Pages

Saturday, October 4, 2014

ဆန္ဒပြကျောင်းသားများကို အမြန်ဆုံးလူစုခွဲရန် ဟောင်ကောင် အာဏာပိုင်များ တောင်းဆို

 
ယခု ရုံးပိတ်ရက်နေ့များတွင် ဆန္ဒပြသူများ အစုအဝေး ပိုမိုများပြား လာပြီး ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးနှင့် ရာဘာ ကျည်ဆံ သေတ္တာများအား ကားပေါ်မှချကာ ပြင်ဆင်နေသည် ကို မြင်တွေ့ ရသည်။ ဒီမိုကရေစီရေး ဆန္ဒပြသူများ အမြန် ဆုံးလူစုခွဲရန် အာဏာပိုင်များ က တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဟောင်ကောင် ဥပဒေပြုလွှတ်တော်အပြင်ဘက်နှင့် နေရာ အများအပြားတွင် လူအုပ်ကြီးက ထိုင်နေခဲ့ကာ လမ်းများအား ပိတ်ဆို့ ထားခဲ့သည်။ ဆန္ဒပြ သူများက ဟောင်ကောင်အုပ်ချုပ်ရေးမှူး လန်ချန်ယင်အား နုတ်ထွက်ရန်နှင့် မနုတ်ထွက်ပါက ပိုမိုကြီးမား သည့် လှုပ်ရှားမှုများနှင့် ရင်ဆိုင် ရမည်ဟု တောင်းဆိုထားသည်။

တရုတ်အစိုးရက လန်ချန်ယင် အား ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြောကြား ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ထောက်ခံမှုပေးမည်ဟု ကတိပြုထား ချိန်တွင် ဆန္ဒပြ သူများက ၅ ညမြောက် ဆန္ဒပြရန် ပြင်ဆင်လျက်ရှိသည်။ ပုံ မှန်အားဖြင့် ယာဉ် အသွားအလာရှုပ် ထွေးနေတတ်သည့် လမ်းများပေါ် တွင် လူထောင်ပေါင်း များစွာက ငြိမ်းချမ်းစွာ ဆန္ဒပြနေပြီး ဟောင်ကောင်တွင် လွတ်လပ် သည့် ရွေးကောက်ပွဲခွင့်ပြု ပေးရန် တရုတ်အစိုးရအား တောင်းဆိုလျက်ရှိသည်။

တင်္နလာနေ့တွင် ဟောင်ကောင်အစိုးရရုံးရှိ ဝန်ထမ်း ၃၀၀၀၀ ကျော် ရုံးပြန် တက်ချိန်တွင် လမ်းများ ရှင်းလင်းနေရန် လိုလားသည်ဟု အာဏာပိုင် များက ဆိုသည်။ ဆန္ဒပြသူများအနေဖြင့် လမ်းများ ပိတ်ဆို့ထားခြင်း မပြုဘဲ အမြန်ဆုံးငြိမ်းချမ်းစွာ လူစုခွဲရန် အာဏာပိုင်များက တောင်းဆို ထားသည်။

KHTunဒေါင်းမာန်ဟုန်

မြန်မာအစိုးရမှ ပိတ်ပင်သည် ဆိုသော်ငှားလည်း မြန်မာအိမ်ဖော် အရည်အတွက် မကျဆင်း သွားကြောင်း စင်ကာပူရှိ အိမ်ဖော်ဈေးကွက် မှ အေဂျင်စီများ ပြောကြား


ြ မြန်မာပြည် ကနေ စင်ကာပူသို့သွားရောက်လုပ်ကိုင်မည့် အိမ်ဖော်များ ကို မြန်မာအစိုးရက တားမြစ်ပိတ်ပင်ထားသော်လည်း မြန်မာအိမ်ဖော်များက စင်ကာပူ သို့ ရောက်လာနေဆဲဖြစ်ကြောင်းသိရသည်။

စင်ကာပူအေဂျင်စီများက ၂နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် မထိုးမချင်း မြန်မာအိမ်ဖော်များ စင်ကာပူတွင် ၅ လကြာ အလုပ်လုပ်ခွင့် ကို မြန်မာအစိုးရ က ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ခဲ့ထားသည်။ စင်ကာပူ တွင် မြန်မာအိမ်ဖော်များကို နှိပ်စက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း ပြီးခဲ့သည့် တနင်္လာနေ့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မြန်မာအိမ်ဖော်များလာရောက်မှုနည်းပါးသွားမည်ကို စင်ကာပူ အိမ်ဖော်အေဂျင်စီ များက စိုးရိမ်နေသော်လည်း မြန်မာဘက်က ပိတ်ပင်မှုကို တင်းကြပ်စွာဆောင်ရွက်ပုံမရဟု သူတို့ က ပြောကြားသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း မြန်မာအိမ်ဖော်များ တနေ့ကို အယောက် ၅၀ခန့် စင်ကာပူ ကို လာရောက်နေပြီး အဆိုပါအရေအတွက်သည် အစိုးရတားမြစ်မှု မရှိခင်က အရေအတွက်နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်.

“ကျမတို့အတွက်ကတော့ ဘာမှမထူးပါဘူး။ အရင်လိုပါဘဲ။ အလုပ်ဖြစ်နေ ပါတယ်။” ဟု စင်ကာပူ၏ အကြီးဆုံးမြန်မာအိမ်ဖော်အေဂျင်စီ ယူနိုက်တတ် ချန်နယ် က ဒါရိုက်တာ မစ္စ ကယ်ရီတန်က ပြောသည်။

စင်ကာပူအလုပ်ရှာဖွေရေးအေဂျင်စီများအဖွဲ့ဥက္ကဌ ဂျာယာပရီမာ က နှစ်နိုင်ငံ အကြားသဘောတူညီချက်ကို လက်မှတ်ရေးထိုးရေး အတွက် လေ့လာနေ ဆဲဖြစ်ကြောင်း ပြောဆိုသည်။“ စင်ကာပူကုမ္ပဏီတွေ အကျိုးစီးပွားကို အကာ အကွယ်ပေးဖို့လည်း သေချာအောင် ကြည့်ရသေးတယ်လေ”

မြန်မာနိုင်ငံမှ အိမ်ဖော်များကို တလလျှင်လစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ ပေးလေ့ ရှိသည်။ အလုပ်ရှာဖွေခအဖြစ် ရှစ်လအတွက် လစာငွေကို သူတို့ ကမယူရဘဲ အလုပ်ရှာပေးသည့်အေဂျင်စီကို ပေးရသည်။

စင်ကာပူ၏ အိမ်ဖော်ဈေးကွက်ကို မြန်မာအိမ်ဖော်များဝင်ရောက်မှုက အတော်ပင်မြန်ဆန်လာနေရာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ၅၀% တိုးလာသည်ဟု ဆိုသည်။ ယခင်က မြန်မာအိမ်ဖော်ဦးရေ ၂၀၀၀၀ ခန့် ရှိခဲ့ရာက ယခုနှစ် အတွင်း အိမ်ဖော် သုံးသောင်းကျော်ထိ တိုးပွားလာသည်ဟု ဆိုသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်ဖော်များ ထက်စာလျှင် မြန်မာ အိမ်ဖော်များ မှာ ဈေးချိုသည့်အပြင် အလုပ်ကြိုးစားသော်ကြောင့် အိမ်ရှင်များက ပိုလိုလားကြသည်။

အင်ဒိုနှင့် ဖိလစ်ပိုင် အစိုးရများက ၎င်းတို့နိုင်ငံက အိမ်ဖော်များအတွက် အနိမ့်ဆုံး လစာ တလ ဒေါ်လာ ၄၅၀ နှင့် ၅၀၀ အသီးသီးပေးရန် သတ်မှတ်တောင်းဆို သည်။

မြန်မာအိမ်ဖော်များ စင်ကာပူကို ၀င်ရောက်မှုတိုးများလာနေချိန်တွင် အိမ်ရှင်များ လက်မှ ထွက်ပြေးကြသည့် အိမ်ဖော်အရေအတွက်ကလည်း များလာနေ ပါသည် ။ များပြားသောအကြွေးများကို ပေးဆပ်ရသဖြင့် ယခုလို ထွက်ပြေး ကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

မြန်မာအိမ်ဖော်များ၏ လစာမြင့်တက်လာနိုင်ကြောင်း။ လက်ရှိတွင် တချို့ က ဒေါ်လာငွေ ၃၀၀ နှင့် အထက်ကို တောင်းဆိုနေကြာင်း စင်ကာပူအေဂျင်စီ များ က ပြောကြားသည်။ အလုပ်အကိုင် ရှာဖွေခ အဖြစ် မြန်မာအိမ်ဖော် များ ပြန်လည်ပေးဆပ်ရာတွင် ဒေါ်လာ ၃၀၀၀ အထိရှိနေခြင်းမှာ မြန်မာနိုင်ငံ တွင် သတ်မှတ်လိုက်နာရမည့် ဥပဒေ မရှိသည့်အတွက် ဖြစ်သည်။

Best Home အလုပ်ရှာဖွေရေးအေဂျင်စီမှ မစ္စတာ တေကွန်ဘင်က “မြန်မာအေဂျင်စီတွေက အိမ်ဖော်တွေကို ဒီကိုခေါ်ဖို့ ခက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒါကိုပဲ သူတို့က အသုံးချ အခွင့်ကောင်းယူပြီး ငွေပိုရအောင် လုပ်နေ တာ" ဟု ဆိုသည်။

ထို့ အပြင် စင်ကာပူသွားမည့် လေယာဉ်ပေါ်တက်ခွင့်အတွက် အိမ်ဖော်တဦး ကို ဒေါ်လာ ငါးဆယ် နှုန်းဖြင့် မြန်မာလေဆိပ်က အရာရှိတချို့ က ငွေတောင်းနေကြောင်း မြန်မာအေဂျင်စီတစ်ခုက ဆိုသည်။

“အပိုပေးတဲ့ငွေတွေအားလုံးက ဒီအိမ်ဖော်တွေပဲပေးရတာပေါ့။ ဒီတော့ သူတို့ မှာပေးရတဲ့ကြွေးတွေလဲ များလာတယ်။ နောက်ဆုံးကျတော့ သူတို့ပဲ ဆုံးရှုံးရ တာပဲ။” ဟု မစ္စတာ တေ က ပြောသည်။

မြန်မာအလုပ်သမားအေဂျင်စီတွေ အနေဖြင့် အိမ်ဖော်များထံက အလုပ် ရှာဖွေရေး စရိတ်စကကို လျှော့ချသင့်ကြောင်း မစ္စဂျာယာပရီမာ က ပြောကြား ခဲ့သည်။

“မြန်မာအေဂျင်စီတွေ ယူနေတဲ့ အခကြေးငွေတွေကို လျှော့ချဖို့ မြန်မာအစိုးရက ကန့်သတ်သင့်တယ်။ စည်းမျဉ်း စည်းကမ်း ချပြီး ဒါကို လိုက်နာအောင် တွန်းအား ပေးရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပြဿနာကဆက်ဖြစ်နေအုန်းမှာပဲ” မစ္စ ဂျာယာပရီမာ က ပြောကြားခဲ့သည်။

