘီရှည်နဲ့တော့ လည်မှာပေါ့။
အတိုမ၀တ်ရဘူးဆို မ၀တ်ဘူးပေါ့။ ဒါမှမဟုတ်လည်း အဖမ်းခံသင့်ရင်
အဖမ်းခံလိုက်မယ်လေ”” ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင်
နေထိုင်သူ မသီရိက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ပုံမှန်ပဲ ကောင်းပါတယ်။ ဘောင်းဘီနဲ့ အင်္ကျီကတော့ လူတိုင်း ၀တ်ကြမှာပဲလေ။
အရမ်းကြီး ဟော့ရှော့ ဖြစ်နေတာတော့ မကောင်းဘူး။ ဒါပေမဲ့ ဘယ်လိုပြောမလဲ။
အရမ်းကြီး သရုပ်ပျက်ကတော့ သင်္ကြန်မှ မဟုတ်ပါဘူး။ ဘယ်နေရာမှ မကောင်းပါဘူး။
အရမ်းကြီး သရုပ်ပျက်ရင်လည်း မကောင်းသလို ထဘီကြီးဝတ်ပြီး တော့လည်း
သီချင်းတက်ဆိုလို့ မရဘူးပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတာပေါ့””ဟု
အမျိုးသမီး အဆိုတော် စန်္ဒီမြင့်လွင်က သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှုနှင့်
ပတ်သက်၍ သုံးသပ်သည်။
““ကျွန်တော်တို့ကတော့ အရေးယူမယ်လို့ မထုတ်ပြန်ပါဘူး။ အရေးယူမယ်၊ မယူဘူးက
သက်ဆိုင်ရာ ဒေသကြီးကပဲ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က
မလုပ်ကြဖို့ ပန်ကြားတာပါ။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ဘယ်လို
ဝတ်စားဆင်ယင်သင့်တယ် ဆိုတာကို ကိုယ့်ဘာသာကိုယ် ချိန်ပြီးတော့ လုပ်ရမှာ။
ကျွန်တော်တို့က ကိုယ့်ဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုမရှိတဲ့ ဟာလေးတွေ
မ၀တ်ကြဖို့ပေါ့။ အဲဒါကို ပြောတာပါ။ အများမြင်လည်း မတင့်တယ်ဘူး။
မြန်မာ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီဘူး””ဟု ယဉ်ကျေးမှုဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုလွန်
ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်ပြီး အင်တာနက် စာမျက်နှာများပေါ်တွင်
ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ တက်လာခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနှင့်
မကိုက်ညီမှုများကြောင့် ပြည်သူများအကြား ဝေဖန်ရှုတ်ချမှုများ ပြင်းထန်ခဲ့သည်။
၂၀၁၃ ခုနှစ် အတာသင်္ကြန် ကာလအတွင်း အချို့သော အမျိုးသမီးငယ်များမှာ
မိမိခန္ဓာကိုယ်ပေါ်ရှိ အ၀တ်များကိုပင် ချွတ်၍ ရေကစားခြင်းများ၊ ရှိသင့်ရှိအပ်
ဝတ်သင့်ဝတ်အပ်သည့် အတွင်းခံ အ၀တ်စားများပင် ၀တ်ဆင်ထားခြင်းမရှိဘဲ
မဏ္ဍပ်များပေါ်၌ ရေကစားခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ အမျိုးသားအချို့မှာလည်း လူမြင်ကွင်းအတွင်း အမျိုးသမီးများနှင့်
ပွေ့ဖက်နမ်းရှုံ့ခြင်း၊ မူးယစ် ရမ်းကားခြင်းများ ပြုလုပ်ခဲ့သည့်အတွက်
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အကျည်းတန် စေခဲ့သည်။