ယခုအခါ စင်ကာပူအိမ်ရှင်များသည် အိမ်နေသက်ကြီးများကို ၄င်းတို့ အလုပ် သွားစဉ် စောင့်ရှောက်ပြုစုရန်အတွက် မြန်မာ အမျိုးသားအိမ်ဖော်များ ကို လည်း ခေါ်ယူကြကြောင်း အေရှားဝမ်းသတင်း တွင် ဖော်ပြထားသည်။

လင်းလင်း(ဒေါင်းမာန်ဟုန်)

ကိုးကား - AsiaOne

NLD ပါတီနဲ့ UNA-CRPP တို့ ဘာ့ကြောင့် မဟာမိတ်ဖွဲ့လိုက်ြုကတာလဲ (ရုပ်-သံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်UNA နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP တို့ဟာ အောက်တိုဘာ ၄ရက်နေ့မှာ တိုင်းရင်းသား မဟာမိတ်ပါတီများ EAPP ကို ဖွဲ့စည်းလိုက်ပါပြီ။ ဒီအင်အားစု ၃ဖွဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီအချိန်မှာ ပူးပေါင်းလိုက်တာလဲ။

တိုင်ရင်းသား နိုင်ငံရေး မဟာမိတ်ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ၃ခုနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ NLDပါတီနာယက သူရဦးတင်ဦးက ပြောဆိုခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမရမချင်း တိုင်းပြည်နလန်ထူနိုင်မှာ မဟုတ်လို့ တိုင်းရင်းသားအရေး ထိရောက်စွာ အဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုင်းရင်းသားမဟာမိတ်ပါတီများ EAPP မှာ NLD က ခေါင်းဆောင်ပြီး UNA နဲ့ CRPPတို့က တွဲဖက်ခေါင်းဆောင်တစ်ယောက်စီအပြင် EAPP မှာပါတဲ့ ကျန်ရှိနေတဲ့တိုင်းရင်းသားပါတီထဲကတစ်ယောက်နဲ့ လုပ်သွားမှာဖြစ်ပြီး နိုင်ငံရေးမူဘောင်ကိုလည်း NLD ကသီးသန့်ရေးမှာဖြစ်သလို UNA တို့နဲ့ မူဘောင်ကိစ္စ ညှိနှိုင်းသွားနိုင်တယ်လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ လူ့အခါင့်အရေးပါတီ၊ ကမန်တိုင်းရင်းသားပါတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟိာမိတ်အဖွဲ့ UNA တို့ဟာ NLD နဲ့ ပုံမှန်အစည်းအဝေးတစ်ခုကျင်းပခဲ့ကြပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က Zam Za Mung က တိုင်းရင်းသားနဲ့ ဖယ်ဒရယ်အရေးအတွက် ဖွဲ့စည်းလိုက်တာဖြစ်လို့ သူအကောင်းဆုံး မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

တောင်းဆိုချက်တွေ မလိုက်လျောရင် ဂျာမန်တဦးကို သတ်မည်ဟု ဖိလစ်ပိုင်စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်

 
အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင် အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က သူတို့ တောင်းဆို ချက် မရရင် အောက်တိုဘာလ ၁၇ ရက်နေ့ ကျရင် သူတို့ ဖမ်းထားတဲ့ ဂျာမန်နှစ်ယောက်ထဲက တယောက်ကို သတ်ပစ်မယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ နိုင်ငံအနောက်ပိုင်း ပါလ၀န် ကျွန်းကနေ မလေးရှား အရှေ့ပိုင်း ဆာဘာပြည်နယ်ဆီကို ရွက်လွှင့်နေတုန်း ဧပြီလက ပြန်ပေးဆွဲခံခဲ့ရတာပါ။

စစ်သွေးကြွအဖွဲ့က ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တောင်းထားသလို၊ ဆီရီးယားမှာ အမေရိကန်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်နေတာကို ဂျာမနီ က အကူအညီ မပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အဘူဆာရစ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဘူ ရာမီ ဆိုသူက အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး သူတို့ တောင်းဆိုထားတာကို မလိုက်လျှောရင် ပြန်ပေးဆွဲထားတဲ့ နှစ်ယောက်ထဲက တယောက်ကို ခေါင်းဖြတ် သတ်ပစ်မယ်လို့ နိုင်ငံ တောင်ပိုင်းက ဇမ်ဘိုယန်မြို့ အခြေစိုက် သတင်းထောက်တွေကို တယ်လီဖုန်းကနေ ပြောပါတယ်။

ဂျာမန်အစိုးရဘက်ကလည်း ဘာမှ အဆက်အသွယ်မလုပ်တဲ့အတွက် အစော်ကားခံရသလို ခံစားရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် လုံခြုံရေးအရာရှိတွေကတော့ ဂျာမန်နှစ်ယောက်ဟာ တောင်ပိုင်းက ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ အရင်ကလည်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဗုံးခွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသလို တခြား နိုင်ငံခြားသား တွေကို ပြန်ပေးဆွဲထားသေးတယ်လို့လည်း ဆိုကြပါတယ်။

By ဒီဗွီဘီ

မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သမ္မတ အမိန့် ဆန့်ကျင်နေဟု ရှမ်း အဖွဲ့တွေပြောကြား

 
နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည် မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလောင်စိုင်းက RFA ကိုပြောပါ တယ်။

ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က စတင် ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ရှမ်းပါတီများဖြစ်တဲ့ ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီ တို့ရဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မှာပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့ တိုက်ပွဲတွေနဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ခုလိုပြောပါတယ်။

" သူတို့ကတော့ အဲ့လိုပြောပါတယ်၊ သမ္မတ ဦးသိန်းစိန်ကတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ စေတနာတွေက ထက်သန်နေတာကိုလည်း တိုင်းရင်းသားတွေအားလုံး သိရှိပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲနီးလာတဲ့ အချိန်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းအရ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် တပ်မတော်ပိုင်းဘက်က ၂၀၁၅ ရွေးကောက် ပွဲကို ကျင်းပဖို့ မလိုလားတဲ့ပုံစံမျိုး ပေါက်နေသလားလို့၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ကျွန်တော်တို့ SSPP ကခေါင်းဆောင်တွေလည်း အဲ့လိုသုံးသပ်ပြတယ်"

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကျေးသီးမြို့နယ်အတွင်းရှိ တာဖါဆောင် တပ်စခန်းကနေ SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရစစ်တပ်က ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ဒီနေရာမှာ နှစ်ဖက်တပ်များ မနေဖို့ အများပိုင်အနေနဲ့ ထားရှိဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်တာကြောင့် တာဖါဆောင်စခန်း တောင်ကုန်းများကနေ ဆုတ်ခွာပေးခဲ့ပြီး ဖြစ်တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေကလည်း ပြော ပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို ၄ ရက်ကြာကျင်းပတာဖြစ်ပြီး ရှမ်းခေါင်းဆောင် ၄၀ ကျော် တက်ရောက်နေတာဖြစ်ပါတယ်။
RFA

Friday, October 3, 2014

ကျေးသီးနယ် တိုက်ပွဲ ရှမ်းတပ်ပြန်ရုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ SSA မြောက်ပိုင်းတပ်နဲ့ အစိုးရတပ် အနည်းဆုံး တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီလတစ်ရက်နေ့မှာ ကျေးသီးမြို့နယ် တာ့ဖာဆောင်စခန်းက ရှမ်းတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ အကြောင်းကြားပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ စတင်ဖြစ်လာတာပါ။  ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်နဲ့ SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းတပ်ဖွဲ့တို့အကြားမှာ ကြာသပတေးနေ့ က ကျေးသီးမြို့နယ်အတွင်း နေရာ ၅နေရာလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာ့ဖာဆောင်တံတားအနီးမှာ တရက်နဲ့ တညလုံးလိုလို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရှမ်းတပ်ဖွဲ့ဖက်က သူ့တို့စခန်းကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစပ်ခွန်ဆိုင်က အခုလို ပြောပါတယ်။
" ကျနော်တို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ရဲ့ ဗဟိုကော်မတီ အစည်းအဝေး အရေးပေါ် အစည်းအဝေး ထိုင်ပြီးတော့ ကျနော်တို့ ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ တပ်ကို ဆုတ်ဖို့ ညွှန်ကြားလိုက်ပြီ။ ကနေ့မနက်ပိုင်းပါပဲ ကနေ့မနက်ပိုင်း အစည်းအဝေး လုပ်တယ်လေ။
အစည်းအဝေးလုပ်ပြီး တပ်တွေကို ညွှန်ကြားပြီး ဆုတ်လိုက်ပါပြီ။
တပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးဖို့ ဆွေးနွေးပွဲကို သွားနိုင်ဖို့ ဒါကို အဓိက ရည်မှန်းပါတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ မဖြစ်အောင် ကြိုးစားမယ်။"
ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က တပ်ရင်း ၉ရင်း၊ လူအင်အား တစ်ထောင်ကျော် အပြင် လက်နက်ကြီး တပ်ဖွဲ့တွေ ပါဝင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီကနေ့အထိ ရှမ်းတပ်ဖွဲ့ဘက်က  ၂ ဦးကျဆုံးပြီး အစိုးရတပ်ဖက်က ၅ဦး ကျဆုံးကြောင်း ဦးစဝ်ခွန်ဆိုင်ဝ်က ပြောပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက တာဝန်ရှိသူတဦး ကတော့ SSA မြောက်ပိုင်း တပ်ဖွဲ့က ပေးပို့လာတဲ့သတင်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ဆက်လက် တင်ပြထားတယ်လို့ ပြောပါတယ်။
" သူတို့ တံတားကနေ ဖယ်ပေးလိုက်ပြီလို့ ကျနော်တို့ဆီလည်း သတင်းပို့တယ်။ သတင်းပို့တော့ ကျနော်တို့ လည်း တပ်ဘက်ရော ဒီဘက်ရော အကြောင်းကြား ထားပါတယ်။ သက်ဆိုင်ရာ ဗဟိုကော်မတီကို တင်ပြထားပါတယ်။ သူတို့ဆက်လုပ်ပါလိမ့်မယ်နော်။"
လောလောဆယ်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာလေးရွာက ဒေသခံပြည်သူတွေ ဟာ ဖာဆောင်ရွာ အနီးက ၀မ်ဝပ်ရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးနေ တယ်လို့ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်း က ပြောပါတယ်။
" ရွာသားတွေကတော့ ဗမာဘုန်းကြီးကျောင်းမှာပဲ ပြန်ခိုနေကြတယ်။ တိုက်ပွဲက တအားပြင်းထန်နေတဲ့အခါကျတော့ တိုက်ပွဲနဲ့ နီးတဲ့ဟာ ဝမ်ဝပ်တို့ ဖာဆောင်ရွာတို့ပေါ့ လေးရွာ၊ ငါးရွာလောက် ပုန်းခိုနေရတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ တိုက်ပွဲကဖြစ်တဲ့အခါကျတော့ ဘယ်နှစ်ယောက် လာမှန်း မသိရဘူး။
ရှမ်းတပ်ဖွဲ့ဖက်က ဆုတ်ခွာလိုက်ပြီဆိုပေမဲ့ တာ့ဖာဆောင် တံတား အနီးမှာ ဒီကနေ့ နေ့ခင်းပိုင်း အထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းတပ်ဖွဲ့ဖက်က ဆုတ်ခွာလိုက်ပြီဆိုပေမဲ့ တာ့ဖာဆောင်အနီးမှာ ဒီကနေ့ နေ့ခင်းပိုင်းအထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောဆိုကြောင်း ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြောပါတယ်။
တာ့ဖာဆောင်တံတားက SSA မြောက်ပိုင်းတပ်စခန်းကို ပြီးခဲ့တဲ့လတွေကတည်း အစိုးရစစ်တပ်က ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါကို ရှမ်းတပ်ဖွဲ့က လက်မခံ တာကြောင့် ဇွန်လ၂၆ရက်နေ့ကနေ လကုန်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် တပ်တွေ အကြား စစ်ရေးအရ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
 သြဂုတ်လ အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဦးသိန်းစိန်က တာ့ဖာဆောင်တံတားကနေ အစိုးရတပ်ရော၊ ရှမ်းတပ်ဖွဲ့ပါ ဆုတ်ခွာကြဖို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက် တပ်တွေ ဆုတ်ခွာဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နဲ့ SSPP/SSA ညှိနှိုင်းရာမှာ တိကျတဲ့ သဘောတူညီချက် မရခဲ့ဘဲ့ ဒီလ ၂ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။
ကြာသပတေးနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရှမ်းတပ်ဖွဲ့ဖက်က သူတို့ တပ်စခန်း၂နေရာကို မနက် ၆နာရီလောက်နဲ့ ၃နေရာကို မနက် ၈နာရီလောက်မှာ တပြိုင်တည်း အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်တာလို့ သတင်းထုတ်ပြန်ပြီး အစိုးရဖက်ကတော့ တပ်အပြောင်းအရွှေလုပ်တဲ့ စစ်ယာဉ်တန်း တာ့ဖာဆောင် တံတားကို ဖြတ်သန်းရာမှာ ရှမ်းတပ်ဖက်က ခြုံခိုတိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ တအာန်းခေါ် ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA အကြားမှာလည်း တိုက်ပွဲ တွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရာမှာ တိုးတက်မှုမရှိဖြစ်ခဲ့တဲ့နောက် အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 
မိုးဇော် VOA

IS အစ္စလာမ်မစ် စစ်သွေးကြွ သြစတြေးလျ ချေမှုန်းမည်

အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ သြစတေးလျ အစိုးရအဖွဲ့က အတည်ပြုလိုက်ပါပြီ။

Islamic State အစ္စလာမ် စစ်သွေးကြွတွေကို လူသတ်အဖွဲ့လို့ တင်စား ခေါ်ဝေါ် လိုက်ပြီး သူတို့ကို အနိုင်ရရှိနိုင်ရေးဟာ သြစတေးလျနိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်လို့ ၀န်ကြီးချုပ် Tony Abbott က သောကြာနေ့မှာ ကြေငြာလိုက်ပါတယ်။

 “ အီရတ်အစိုးရရဲ့ တောင်းဆိုမှု အီရတ်အစိုးရကို ပံ့ပိုး ကူညီတဲ့အနေနဲ့ သြစတေးလျနိုင်ငံကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားဖို့ အစိုးရအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်တဲ့အကြောင်း၊ ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေကို အကြံပေး ကူညီမှုတွေ လုပ်ဆောင်ဖို့အတွက် ဥပဒေကြောင်းအရ တရားဝင် အတည်ပြုပြီးရင် သြစတေးလျ အထူးတပ်ဖွဲ့ဝင်တွေ အဲဒီကို စေလွတ်ဖို့အတွက်လည်း အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုလုပ်ပြီ ဖြစ်ပါတယ် - လို့ ပြောသွားတာပါ။”

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို တူရကီတပ်ဖွဲ့တွေ စေလွတ်ရေးအတွက် တူရကီလွှတ်တော်အမတ်တွေက အတည်ပြုပြီး တစ်ရက်အကြာမှာ သြစတေးလျက အခုလို ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်လာတာလည်း ဖြစ်ပါတယ်။
တူရကီလွတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေအရ IS အစ္စလာမ် အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်မယ့် နိုင်ငံခြားတပ်ဖွဲ့တွေ တူရကီနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့်ပြုထားပါတယ်။

ကဒ်လူမျိုးစုတွေရဲ့ နယ်စပ်မြို့မှာ IS အဖွဲ့ဝင်တွေနဲ့ ကဒ်လူမျိုးစု တပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် IS အဖွဲ့ကို တိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တူရကီနိုင်မှာလည်း ဖိအားတွေ များလာနေတာ ဖြစ်ပါတယ်။
VOA

လူသတ်မှုနဲ့ အဖမ်းခံရသူတွေ မြန်မာသံအရာရှိ သွားတွေ့မည်

ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ထံ မြန်မာသံရုံး ကောင်စစ် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။
လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးလူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး
အဲ့ဒီအဖွဲ့မှာတော့  မြန်မာသံရုံး ကောင်စစ်အရာရှိ - ဦးထွန်းအေး - မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်းရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး၊ ဦးမိုးဝေတို့အပြင် စကားပြန်တွေပါ လိုက်ပါသွားကြမယ်လို့ ဆိုပါတယ်။
အဲ့ဒီအဖွဲ့ဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ ကော့စမွီကိုသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကာယကံရှင်တွေ ကို တိုက်ရိုက် တွေ့ဆုံပြီး အဖြစ်မှန်ကို စုံစမ်း မေးမြန်းကြမှာဖြစ်ပါတယ်။
ဒီကိစ္စမှာ တရားမျှတမှု အပြည့်အဝ ရှိစေရေး အတွက် မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပြီး မြန်မာနိုင်ငံသားများ ကို အကာကွယ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတခုကို အလည်လာရင်း အသတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ အသက် ၂၃ နှစ်အရွယ် Hanna Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ရဲ့ အလောင်းတွေကို သတ်ဖြတ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံသားနှစ်ဦးက ၀န်ခံခဲ့တယ်လို့ ထိုင်းရဲက ပြောဆိုအပြီး မကြာခင်မှာပဲ မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
VOA

စစ်တပ်နဲ့ SSA မြောက်ပိုင်း တိုက်ပွဲ ပိုပြင်းထန်


၂၀၁၂က အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်ရပ်စဲရေး လက်မှတ်ထိုး

3 အောက်တိုဘာ 2014
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရယ်နဲ့ ကျေးသီးမြို့နယ်တွေမှာ အစိုးရ စစ်တပ်နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA) တို့ တိုက်ပွဲ ပိုပြင်းထန် လာနေပါတယ်။

အစိုးရ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာလုံးကျွတ် တိမ်းရှောင် နေရသလို ရှမ်းပြည်တပ်မတော် လည်း စခန်းတွေက ဆုတ်ခွာ နေရပါတယ်။

အောက်တိုဘာ ၃ ရက် မနက် အစောကတည်းက ရှမ်းပြည် တပ်မတော် အခြေစိုက်တဲ့ ဝမ့်ဟိုင်း အနောက်တောင်ဘက်မှာ အစိုးရ စစ်တပ်နဲ့ SSA တို့ ၃ ကြိမ်ထက် မနည်း တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့ ပါတယ်။

SSA ဘက်ကလည်း အထိခိုက် အနည်းအကျဉ်း ရှိတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂လ လောက် က အခု တိုက်ပွဲဖြစ်တဲ့ တာ့ဖာဆောင် ဒေသ ကနေSSA တပ်တွေကို ဆုတ်ခွာပေးပို့ အစိုးရ စစ်တပ်က အကြောင်းကြား ထားပေမယ့် SSA နဲ့ သဘော တူညီမှု မရလို့ တိုက်ပွဲ အနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။ အခု ရှမ်းပြည်နယ်မှာ တောင်ယာစို က်ချိန်ဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ နေရာ တွေက ဒေသခံ တွေ စီးပွားရေး တွေ ဆုံးရှုံး ထိခိုက် နေရတယ် လို့လည်း ကျေးသီး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိုင်း က ပြောပါတယ်။

ခုနောက်ဆုံး ရတဲ့ သတင်းတွေအရ အစိုးရတပ်က တာ့ဖါဆောင် စခန်းကို လက်နက်ကြီး တွေနဲ့ တရစပ်ပစ်နေလို့ တာ့ဖါဆောင်စခန်းကနေ SSA တပ်တွေ ဆုတ်ခွာနေရတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် ဟာ ၂၀၁၂ တုန်းက အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားပြီး ဖြစ်ပေမယ့် တနိုင်ငံလုံး အဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆွေးနွေးပွဲ မပြီးပြတ် သေးချိန်မှာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
BBC

ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၃နှစ်စီ လျှော့ပေး

 
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံးက ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အထိ တင်သွင်းသွား မှာ ဖြစ်တယ်လို့ သတင်းထောက် ၄ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

" ကျွန်တော်တို့ အယူခံတင်သွင်းတဲ့အခါမှာ တရားလိုဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့ ဗိုလ်ကြီး ထက်ဝေအောင်တို့ရဲ့ ထွက်ဆိုချက်တွေအရ လျှို့ဝှက်ချက်ပေါက်ကြားထားတာ မရှိဘူး၊ ဓာတုလက်နက် ထုတ်လုပ်တာမရှိဘူး၊ ဓာတုလက်နက်ထုတ်လုပ်ဖို့လည်း စက်ရုံတည်ဆောက်နေတာ မဟုတ်ဘူးလို့ပြောထားတော့ ဒီဥစ္စာက သတင်းမှားတဲ့အဆင့်သာဖြစ်တော့ လျှို့ဝှက်ချက်ပေါက်ကြားတဲ့ ပုဒ်မနဲ့ ဖြေလျော့ဖို့ မသင့်လျော်ဘူး၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လာမယ့် ၁၅ ရက်အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှော့ရက်တင်သွင်းပြီးတော့ ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာ "

ယူနတီဂျာနယ်က သတင်းထောက်တွေဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ပခုက္ကူခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။

ယူနတီသတင်းသမားတွေရဲ့ အယူခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ တင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အယူခံအပြီးသတ် လျှောက်လဲချက် တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

သတင်းထောက် ၄ ဦးကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေ ဦးကျော်လင်းက လိုက်ပါကူညီပေးနေတာဖြစ်ပါတယ်။