““မနှစ်က သင်္ကြန်မှာ ဘယ်လောက်ထိ သရုပ်ပျက်ခဲ့သလဲဆိုတာ အင်တာနက်ပေါ်မှာ
သင်္ကြန်လို့ ရိုက်ရှာ လိုက်တာနဲ့ကို တွေ့နိုင်တယ်ဗျာ။ ကျွန်တော်တို့လည်း
လူငယ်တွေပါပဲ။ ဒါပေမဲ့ အခု ဖြစ်ပျက်နေပုံတွေက တအားကို သရုပ်ပျက်လွန်းတယ်။
ကျွန်တော်တို့ ကြားထားတာ တစ်ခုဆိုရင် မဏ္ဍပ်တချို့ဆိုရင် သူတို့မဏ္ဍပ်
လူစည်အောင်ဆိုပြီး အဲဒီလို ဖြစ်အောင်ကို လုပ်ထားတာတဲ့။ ဒီတော့ ခေတ်နဲ့အညီ
ဝတ်စားဆင်ယင်မှုကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်။
မောင်နှသားချင်းတောင် မကြည့်ရဲအောင် ၀တ်နေတာတွေ မြင်နေရတော့ ဒါတွေကို
တင်းတင်းကျပ်ကျပ် လုပ်စေချင်တယ်””ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင်
နေထိုင်သူ ကိုဘိုဘိုထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““အားလုံးက သင်္ကြန်ဆိုတော့ မိန်းကလေးတွေက ကာလာစုံတဲ့ မိန်းကလေးတွေချည်းပဲ
ရှိမှာလေ။ အခုလိုမျိုး ကန့်သတ်တာတော့ မကောင်းပါဘူး။ အားလုံးက
အဆင်ပြေနေတာပဲ။ အရေးယူမယ် ဆိုတာတော့ မကောင်းဘူး”” ဟု မြောက်ဥက္ကလာပ၌
နေထိုင်၍ မော်ဒယ်လ်သင်တန်း တက်ရောက် နေသူ ကိုကောင်းမြတ်က ပြောသည်။
လက်ရှိတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် သင်္ကြန်ကဏ္ဍပ်များတွင်
စောင့်ကြည့်ရေးကင်မရာ (CCTV) များ တပ်ဆင်၍ စောင့်ကြည့်မှုများ
ပြုလုပ်သွားရန် အတွက်လည်း ရန်ကုန်တိုင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ စီစဉ်ထား
ပြီး ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများကို ထိန်းသိမ်းသွားမည်
ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
““မဏ္ဍပ်တိုင်းမှာ သရုပ်မပျက်စေဖို့ စောင့်ကြည်သူတွေကို ထားရှိမယ်။ မနှစ်က
သင်္ကြန်မှာ အင်တာနက်တွေ ပေါ်အထိ သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ ဖော်ပြတာ
ခံရလို့ ဒီနှစ်မှာ အခုလို သတိပေးရတာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေအားလုံး
ခေတ်နဲ့အညီ လိုက်လျာညီထွေစွာ ၀တ်တာကို မပြောလိုပါဘူး။ သို့သော်
ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ သရုပ်ပျက် ၀တ်ဆင်မှုတွေကိုတော့ တားမြစ်ရမှာ
ဖြစ်ပါတယ်။ မဏ္ဍပ်ကြီး တွေမှာ စီစီတီဗွီကင်မရာတွေ ရှိပါတယ်။
အဲဒီကနေတစ်ဆင့်လည်း သရုပ်ပျက် ၀တ်စားသူတွေကို ခေါ်ယူ သတိပေးတာမျိုး၊
လဲလှယ်စေတာမျိုး ပြုလုပ်သွားမှာပါ။ အဲဒီအတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ အနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော
ဝတ်စားဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီကို ဆပ်ကော်မတီအနေနဲ့
ဖွဲ့စည်းထားပြီးသား ဖြစ်ပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး
ဒေါ်စန်း စန်းနွယ်၏ ပြောစကားကို ကိုးကား၍ နိုင်ငံပိုင် သတင်းစာများ၌
ဖော်ပြထားသည်။
ယင်းသို့ စောင့်ကြည့်နေရုံဖြင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများအား
ထိန်းသိမ်းနိုင်မည် မဟုတ်ဘဲ ဥပဒေအရ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းလည်း
ဥပဒေပညာရှင်များက သုံးသပ်လျက် ရှိသည်။
““အရေးယူလို့ ရတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေမှာ အများကြီး ပြဋ္ဌာန်းချက်တွေ
ရှိတယ်။ ဥပဒေပုဒ်မတွေ အများကြီးရှိတယ်။ သင်္ကြန်ယဉ်ကျေးမှုကို ဖျက်ဆီးတာ။
အဲဒီလိုမှ အရေးမယူရင် ကျွန်တော်တို့ သင်္ကြန်က ပြောစရာကြီး ဖြစ်လာမယ်”” ဟု
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့
မှတ်ချက်ပေးသည်။
ယခုကဲ့သို့ ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများအား မပြုလုပ်ကြရန်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ တားမြစ် နေချိန်မှာပင် တည်ဆောက်ဆဲ သင်္ကြန်မဏ္ဍပ်များ၌
အ၀တ်လဲခန်းမှအပ အခြားသော မလိုအပ်သည့် အခန်းများ ထည့်သွင်း တည်ဆောက်မှုများ
မပြုလုပ်ရန်အတွက်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တားမြစ်ထားသည်။
ယင်းတားမြစ်ချက်များအား လိုက်နာခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဧပြီလ ၁၁
နှင့် ၁၂ ရက်များတွင် စစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အစိုးရဘက်မှ တားမြစ်ထားသော်လည်း ရန်ကုန်မြို့ရှိ အချို့သော မဏ္ဍပ်များတွင်
အ၀တ်လဲခန်း မဟုတ်သည့် အထူးခန်းများ တည်ဆောက်မှုများ ရှိနေပြီး ယင်းအခန်းသို့
VIP လက်မှတ် ၀ယ်ထားသူများသာ ၀င်ရောက် နားနေခွင့်ပြုကြောင်း သိရသည်။
မဏ္ဍပ် လက်မှတ်များ ရောင်းချရာ၌ ရိုးရိုးတန်းနှင့် VIP တန်း ဟူ၍
ခွဲခြားထားပြီး VIP တန်း လက်မှတ် တစ်စောင်လျှင် သင်္ကြန်ရက်အားလုံး ရေကစားရန်
ကျပ် ငါးသိန်းခန့် ဈေးပေါက်နေပြီး မဏ္ဍပ်ပေါ်သို့ အရက်ပုလင်း ယူဆောင်ခွင့်၊
အထူးနားနေခန်းအတွင်း အနားယူခွင့် စသည်တို့ ရရှိမည် ဖြစ်သည်။
““အဲဒါကျတော့ မိန်းကလေးနဲ့ ယောက်ျားလေး အလုံပိတ်ခန်းတွေမှာ မဟုတ်တာတွေ
ဖြစ်မှာစိုးလို့ အ၀တ်အစား လဲတာလောက် ဘာညာ ပြဿနာ မရှိပါဘူး။ အလုံပိတ်
အခန်းတွေ မဖြစ်အောင် လိုက်ပြီးတော့ ဖျက်ခိုင်းတာ။ ဘယ်မဏ္ဍပ်ရယ်လို့တော့
Target မထားဘူး။ အဘတို့က လိုက်မစစ် သေးဘူးလေ။ စစ်ဆေးမယ့် အဖွဲ့တွေ
လာရင်လည်း အဲဒါမျိုးမဖြစ်ပါစေနဲ့။ သတင်းရမယ်ပေါ့။ အဲဒီ အခန်းတွေ
ပါတဲ့မဏ္ဍပ်ကို လိုက်ကြည့် ခိုင်းပြီးတော့ အဲဒီလိုဟာတွေ လုပ်ထားရင် ဖြုတ်ပါ။
သွားပြီးတော့ စစ်မယ့်အဖွဲ့ကို ပြောထားပြီးသားပါ””ဟု ရဲမှူးကြီးမြင့်အေးက