RFA Burmese

ဟောင်ကောင် ဆန္ဒပြသူတွေ အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူ

ဟောင်ကောင်မှာ နေ့စဉ် ဆက်တိုက် ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြပွဲကြီး ဦးစီး ဦးဆောင်ပြုကြတဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ အရေးအခင်းတွေ အဆုံးသတ်စေဖို့အတွက် တရုတ်ပြည်မကြီးကို လိုလားတဲ့ အစိုးရနဲ့ ဆွေးနွေး ဖို့ နောက်ဆုံး အချိန်မှာ ကပ်ပြီး သဘောတူလိုက်ပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှုးက ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်ပြီးတဲ့နောက် သောကြာနေ့ စောစောပိုင်းမှာ အခုလိုဆွေးနွေးဖို့ သဘောတူညီလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အခုလို ကမ်းလှမ်းလိုက်တယ်ဆိုပေမဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး Leung Chun-ying ဟာ ကျောင်းသားတွေ တောင်းဆို ထားတဲ့ အဓိက အချက်ဖြစ်တဲ့ သူနှုတ်ထွက် ပေးရေးကိုတော့ ငြင်းပယ်ထားပါတယ်။  ကျောင်းသားတွေက သူတို့ တောင်းဆိုထားတဲ့ အတိုင်း မစ္စတာ Leung  နှုတ်ထွက်မပေးဘူးဆိုရင် အစိုးရရုံးတွေကို တိုက်ခိုက် သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။
ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကကျော်လွန်သွားခဲ့ပြီး၊ အစိုးရရုံးတ၀ိုက်မှာလည်း အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်တာ မတွေ့ရပါဘူး။
အစိုးရရုံးတ၀ိုက်ကို ကျောင်းသားတွေက ၀ိုင်းထားသလို ရဲတပ်ဖွဲကလည်း လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Occupy Central အဖွဲ့ကတော့ ပြုလုပ်မဲ့ တွေ့ဆုံမှု ကနေ လက်ရှိနိုင်ငံရေး အခြေအနေအတွက် အပြောင်းလဲတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
VOA

Thursday, October 2, 2014

ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

 
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။

ပဲခူးတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ အစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှု တစ်ရပ် ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ် ရှားနေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒုဗိုလ်မှူးကြီးစောရေးဒို့က ကေအိုင်စီသို့ ပြောသည်။

“အစိုးရစစ်တပ်က တက်လာတာ ဘာမှအကြောင်းမကြားဘူး။ ကျနော်တို့ဘက်ကလည်း သွားလာရင်းနဲ့ ရုတ်တရက် ထိပ်တိုက် တိုးတော့ ပစ်ခတ်မှုဖြစ်တာပါ။ ကျနော်တို့ဖြစ်တာတော့ မိနစ်ပိုင်းလောက်ပါပဲ။ နှစ်ဖက်ထိခိုက်မှု ဘာမှမရှိပါဘူး”ဟု ဗိုလ်ကြီးစော ၀ါးဖြူးက ပြောဆိုသည်။

မုန်းမြို့နယ်အတွင်းရှိ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ် ခမရ(၅၉၈)သည် ဒုဗိုလ်မှူးကြီးဇော်ဝင်းနိုင် ဦးဆောင်သော တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ယခင်လ စက်တင်ဘာ ၂၇ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၀)၏ ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

ကေအိုင်စီ - KIC News

ယဉ်ကျေးမှုဝန်ကြီး ပြောဆိုမှုအပေါ် မွန်သမိုင်း သုတေသန အသင်း ကန့်ကွက်ရန် စီစဉ်နေ

 
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ က မွန်ဓမ္မစေတီ ခေါင်းလောင်း မရှိဟု ပြောဆိုခဲ့သည့် အပေါ် မွန်သမိုင်း သုတေသန အသင်းက ကန့်ကွက်ရန် စီစဉ်နေသည်ဟု ၄င်းအသင်းမှ အတွင်းရေးမှူး နိုင်ရဲဇော်က လွတ်လပ်သောမွန် သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

နိုင်ရဲဇော်က “ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလို လက်လွတ်စပယ် မပြောသင့်ဘူး၊ ခေါင်းလောင်း မရှိဘူးလို့ ဆိုလိုချင်သလား၊ ငဇင်းကာ မသယ်သွားဘူးလို့ ပြောချင်သလား၊ ဘာကိုပြောချင် သလဲဆိုတာ တိတိကျကျပြန်မေးမယ်၊ မရှိဘူးလို့ ပြောရင် အထောက်အထားအခိုင် အမာ ပြခိုင်းမယ်၊ ပြီးတော့ ရှုတ်ချစာ၊ ကန့်ကွက်စာအပြင် ကြေငြာချက်လည်းထုတ်ပြန်သွားမယ်” ဟုပြောသည်။

မွန်သမိုင်းသုတေသနအသင်းမှ ကွန့်ကွက်ရန်အတွက် စီစဉ်နေသည်ဟုပြောသော်လည်း အစီအစဉ်အသေးစိတ် လုပ်ဆောင်ချက်များ ကိုမူ မပြောပြခဲ့ပေ။

သို့သော်လည်း ဝန်ကြီးဌာနအနေဖြင့် သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေ သနပညာရှင်များ၊ ဆယ်ယူမှုနည်း ပညာဆိုင်ရာပညာရှင် များ၊ ကျွမ်းကျင်သူများ ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့ကာ၊ သုတေသနပြုလုပ်ပြီး ထိုကော်မတီ၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ပြောဆို သင့်သည်ဟု ဆိုသည်။

ဝန်ကြီး ဦးအေးမြင့်ကြူက “မွန်- ရာဇာဓိရာဇ်ထဲမှာတော့ မလေ့လာခဲ့ရပါဘူး၊ ဓမ္မစေတီခေါင်းလောင်း ရှိမရှိဆိုတာ မပြောတတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ ကြည့်ခဲ့တဲ့ မှတ်တမ်းအရတော့ ဘယ်မှာမှ မရှိဘူး” ဟုပြောသည်။

စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ကျင်းပသည့် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel ၌ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရေကြောင်းပညာရှင် ဦးချာလီ သန်းက ဒီရေကြောင်းပြောင်းလဲမှုအရ နှစ်တစ်ရာတွင် ၁၂ မိုင် ရွေ့လျားပြီး၊ နှစ် ၄၀ဝ အတွင်း ၄၈ မိုင်၊ မိုင် ၅၀ ခန့်ရွေ့ပြီး၊ ဆယ်ယူရန် မလွယ်ကူကြောင်းတင်ပြခဲ့သည်။

ထို့အပြင် ပညာရှင် ဘရစ်တို ကလည်း ယင်းခေါင်းလောင်းကြီးအား သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုလက်ရာ ပြသရန် မဟုတ်ပဲ၊ အရည် ကျိုပြီး လက်နက်ထုတ်လုပ်ရန် သယ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ရိုက်ချိုးဖျက်ဆီးပြီး အပိုင်းအစများအဖြစ်လည်း သယ်သွားနိုင် ကြောင်း တင်ပြခဲ့ပါသည်။

ခရစ်သက္ကရာဇ် ၁၆၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပေါ်တူကီလူမျိုး ငဇင်းကာခေါ် ဖီးလစ်ဒစ်ပလီတို သည် အမြောက်ပြု လုပ်ရန် ခေါင်းလောင်းတော်ကြီးအား သံလျှင်သို့ သယ်ယူစဉ် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး၌ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

ရေးသားသူ: သတင်း > အေမီအောင်
လွတ်လပ်သောမွန် သတင်းအေဂျင်စီ

ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်

                  
                    ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်
ဓါတ်ပုံ- တာ့ဖာဆောင်သို့ အားဖြည့်လာသည့် မြန်မာ့တပ်မတော် စစ်ကြောင်းနှင့် ဒေသတွင်းက စစ်ပြေးဒုက္ခသည်များ
 အောက်တိုဘာ ၂ ရက် ၂၀၁၄

တာ့ဖာဆောင် တပ်စခန်းအား တိုက် ခိုက်သိမ်းပိုက်ရန် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊၂၀၁၄) နံနက် ၀၅ နာရီ မိနစ် ၄၀ အချိန်က စတင်ပစ်ခတ် တိုက်ခိုက်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် ခံ နှင့် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဗျူဟာ ၅ ခုမှ သျှမ်းပြည်တောင် ပိုင်းကျေးသီးမြို့ဘက်သို့ အားဖြည့်ကာ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ SSPP/SSA တာ့ဖာ ဆောင် တပ်စခန်းအား ယနေ့နံနက်ပိုင်းမှစ၍ စတင်တိုက်ခိုက် သည် ဟု ရှေ့တန်း သျှမ်းတပ်မှူး တဦးကပြောသည်။

ကျေးသီးမြို့အရှေ့မြောက်ဘက် တာ့ဖာဆောင်၊ ကောင်းမတ်ဟင်တန်၊ ပန်စေ့၊ ကောင်းမမုံ့လောင်း၊ ကောင်းမိုက်ညောင် တပ်စခန်းများအား အစိုးရတပ်မတော် စကခ ၂ ခလရ ၂၄၇ ၊ ခလရ ၂၄၈ ၊ခလရ ၂၉၄ ၊ ခမရ ၅၁၆ ၊ ခလရ ၂၈၇ ၊ ခလရ ၉ ၊ ခလရ ၁၂ ၊ ရမခ ၅၂၃) စစ်ကြောင်း လူင်အင်အား ၁၀၀၀ ကျော် ၊ ၆၀ မမ ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းနှင့် ပွိုင့် ၅ လေယာဉ်ပစ် စက်သေ နတ်ကြီး ၂ လက်ဖြင့် စစ်ကြောင်း ၁၀ ခုခွဲကာ လှုပ်ရှား တိုက်ခိုက်နေသည် ဟု ဆိုသည်။

“မိုင်းရယ်၊ တန့်ယန်းဘက်ကဆင်းလာတဲ့တပ်ဖွဲ့တွေ၊ မိုင်းစံ၊ မိုင်းရှူး၊ မိုင်းနောင်ဝမ့်စိမ်း နဲ့ ကျေးသီး နမ့်ပုတ်တပ်တွေ လေ။ စစ်ဗျူဟာ၊ မိုင်းနောင်က စကခ (၂) လက်အောက်ခံတပ်တွေ၊ အခု သူတို့ သုံးထားတဲ့စစ်အင်အားက ၅၀၀ ကျော်ကျော်လောက်ရှိမယ်။ ကျနော်တို့ဘက်ရောက်နေတဲ့ အစိုးရတပ် အင်အား ထပ်ရောက်လာတဲ့တပ်တွေ၊ ရှိရင်းစွဲတပ်တွေ အားလုံး အင်အား ၂၀၀၀ ထက်မနည်းဘူး” - - ဟု အမည်မဖေါ်လိုသည့် တပ်မှူးကပြောသည်။

အောက်တိုဘာ ၂ ရက် ယနေ့ဖြစ်ပွားသော တိုက်ပွဲကြောင့် ပစ်မှတ်ကျော်ကျသည့် လက်နက်ကြီး ဒဏ်ခံ ရသော တာ့ဖာတပ်စခန်းအနီး နမ့်ဟဲင်ချောင်း အနောက်ဘက်ကမ်း ငူးလိန်ရွာမှ ရွာသူရွာသား တရွာ လုံးကျွတ် စစ်ဘေးရှောင်ရှားရသည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေေ ကြာင်း၊ မိုင်းရှူးမြို့မြောက် ဘက်မိုင်းအောတ်ကျေးရွာအုပ်စုဘက်တွင်လည်း စစ်ရေးပိုမိုတင်းမာလာနေကြောင်းဆိုပါသည်။

အစိုးရ၏ ရှေ့တန်းတက် တိုက်ခိုက်ရေးတပ်ရင်းများသည် မန့်ကတ်(တန့်ယန်း၊ သျှမ်း/မြောက်)နှင့် ကျိုင်းတောင်း ( မိုးနဲမြို့ နယ်၊ သျှမ်း/တောင်) တို့တွင်ပြု လုပ်သော တပ်စခန်းတက်သိမ်းသည့်သင်တန်း မှ သင်တန်းဆင်းတပ်ဖွဲ့ များဖြစ်ကြောင်း၊ ထို့ကြောင့် တာ့ဖာဆောင်တပ်စခန်းအား တိုက်ခိုက်ရခြင်း သည် အစိုးရတပ်၏ အဓိကလိုအပ်ချက်မဟုတ်နိုင်ဘဲ ဝ နယ်နှင့် ကပ်လျက် ရှိသည့် သံလွင်အနောက်ခြမ်း စစ်ရေးမဟာဗျူဟာကျ တောင်ကုန်းများ၊ တပ်စခန်းများအား သိမ်းပိုက်လိုခြင်းသာဖြစ်နိုင်ကြောင်း SSPP/SSA ဌာနချုပ် ရုံးအရာရှိကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

အိမ်ဖြူတော်လုံခြုံရေး လစ်ဟင်းမှုအတွက် တာဝန်ရှိအကြီးအကဲ ရာထူးကနှုတ်ထွက်

အမေရိကန်ပြည်ထောင်စုရဲ့ Secret Service လို့ခေါ်တဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ အကြီးအကဲ Julia Pierson ဟာ သမ္မတရဲ့ အန္တရာယ်ကို ထိခိုက်စေခဲ့တဲ့ အိမ်ဖြူတော် လုံခြုံရေး လစ်ဟာမှု အဓိကဖြစ်ရပ် နှစ်ခုကြောင့် ဗုဒ္ဓဟူးနေ့က ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
သမ္မတ Barack Obama ဟာ Julia Pierson နဲ့  ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်အတွင်း အဆင့်မြင့်လုံခြုံရေးအဖွဲ့ အမှုထမ်းအဖြစ် သက်တမ်း ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။
အမေရိကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့ရဲ့ ချို့ယွင်းအားနည်းချက်တွေကို တာဝန်ယူတဲ့အနေနဲ့ Julia Pierson က အခုလို နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ Josh Earnest က သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့လက အိမ်ဖြူတော်ခြံဝင်းတွင်း လုံခြုံရေးဂိတ်တွေကို ကျော်ဖြတ်ပြီး ၀င်ရောက်နိုင်ခဲ့တဲ့ အန္တရာယ်များတဲ့ ဖြစ်ရပ်နှစ်ခုပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒီသီတင်းပတ်မှာ Pierson ဟာ လွှတ်တော်မှာ လုံခြုံရေးဆိုင်ရာ ခက်ခဲတဲ့မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရတာပါ။
စက်တာဘာလ (၁၉)ရက်နေ့က ဓားမြှောင်ကိုင်ထားတဲ့ အီရတ်စစ်ပြန်အမှုထမ်းဟောင်း Omar Gonzalez ဟာ အိမ်ဖြူတော်ခြံဝင်းကို ခုန်ကျော် လုံခြုံရေးတွေကို ရှောင်တိမ်းပြေးပြီးနောက် သမ္မတအိမ်တော်ဆောင်ထဲကို ၀င်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က သမ္မတနဲ့ သူ့မိသားစုဟာ အိမ်ဝင်းအတွင်းမှာ ရှိမနေပါဘူး။ Omar Gonzalezကို သမ္မတအိမ်တွင်း အခန်းတခန်းမှာ လုံခြုံရေးတွေက ဖမ်းဆီးနိုင်ခဲ့တာပါ။
အလားတူ ဒီဖြစ်ရပ်မတိုင်ခင် ၃ ရက်အလိုကလည်း ရာဇ၀တ်ကျူးလွန်မှု နောက်ကြောင်းရှိထားသူ လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးအစောင့်ဟာ သမ္မတ အိုဘားမားနဲ့အတူ ဓာတ်လှေကားထဲမှာ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။
VOA

Wednesday, October 1, 2014

အပစ်ရပ်လက်မှတ်မထိုးရင် ရွေးကောက်ပွဲမသေချာဟု သမ္မတပြောစကားအပေါ် အမြင်များ


ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်မထိုးနိုင်ရင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ မရေရာ မသေချာဘူးလို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အောက်တိုဘာရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
“တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလိုတယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစိုးရဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု မရှိလို့ အပစ်ရပ်လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာလို့ ပြောပါတယ်။
                                           ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
“အစိုးရတင်ပြချက်ကို ကျနော်တို့ ငြင်းဆန်ပြီးတော့မှ တစ်ဆို့နေတာ တခုမှ မရှိပါဘူး။ ကျနော်တို့ တင်ပြချက်ကို အစိုးရက ငြင်းဆန်တဲ့အပေါ်မှာပဲ တစ်ဆို့မှု ဖြစ်နေတာပါ။ အဲဒါကို ဖြေရှင်းဖို့ အစိုးရဘက်က ဆန္ဒသဘောထားအပေါ်မှာ အများကြီး မူတည်ပါတယ်၊ ဒါက နံပါတ် ၁ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ကျနော်တို့ ဧပြီလမှာ သဘောတူထားပြီးသားဖြစ်တဲ့ လုံခြုံရေးဆိုင် ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စကို နိုင် ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာအဖြစ်နဲ့ ကျနော်တို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒါကို အခုစက်တင်ဘာမှာ နိုင်ငံရေးဆွေးနွေးမှု လမ်းပြမြေပုံတခုအဖြစ်နဲ့ ပြန်ပြီး တင်ပြတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက်ရော၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့အတွက်ရော အများကြီး အဟန့်အတား ဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ရုဒ်မက်တခုအနေနဲ့ ဆွေးနွေးမယ်၊ ကျနော်တို့အတွက် နိုင်ငံရေးအာမချက်ချက် တစုံတခုမှမရှိခင် ဒါကို ဆွေးနွေးပြီးမှ အဖြေရှာမယ်ဆိုတာက ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနည်းမဟုတ်ဘဲနဲ့ အဖြေမရခင်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်နက်ဖျက်သိမ်းစေတဲ့အနေအထားမျိုး ရောက်စေနိုင်တယ်လို့ ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီအတွက် အဲဒီအတွက် ဒီအချက်ကို သမ္မတကြီးတို့၊ ကာချုပ်ကြီးတို့ကနေပြီး အလေးအနက်စဉ်းစားပြီး ပြင်ပေးဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”
“နောက် အရေးကြီးတဲ့အချက်က ကျနော်တို့ လော်ခီးလာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအဖြစ်နဲ့ စတင်သွင်းကတည်းက ကြားကာလအစီအစဉ်ဆိုတာ ပါပါတယ်။ အဲဒါက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကာလမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ နဂိုရပ်တည်ချက်ကို အသိအမှတ်ပြုဖို့ရယ်၊ ကြားကာလမှာ လုပ်ပိုင်ခွင့်ပေးဖို့ရယ်ပဲ ဖြစ်တယ်။ ယနေ့အထိ အစိုးရက ကောင်းမွန်တဲ့ တုံ့ပြန်ချက် မရှိသေးဘူး။ နောက်ပြန်တင်ပြမယ်၊ နောက်ပြန်တင်ပြမယ်၊ ပြန်ယူသွားမယ်ဆိုပြီး ယနေ့အထိ အသေးစိတ်ဆွေးနွေးမှု မလုပ်ဘဲနဲ့ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာ တွေ့ရပါတယ်။ ဒါမဖြစ်သင့်ဘူး၊ မြန်မြန်ဆန်ဆန် သဘောတူစာချုပ် ချုပ်ချင်ရင် ပြဿ နာကို ကျနော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရွှေ့ဖို့မသင့်ဘူးလို့ ပြောပါတယ်။
                                                        ဒေါက်တာ တူးဂျာ
“၂၀၁၅ ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ၅ နှစ်ဆို ၅ နှစ်ပေါ့။ အချိန်ရောက်လာပြီဆိုရင် ဒီရွေးကောက်ပွဲ ကျင်းကိုကျင်းပစေချင်တယ်။ မဟုတ်လို့ရှိရင် လူတွေရဲ့ အမြင်တွေ၊ အထင်တွေ အများကြီး အထင်လွဲမှားသွားနိုင်တယ်။ အစိုးရက အသက်ရှည်စေချင်လို့ဟာမျိုး၊ ဟိုအကြောင်းကြောင့်၊ ဒီအကြောင်းကြောင့် အများကြီး ပြဿ     နာတွေ ရှုပ်လာနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် လုပ်ကြပါ။ လုပ်ကြစေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကိုလည်း အခုလက်ရှိ သမ္မတလက်ထက်မှာ စတင်နိုင်ရင်တော့ ကောင်းတာပေါ့။ သူ့လက်ထက်ကျမှ၊ ဟိုလူ့လက်ထက်ကျမှ ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ လက်ရှိအချိန်အခါမှာ ကျနော်တို့ လုပ်နိုင်ဖို့ အကောင်းဆုံးပဲ။ မလုပ်နိုင်သည့်တိုင်အောင် ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်း စေတနာနဲ့ ပြောတာပါ။”
ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း သမ္မတ အခုလို သဘောမျိုးထုတ်ပြောတာဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ သုံးသပ် ပြောပါတယ်။

ဒေါက်တာ ညိုညိုသင်း
“ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နောက်အကျဆုံး ၂၀၁၅ ဒီဇင်ဘာမှာ မဖြစ်မနေ လုပ်ရမယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်သလိုဖြစ်နေတယ်။ တကယ်လို့များ အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့၊ မပြင်ဖို့မှာ အရမ်းကြီး အကျိုးသက်ရောက်မှု ရှိနေနိုင်တယ်၊ အများကြီး ဆက်စပ်နိုင်တယ်လို့ သမ္မတက ပြောသလို ဖြစ်နေတယ်။ ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတုန်းက လူထုဆန္ဒခံယူခဲ့တုန်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့၊ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာ တလုံးတပါဒမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာမရှိဘူးလေ။”

By ရွှေအောင် (ဒီဗွီဘီ)