မြန်မာသံတော်ဆင့်သို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ မကြာခင် ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း
ရန်ကုန်တိုင်းအတွင်း၌ မဏ္ဍပ်အကြီး အသေးပေါင်း ၁၄၀ ကျော်
ခွင့်ပြုထားပြီးဖြစ်ရာ အစိုးရအနေဖြင့် လိုက်လံစစ်ဆေးရာ၌ အခက်အခဲများ
ရှိနိုင် ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တားမြစ်ထားသော
စည်းကမ်းများအား ချိုးဖောက်ပါ ဒေသဆိုင်ရာ အာဏာပိုင်၏ လိုအပ်၍
ထုတ်ပြန်ထားသော အမိန့်ကို ဆန့်ကျင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ
အရေးယူနိုင်ကြောင်းလည်း တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)
ဦးသောင်းမြင့်က မြန်မာ သံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။
ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာထားသော
အမိန့်အား ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ်
တစ်လဖြစ်စေ၊ ငွေဒဏ် ၂၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်သည်။
ထို့ပြင် ယင်းဖီဆန်မှုသည် လူ့အသက်ကိုသော်လည်းကောင်း၊ ကျန်းမာရေးကိုသော်လည်း
ကောင်း၊ လုံခြုံရေးကိုသော်လည်းကောင်း ဘေးဖြစ်စေခဲ့ပါက ထောင်ဒဏ် ခြောက်လအထိ
ချမှတ်နိုင်ပြီး ငွေဒဏ် ကိုလည်း ၁၀၀၀ ကျပ်အထိ တိုးမြှင့်နိုင်သည်။
သို့မဟုတ်ပါကလည်း ပြစ်ဒဏ်နှစ်ရပ်စလုံးအား ချမှတ် နိုင်ကြောင်း
ပြဋ္ဌာန်းထားသည်။
““ဒီလိုမျိုးကြေညာချက် ထုတ်တာကျတော့ ၁၈၈ နဲ့ ဆွဲလို့ မရဘူး။ ဒါက
အမိန့်မဟုတ်ဘူးလေ။ သူတို့အားလုံးကို ကန့်သတ်ပြီးတော့ သတိပေးတာပဲ ရှိတယ်။
ထိန်းသိမ်းဖို့ဆိုတာက မိန်းကလေးကလည်း ထိန်းသိမ်းမယ်၊ ယောက်ျားလေးကလည်း
ဆင်ခြင်မယ် ဆိုလို့ရှိရင် အဆင်ပြေသွားမှာပဲ။ ညင်သာစွာပဲ ကိုင်တွယ်ကြမှာပဲ။
အရေးယူမှု မရှိဘူး မဟုတ်ဘူး။ လွန်ကဲတာတွေကျတော့ ရာဇ၀တ်မှုနဲ့ ငြိစွန်းရင်တော့
ငြိမှာပဲ။ သာမန်ဖြစ်တဲ့ ဟာတော့ သတိပေး ဆုံးမတဲ့ အဖွဲ့တွေ ရှိတာပဲ။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေ ရှိတယ်။ သူတို့တွေက ဆောင်ရွက်သွားမှာ
ဖြစ်တယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေနဲ့ ငြိစွန်းလာရင်တော့ အရေးယူသွားမှာပဲ။
ယဉ်ကျေးမှုဌာနက ခေါ်ယူပြီး သတိပေးတယ် ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့
ဥပဒေနဲ့ ငြိရင်တော့ အရေးယူမှာပဲ။ ကိုယ့်ဘက်က ကြည့်မယ်။ သူတို့ဘာသာသူတို့
သာမန်လောက် နမ်းတာ ရှုံ့တာလောက်ကို ရဲက သွားပြီးတော့ ပြဿနာ မရှာပါဘူး။
အဲဒါကို သတိပေးသင့်တဲ့အဖွဲ့က သတိပေးမှာပေါ့”” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
Myanmartandawsint Newspaper