အမေရိကန် အာဖဂန် လုံခြုံရေးသဘောတူညီချက် လက်မှတ်ထိုး

အာဖဂန်နစ္စတန် အစိုးရသစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကာလရှည် နှောင့်နှေးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးလိုက်ပါပြီ။
ဒီသဘောတူညီချက်အရ ဒီဇင်ဘာလ ၃၁ ရက်နေ့ အာဖဂန်နိုင်ငံတွင်းက နိုင်ငံတကာတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ အဆုံးသတ်ချိန်မှာ နိုင်ငံခြားစစ်သား ၁ သောင်း ၂ ထောင်လောက် နိုင်ငံတွင်းမှာ ဆက်လက် ချန်ထားခွင့်ပြုမှာ ဖြစ်ပါတယ်။
အမျိုးသား လုံခြုံရေး အကြံပေး Hanif Atmar နဲ့ အမေရိကန် သံအမတ်ကြီး James Cunningham တို့ ဒီသဘောတူညီချက်ကို ကဘူးလ်မြို့တော်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ အာဖဂန်သမ္မတအဖြစ် Ashraf Ghani အာဏာလွှဲပြောင်းယူခဲ့ပြီး နောက်တရက်မှာပဲ အခုလို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 
ဒီသဘောတူညီချက်က တာလီဘန်တို့ကို ပစ်မှတ်ထားဖို့နဲ့ အာဖဂန်တပ်တွေကို ဆက်ပြီး လေ့ကျင့်သင်တန်းပေးဖို့အတွက် နိုင်ငံခြားတပ်တွေကို နိုင်ငံတွင်းမှာ ဆယ်စုနှစ် တခုကြာ ဆက်ပြီး ခွင့်ပြုထားတာပါ။ အာဖဂန် ပြည်သူတွေက သူတို့ အသစ် ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်မှုကနေ တဆင့် ဒီသဘောတူညီချက်ကို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် သံအမတ်ကြီး Cunningham က ပြောပါတယ်။
အာဖဂန်နစ္စတန်ရဲ့ ရွေးချယ်မှုကတော့ အာဖဂန်ပြည်သူတွေ ပိုပြီး လုံခြုံ ပြည့်စုံတဲ့ အနာဂတ်အတွက် လုပ်နေတာမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့ ပေါင်းစပ်ဖို့ဖြစ်ပြီး အမေရိကန်တို့ရဲ့ ရွေးချယ်မှုကတော့  မိတ်ဘက် အာဖဂန်နဲ့ အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ ၂ ရပ် ဖြစ်တဲ့ အာဖဂန်တပ်တွေကို လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ပေးရေးနဲ့ အကြမ်းဖက်မှုတွေကို ပူးပေါင်း တိုက်ဖျက်ရေးတို့မှာ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်လို့ အမေရိကန် သံအမတ်ကြီး Cunningham က ပြောဆိုခဲ့တာပါ။
အရင် အာဖဂန်သမ္မတဟောင်း Hamid Karzai ကတော့ အာဖဂန်နစ္စတန်မှာ ၂၀၀၁ ခုနှစ် တာလီဘန်တို့ကို အာဏာလက်လွှတ်ခဲ့ပြီး ချိန်ကတည်းက နိုင်ငံတကာတပ်တွေ နိုင်ငံတွင်း ၀င်ရောက်နေတဲ့ ကာလအတွင်း အရပ်သားတွေ သေဆုံးမှုကို ဝေဖန်ပြီး အခု သဘောတူညီချက်ကို ကာလရှည် ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကတော့ အာဖဂန်ညွှန့်ပေါင်း အစိုးရသစ်အပေါ်မှာ အမေရိကန်တို့က ဆက်လက် ပံ့ပိုးပေးသွားမယ်ဆိုတဲ့ ကတိကို ဒီအင်္ဂါနေ့ သဘောတူညီချက်က ထင်ဟပ်စေတယ်လို့ ပြောပါတယ်။
VOA

တိမ်းရှောင်သူ ချင်းတောင်သူများ ဘ၀ လုံခြုံစွာ နေထိုင်နိုင်ရေး CFN တောင်းဆို

တိမ်းရှောင်သူ ချင်းတောင်သူများ ဘ၀ လုံခြုံစွာ နေထိုင်နိုင်ရေး CFN တောင်းဆို 

စစ်တပ်က ရိုးရာ ကောက်သစ် စားပွဲတွင် မတရား နှိပ်စက်မှုကြောင့် ပြည်ပသို့  ထွက်ပြေး တိမ်းရှောင် နေသည့် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ရွာမှ ဒေသခံ တောင်သူများ အား မိမိတို့ နေရာတွင် လုံခြုံစွာ ပြန်လည် နေထိုင် နိုင်ရေး အတွက် ချင်းတောင် သူကွန်ယက်( Chin Farmers Network- CFN) က စက်တင်ဘာ ၂၉ ရက်နေ့တွင် တောင်းဆို ခဲ့ကြသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့  တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ထရွန်အိုင် တပ်စခန်း တွင် တာဝန်ကျသည့် ခမရ (၃၄၄) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးဆောင်သည့် အဖွဲ့ က ချင်းအမျိုးသား တပ်မတော်အား လက်ခံ ထောက်ပံ့သည် ဟူသည့် စွပ်စွဲချက်ဖြင့် ကုန်ပြင်ကျေးရွာ သား တောင်သူများကို ဖမ်းဆီးနှိပ်စက်ကာ တောင်ယာတဲနှစ်လုံး မီးရှို့  ဖျက်ဆီးခဲ့ကြောင်း ချင်းတောင် သူကွန်ယက်က ထုတ်ပြန်ထားသည်။

ထို့ အပြင် တောင်ယာစပါး ရိတ်သိမ်းခွင့် ပိတ်ပင်ခြင်း၊ နည်းမျိုးစုံဖြင့် နှောင့်ယှက်ခြိမ်းခြောက်ခြင်း များ ပြုလုပ်ခဲ့ သည့်အတွက် ချင်းတောင် သူ (၆)ဦးသည် အိန္ဒိယနိုင်ငံ ဘက်သို့ တိမ်းရှောင် လာခဲ့ကြောင်း၊ တိမ်းရှောင်နေ သည့် တောင်သူများ အရေးကို တာဝန်ရှိသူများမှ တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိခြင်းသည် ချင်းပြည်နယ်ရှိ တောင်သူများ၏ ဘ၀မလုံခြုံမှုကို ပြ သခြင်းဖြစ်ကြောင်း ဆက်လက်ဖေါ်ပြ ထားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့ တွင် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးဆောင်သည့်အဖွဲ့  သည် ကုန်ပြင် ကျေးရွာသို့  ရောက်ရှိလာပြီး တောင်သူများကို စစ်တပ်မှ ဖမ်းချုပ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖိနှိပ်ခြင်း တစုံတရာ မပြုလုပ်ကြောင်း အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းသည့် လုပ်ရပ်အပေါ် ချင်းတောင်သူများ ကွန်ယက် က ရှုတ်ချခဲ့သည်။

အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ အကြား တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး  ဖေါ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲရေးနေစဉ်တွင် ယခုကဲ့သို့သော အဖြစ်အပျက်ကြောင့် ချင်း တောင်သူများ၏ ဘ၀မှာ စစ်အစိုးရ အုပ်ချုပ်ရေး ကာလနှင့် မခြား လုံခြုံမှု ကင်းမဲ့နေသေးကြောင်း ဝေဖန်မှု များရှိနေ သည်။

အစိုးရစစ်တပ်၏ လုပ်ရပ်နှင့်ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး ( CNF/A) အထွေထွေ အတွင်းရေးမှူး (၁) ပူး ပေါလ်စမစ်ကမူ ယင်းကိစ္စသည် ဒေသခံပြည်သူနဲ့ တိုက်ရိုက်မသက် ဆိုင်ကြောင်း အပြစ်မဲ့ပြည်သူကို နှိပ်စက် သည့်အပေါ် အစိုးရမှာ တာဝန်ရှိကြောင်း အစိုးရနဲ့ ချင်း အမျိုးသားတပ်ဦးအကြား ပဏာမ ငြိမ်းချမ်းရေး ကာလတွင်  ဒီလိုကိစ္စတွေအတွက်  တိုက်ရိုက်ပြော ဆိုဆွေးနွေး သင့်ကြောင်း ပြောခဲ့သည်။

ချင်းတောင်သူများကွန်ယက်ကို ချင်းပြည်နယ် နယ်စပ်ဒေသ တောင်သူများက ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြပြီး ရည်မှန်းချက်အဖြစ် ပိုမိုကောင်းမွန်သော ချင်းတောင်သူဘ၀ တည်ဆောက်ရန်၊ ဦးတည် ချက်အဖြစ် တောင်သူလယ်သမားတို့၏ လူမှုဘ၀ကို ထိခိုက်နစ် နာစေသော လုပ်ဆောင်ချက်များမှ ကာကွယ်ရန် နှင့် တောင်သူလယ်သမားတို့၏ လူနေမှုအဆင့်မြင့် မားလာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင် ရွက် ရန် ဟု ထားရှိသည်။

Khonumthung News Group.

အိမ်ဖြူတော်လုံခြုံရေးအားနည်းမှု လက်ခံနိုင်စရာမရှိ တာဝန်ရှိအကြီးအကဲဝန်ခံ

အမေရိကန်စစ်မှုထမ်းတယောက်ဟာ သူ့ကိုဖမ်းဆီးနိုင်ခြင်း မပြုလုပ်နိုင်ခင် သမ္မတအိမ်ဖြူတော်အတွင်းကို တဟုန်ထိုးပြေးပြီးတော့ ၀င်ရောက်သွားတဲ့ကိစ္စဟာ လက်ခံနိုင်စရာ ဖြစ်ရပ်မဟုတ်တဲ့အကြောင်းနဲ့ နောင်မှာ ဒီလို အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရပါဘူးလို့ Secret Service လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
ကွန်ဂရက်လွှတ်တော်ကြားနာမှုမှာ Julia Pierson က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ပြစ်တင်မှုကို သူမအနေနဲ့ လက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနေ့က Omar Gonzalez ဆိုသူဟာ ခြံစည်းရိုးကိုကျော်လွှားပြီးတော့ ၀ါရှင်တန်ဒီစီရဲ့ လုံခြုံရေးအတင်းကျပ်ဆုံး အဆောက်အအုံအတွင်းကို ၀င်ရောက်သွားခဲ့တာဖြစ်ပါတယ်။
အိမ်ဖြူတော်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဒါရဲလ် အစ်စာ က မကြာသေးခင်နှစ်တွေအတွင်း အလားတူ လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် Secret Service ရဲ့ အကြီးတန်းတာဝန်ယူထားသူကို မေးခွန်းစရာ ဖြစ်နေပြီးတော့ အဖွဲ့အစည်းအပေါ် လူထုရဲ့ယုံကြည်မှုတွေကိုလည်း ကျဆင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။
VOA

ဘင်္ဂလာဒေခ်ျ့ထောင်သား ၃၂ ဦးကို မြန်မာဘက်မှ လွဲပြောင်းပေး


မြန်မာနိုင်ငံတွင် ဖမ်းဆီးထိမ်းသိမ်း ခံနေရသည့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ထောင်သား ၃၂ ဦးကို မြန်မာအာဏာပိုင် များက ဘင်္ဂလာဒေ့ခ်ျ နိုင်ငံဘက်သို့ လွဲပြောင်း ပေးအပ်လိုက်သည်။

အဆိုပါ လွဲပေးမှုကို ယနေ့ နံနက်ပိုင်းက မြန်မာဘက် အမှတ်(၁) နယ်မြေတွင်ပြုလုပ်သည့် နှစ်ဘက် နယ်ခြားစောင့်တပ် အစည်းအဝေးအပြီးတွင် လွဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အရာရှိများက ပြောသည်။

ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ တက်ကနက်အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ်မှ အရာရှိ တစ်ဦး နဇူလ်ရူလ်ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးနှင့် မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိတစ်ဦးဖြစ်သူ ဦးထွန်းထွန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


မတ်လ ၁၉ ရက်နေ့က မောင်တောမြို့တွင်ပြုပ်လုပ်သည့် နှစ်ဘက်နယ်ခြားစောင့်တပ် တပ်ရင်းအဆင့် ဆွေးနွေးပွဲတွင်လည်း မြန်မာဘက်တွင်ဖမ်းဆီးခံနေရသည့် ဘင်္ဂလဒေ့ခ်ျနိုင်ငံသား ၂၆ ဦးမြန်မာအာ ဏာပိုင် များက လွဲပြောင်းပေးခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း နှစ်ဘက်နယ်ခြားစောင့်တပ် တပ်ရင်းအရာရှိအဆင့် အလံတင် အစည်းအဝေးတခုပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာဘက်မှ စိတ်ကြွဆေးပြား၊ အရက်နှင့် ဘီယာ များ ဘင်္ဂလာဘက်သို့ ၀င်ရောက်နေမှုကို မြန်မာဘက်မှ ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထားသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၂၀၀ ကျော်ရှိ ကြောင်း သိရသည်။

(နိရဉ္စရာ- ၁ စက်တင်ဘာ ၂၀၁၄) / မောင်အေး

KIO နှင့်အစိုးရ ရှမ်းပြည်နယ် တွင် တိုက်ပွဲပြန်ဖြစ်

 
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်မ ၈၈ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘော် ကျေးရွာ အနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ မှ KIO အရာရှိ တစ်ဦးက ပြောသည်။

ည ၉ နာရီမှ ၁၀ နာရီထိ ကေအိုင်အို ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈ နယ်မြေ မုန်ဘော် ပြည်သူ့စစ် စခန်းချနေသော နေရာအနီးတွင် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

“၃၆၊ ၃၈ မုန်ဘော်နယ်မှာ အစိုးရစစ်တပ်က ကျနော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲ ပြန်ဖြစ်တာပါ” ဟု ၄င်းက ပြောသည်။ KIO ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ၄င်းက ပြောသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် မုန်ဘော်ကျေးရွာအနီးတဝိုက် အစိုးရ စစ်တပ်များ အင်အားဖြည့်တင်းလာကာ KIO စစ်တပ်ဖွဲ့များနှင့် နီးနီးကပ်ကပ် ရှိနေသဖြင့် အချိန်မရွေး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း အဆိုပါ KIO အရာရှိက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာ အနီးတွင် နှစ်ဖက် တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် အခြေနေတင်းမာနေသည်ဟု ၄င်းက ဆက်ပြောသည်။

“အစိုးရတပ်မတွေ အင်အားထပ်ဖြည့် လာနေပြီ။ ကျနော်တို့နဲ့ သိပ်နီးကပ်လာပြီ။ နှစ်ဖက် စောင့်ကြည့်နေကြတာ။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ အစိုးရ စစ်တပ်အင်အား ၁၀၀၀ ဝန်းကျင်တွင် ရှိနေသည်ဟု ဆိုသည်။

KIO နှင့် အစိုးရတို့ နှစ်ဖက် ဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ဖွဲ့စည်းပြီးနောက် နှစ်ဖက် တိုက်ပွဲ လျော့ကျရေး ဆွေးနွေးမှုတွင် တိုက်ပွဲဖြစ်ပွားမှု ၉၅ ရာခိုင်နှိုင်းထိ လျော့နည်းခဲ့သည်ဟု စက်တင်ဘာလ ၅ ရက်က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင် ဂွမ်ဂျာ က ပြောဆိုခဲ့သည်။

၎င်းအဖွဲ့ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု လျှော့နည်းခဲ့သလို၊ စက်တင်ဘာဆန်းပိုင်းမှ တစ်မြန်နေ့ထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ စက်တင်ဘာလ ၂၉ ရက်နေ့ ညမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးမှု သဘောတူညီချက်အရ ယခုနှစ် မေလ ၈ ရက်နေ့တွင် အဆိုပါ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ကို ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးနှင့် KIO ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

Kachin News Group

အမေရိကန်တွင် နေထိုင်နိုင်ရေး ကံစမ်းမဲအကြောင်း ဟောပြောမည်


1 October 2014 08:04(+0630)
၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်နိုင်ဖို DV ကံစမ်းမဲ အတွက် online လျှောက်လွှာ တင်တာကို ၂၀၁၄ ခု အောက်တိုဘာလ ၁ ရက်က စပြီး ဆောင်ရွက် နိုင်ပြီ ဖြစ်ပါတယ်။

DV ကံစမ်းမဲအကြောင်းကို ပြည်သူလူထု ပိုမိုနားလည်စေဖို့ ရည်ရွယ်ပြီး အမေရိကန်သံရုံး ကောင်စစ်ဌာန က ဟောပြောပွဲတွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရန်ကုန်မှာ ၃ ကြိမ်၊ မန္တလေးမှာ ၂ ကြိမ်ကျင်းပ သွားမှာ ဖြစ်ပြီး မည်သူမဆို လာရောက်နားထောင်နိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပထမအကြိမ် ဟောပြောပွဲကို အောက်တိုဘာလ ၂ ရက် ညနေ ၅:၃၀ ကနေ ၇ နာရီအထိ American Center မှာ ကျင်းပမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

စိုးမိုး အေးချမ်း ကော်မီတီ အစီရင်ခံစာတင်


1 October 2014 
အင်္ဂါ နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ ရဲ့ အစီရင်ခံစာ နဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌဌ အဖြစ် ဆောင်ရွက်နေတဲ့ ဒီကော်မီတီရဲ့ အစီရင်ခံစာ ထဲမှာ တရားရုံး တွေကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း တွေ ထားရှိဖို့ တိုက်တွန်း ထားပါတယ်။

ဒီတိုက်တွန်းချက် ကို အခြေခံ ဥပဒေမှာ သတ်မှတ် ဖော်ပြ ထားခြင်း မရှိလို့ ဆိုပြီး ပြည်ထောင်စု တရားလွှတ်တော်က ကန့်ကွက် ပေမယ့် လွှတ်တော် က လက်ခံခဲ့ တယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အတွင်းရေးမှူး NLD ပုသိမ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပြပါတယ်။

ကော်မတီ ဖွဲ့စည်းပြီး နောက် တရားရေးနဲ့ ပတ်သက်တဲ့ တိုင်စာပေါင်း ၃၅ဝဝ၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာ ၂၅ဝဝ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာ ၁ဝဝဝ၊ တပ်နဲ့ ပတ်သက်တဲ့ တိုင်စာ ၁ဝဝ ကို ကော်မတီက လက်ခံ ရရှိ စစ်ဆေးခဲ့ပါတယ်။

မန္တလေးနဲ့ လားရှိုးမှာ ကော်မတီ ရဲ့ တရား ဥပဒေ စိုးမိုးရေး စင်တာ တွေ စက်တင်ဘာ လက အစမ်း ဖွင့်လှစ်ဖို့ စီစဉ် ခဲ့ပေမယ့် နိုဝင်ဘာ လမှ ဖွင့်လှစ် နိုင်မယ်လို့ သိရပါတယ်။

ဒီစင်တာ တွေမှာ ပြည်ထဲရေးနဲ့ တရားရေး ဌာနက ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ကိစ္စဟာ နိုင်ငံ ဝန်ထမ်းတွေ ဖြစ်နေလို့ လွှတ်တော် ဘက်ကပဲ ဆောင်ရွက်ဖို့ စီစဉ် နေပါတယ်။

ဒီမိုကရေစီ ခေတ် သွားနေတယ် ဆိုပေမယ့် လက်တွေ့မှာ ဗျူရို က ရေစီ စရိုက် တွေက ကျန်နေဆဲ လို့လဲ အစီရင် ခံစာက ဖော်ပြ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗကသကျောင်းသူ မဖြူနှင်းထွေး၏ အာမခံ ထပ်မံပယ်ချခံရ -

 
တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက်ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခုတတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက်ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တတိယမြောက်ရုံးချိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ခရိုင်တရားရုံးတွင် စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က တရားလိုပြ သက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့ပြီး မဖြူနှင်းထွေးဘက်မှ အာမခံလျှောက်ထားခဲ့ရာ အာမခံအား ပယ်ချခဲ့သည်။ အမှုအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ယင်းမာပင်ခရိုင် တရားသူကြီးက အောက်တိုဘာ ၁၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အာမခံပယ်ချခံရမှုနှင့် ပတ်သက်၍ မဖြူနှင်းထွေး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး အာမခံပေးခြင်း မပေးခြင်းက တရားရုံးနဲ့ပဲ ဆိုင်တယ်။ ပေးမယ်ဆိုလည်း ပေးလို့ရပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ဒေသခံတွေနဲ့လည်း ရန်ဖြစ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ တရားစွဲဖို့ကိစ္စကို အမိန့်ပေးတာ တစ်ဦးတစ်ယောက် ဖြစ်နိုင်တယ်။ ဗ.က.သ အနေနဲ့က အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့အချိန်နဲ့ ကိုက်နေလို့ လမ်းကြောင်းလွှဲတာလည်း ဖြစ်နိုင်တယ်။ ကန့်ဘလူဘက်မှာဆိုရင်လည်း မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ တရားစွဲဆိုပြီး ထောင်ချမှုတွေ ပြုလုပ်နေတယ်။ ပြည်သူတွေကို လမ်းပေါ်ထွက်လာအောင် သေချာတမင်ရည်ရွယ်ပြီး လုပ်နေသလားမသိဘူး။ အခု တရားစီရင်မှုနဲ့ ပတ်သက်ပြီး တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ မဆိုင်ဘူးလို့ပြောရင် တစ်သီးပုဂ္ဂလဆန်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာ တရားစီရင်ရေးစနစ် ကောင်းမွန်လာပြီး မှန်ကန်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာမှာပါ။ ဒီအမှုဟာ တရုတ်ကိုမထိနဲ့ ထိရင်ဒီလိုလုပ်မယ်ဆိုတဲ့ မက်ဆေ့တစ်ခု ပြည်သူကို ပေးချင်တာက တစ်ချက်၊ ဗ.က.သ အဖွဲ့ကို နားရွက်တံတွေးဆွတ်ချင်တာက တစ်ချက်ဖြစ်လိမ့်မယ်” ဟု တရားခွင်မှ ပြန်လည်ထွက်ခွာလာချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် တောင်းဆိုပေးခဲ့တယ်။ အခု ကျွန်မကိုစွဲဆိုထားတဲ့ အမှုမှာတော့ လုံးဝမတရားဘူးဆိုတာ အရမ်းပေါ်လွင်နေတယ်။ ကျောင်းသားတစ်ဦးရဲ့ အခွင့်အရေးကိုလည်း တိုက်ရိုက်ချိုးဖောက်တယ်လို့ ယူဆပါတယ်။ အဲဒီအတွက်တော့ ရင်ဆိုင်သွားမှာပါ။ လက်ပံတောင်းဒေသခံတွေ အားလုံးလည်း သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ပါလို့ ပြောချင်ပါတယ်” ဟု မဖြူနှင်းထွေးက ပြောဆိုခဲ့သည်။

လက်ရှိတွင် မဖြူနှင်းထွေး၏ ကျန်းမာရေးအခြေအနေမှာ အခြားစိုးရိမ်ရသည့် အနေအထားမရှိဘဲ အားနည်း၍ အားဆေးနှစ်ကြိမ်သွင်းထားရပြီး သီးသန့်ခန်းဖြင့်နေထိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။ -                                                       “မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုလွှင့်တင်တဲ့အလံကို ဘယ်တော့မှ ပြန်ချမှာမဟုတ်ပါဘူး။ ဆက်လက်ပြီး တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ မဖြူနှင်းထွေးကို တစ်ကျွန်းချသည်ဖြစ်စေ ပြစ်ဒဏ်ပေးသည်ဖြစ်စေ ကျွန်တော်တို့က မဖြူနှင်းထွေးမှန်တယ်။ တရားစီရင်ရေးမှားတယ်။ မှန်တဲ့ဘက်မှာပဲ ရပ်တည်ပြီးတော့ ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ရပါစေ မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ဖို့အတွက် အဆုံးစွန် တိုက်ပွဲဝင်သွားမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗ.က.သ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။

မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသေး ၁/၂၀၁၄၊ ပုဒ်မ ၃၆၄/၃၆၈ အရ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခဲ့ရာ ပထမရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် တရားလိုလာရောက်ခြင်းမရှိခဲ့ဘဲ ဒုတိယရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်တွင် ချိန်းဆိုကာ တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် ဒုတိယအကြိမ် ရုံးချိန်းကဲ့သို့ ယင်းမာပင်ခရိုင် တရားရုံးအတွင်း၌ စစ်ကိုင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ ဟင်္သာတ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ သံလျင်စသည့် ဒေသအသီးသီးမှ ဗ.က.သ ကျောင်းသား၊ ကျောင်းသူအင်အား ၇၀ ကျော် အပါအ၀င် လက်ပံတောင်းဒေသခံ တောင်သူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တို့က လာရောက်အားပေးခဲ့ကြသည်။ -

ဒေါင်းမာန်ဟုန်မှ

ဦးဝီရသူနဲ့ သီရိလင်္ကာ BBS သဘောတူစာချုပ် ချုပ်ဆို


မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားသူများအဖြစ် ထင်ရှားကြတဲ့ ဦးဝီရသူနဲ့ သီရိလင်္ကာနိုင်ငံက အလွန်အကျွံ အမျိုးသားရေးဝါဒီအဖွဲ့အစည်း အင်္ဂါနေ့မှာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။
သူတို့အဆို ကမ္ဘာတလွှား ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ ဗုဒ္ဓဘာသာကို ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ထိုးကြခြင်းပါ။


  • သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ပြုလုပ်တဲ့ Bodu Bala Sena ခေါ် ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်လာသူ  ဦးဝီရသူ  (ဓာတ်ပုံ -  Reuters)

ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုရဲ့ ဦးဆောင်သူပါ။ Bodu Bala Sena (BBS) လို့ ခေါ်တဲ့  ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို အထူးဧည့်သည်အဖြစ် တက်ရောက်လာသူပါ။

သဘောတူညီချက်မှာ  ဗုဒ္ဓဘာသာ တည်တံ့ထွန်းကားရေးအတွက် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
မကြာခင်မှာ ဒီသဘောတူညီချက်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

 ဗုဒ္ဓဘာသာအတွက် BBS အဖွဲ့နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြဿနာတွေ ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ ကြိုတွက်ပြီးသားပါ။
ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ပြဿနာတွေက အတွင်းကလာမှာ မဟုတ်ပါဘူး။ ပြင်ပက လာမှာပါ လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဟာ မည်သည့် ဘာသာရေးအုပ်စုကိုမှ ထိခိုက်ဖို့ မရည်ရွယ်ပါဘူးလို့ သူက ဆက်လက် မိန့်ကြားပါတယ်။

သီရိလင်္ကာမှာ လူများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူဦးရေ ၁ဝ ရာခိုင်နှုန်းက မူဆလင်တွေပါ။ နှစ်ဘက်ကြား တင်းမာမှုတွေ ရှိကြပါတယ်။

ဧရာဝတီ blog -မှ

ဟောင်ကောင်ဆန္ဒပြမှု ဗုဒ္ဓဟူးနေ့ အရှိန်မြှင့်နိုင်


1 October 2014 08:13(+0630) (28 မိနစ် ခန့်က)
အာဏာဖီဆန်နေမှုကို အဆုံးသတ်ဖို့ ဟောင်ကောင်အစိုးရက ထုတ်ထားတဲ့ အမိန့်ကို ဒီမိုကရေစီ လိုလား တဲ့ ဆန္ဒပြသူတွေက ဆက်လက် အံတု နေကြပါတယ်။ ဆန္ဒပြမှုတွေဟာ တရုတ်အမျိုးသားနေ့ဖြစ်တဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပိုမို ကြီးထွားလာဖွယ် ရှိနေပါတယ်။

သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အနည်းဆုံး ဟောင်ကောင်ရဲ့ ဒေသသုံးခုမှာ အင်္ဂါနေ့က ရွက်ဖျင်တဲတွေထိုးပြီးတော့ သူတို့ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့နဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying ရာထူးကနေဆင်းပေးဖို့ စတာတွေကို ဆက်လက် တောင်းဆိုနေကြပါတယ်။

ဟောင်ကောင် ဗဟိုချက်မကို သိမ်းပိုက်ထားတဲ့ Occupy Central လှုတ်ရှားမှုအဖွဲ့က သူတို့ရဲ့တောင်းဆိုချက်တွေကို ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးရမယ်လို့ ပြောဆိုထားပါတယ်။ လှုပ်ရှားမှုအဖွဲ့ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်သူ Chen Jianmin က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကတော့ မစ္စတာ Leaung  အနေနဲ့ ရာထူးက ဆင်းပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြန်စလုပ်ဖို့ပဲ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leaung ကတော့ သူ့အနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆီးမပေးနိုင်ကြောင်းနဲ့ ၅ ရက်ကြာနေပြီဖြစ်တဲ့ ဆန္ဒပြမှုကို ချက်ချင်း ရုပ်သိမ်းပေးဖို့ Occupy Central အဖွဲ့ကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နှစ်ဘက်စလုံးအနေနဲ့ မတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စောသေးကြောင်း HRW တုံ့ပြန်


30 September 2014 09:05(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စား မိန့်ခွန်း ပြောကြား ခဲ့တာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်မကင်း ဖြစ်နေ တာတွေကို အတော်များများ ဖြေရှင်း ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီတို့ရဲ့ အစီအစဉ်မှာ ထည့်သွင်းထားဖို့ မလိုအပ်တော့ဘူးလို့ အပြည့်အဝယုံကြည်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဒါပေမယ့် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ရုပ်သိမ်းပေးဖို့ စောလွန်းသေးတယ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်းပြောကြားခဲ့ချိန် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထောက်ခံအားပေးမှုတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေမှာ တိုးတက်မှုတွေ ရရှိနေပြီး လူ့အခွင့်အရေးလှေကားထစ်နဲ့ တိုင်းတာရင် မြန်မာနိုင်ငံဟာ အလယ်အဆင့်ကို ရောက်နေပြီး ဒီတိုးတက်မှုဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ခံစားရာမှာ အထောက်အကူပြုစေတယ်လို့ ပြေကြားသွားပါတယ်။

နယူးယောက်ခ် အခြေစိုက် Human Rights Watch အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ပြောခွင့်ရ ဂျွန် ဆစ်ဖ်တွန် (John Sifton) က မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းဟာ ဓမ္မဓိဌာန်မကျဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ပထမဦးဆုံး နိုင်ငံတနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လှေကားထစ်မှာ အလယ်ကို ရောက်နေပြီလို့ ပြောတဲ့အချက်က ဘာကို ဆိုလိုသလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကိုယ့်အနေနဲ့ သတ်မှတ်ပိုင်ခွင့် ရှိပါသလား။ အမှတ်ပေးစာရင်းမှာ ကိုယ့်အမှတ်ကိုယ် ပေးနိုင်ပါသလား။ အရေးကြီးတာက မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို အကဲဖြတ်ခွင့် မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်ခြင်းမရှိဘူးလို့ ဆိုရမှာပါ။"

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သုံးနှစ်သက်တမ်းကာလအတွင်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှေ့ရှုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လှိုင်းသုံးရပ်ကို စတင်နေပြီး ပထမလှိုင်းဖြစ်တဲ့ စစ်အစိုးရကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ ဖော်ဆောင်နေပြီဆိုတဲ့ ပြောဆိုချက်ကိုလည်း မစ္စတာ Sifton  က ဝေဖန်လိုက်ပါတယ်။

"မမှန်တဲ့အချက်ကို ထောက်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကနေ ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းခဲ့ပြီဆိုတာ ကျနော်တို့ မမြင်တွေ့ရသေးပါဘူး။ အသွင်ကူးပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရပါမယ်။ လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်တွေ ရှိနေတယ်။ လွှတ်တော်ကိုဖျက်သိမ်းဖို့ ဖွဲ့စည်းပုံမှာ အာဏာပေးထားတယ်။ ဒါတွေကို ပြင်ဆင်ရပါလိမ့်မယ်။ မပြင်နိုင်သေးဘူးဆိုရင်တော့ အရပ်ဖက်အုပ်ချုပ်ရေး ကူးပြောင်းနေပြီဆိုတာ ဘယ်မှန်ပါ့မလဲ။"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပထမလှိုင်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံလွတ်လပ်ခွင့်တွေ ဖန်တီးပေးရေးတို့ကို ဖော်ဆောင်နေပြီး ဒုတိယလှိုင်းအဖြစ် နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးအပြင် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသွားပါတယ်။ တတိယလှိုင်းအနေနဲ့ကတော့ နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ဒီမိုကရေစီနိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်ကို စတင်ဆောင်ရွက်နေပြီး အဓိက လူ့အခွင့်အရေး ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီဆွေးနွေးပွဲ အစီအစဉ်ကနေ မြန်မာနိုင်ငံကို ရုပ်သိမ်းပေးဖို့လည်း အချိန်တန်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စတာ Sifton ကတော့ အချိန်စောလွန်းသေးတယ်လို့ အခုလို တုံ့ပြန်ပါတယ်။

"ကျနော်တို့အမြင်ကတော့ လူ့အခွင့်အရေးကောင်စီ agenda ကနေ ရုပ်သိမ်းပေးရင် အချိန်စောသေးတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ခွင့်ပေးမယ်ဆိုရင်၊ ငြိမ်းချမ်းရေးသဘောတူညီမှုကို တိုင်းရင်းသားတွေနဲ့ ရယူနိုင်မယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘာသာရေးအကြမ်းဖက်မှုကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် စသဖြင့်တွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ တမျိုးပေါ့။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ပေးထားတဲ့ကတိတွေကို ဖြည့်ဆည်းမပေးသေးတာတွေ ရှိနေပါတယ်။"

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂမှာ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများအဖွဲ့က ဆွေးနွေးခဲ့သလို လူ့အခွင့်အရေးကောင်စီရဲ့ (၂၇) ကြိမ်မြောက် ညီလာခံမှာလည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး ယန် ဟီးလီဟာ ဇူလိုင်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကနေ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)

လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ မြန်မာတောင်းဆို


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ 
(စက်တင်ဘာ ၂၉၊ ၂၀၁၄)

30 September 2014
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်နေပြီ ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ဆက်ပြီး ထည့်သွင်း ဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက် စတင်လုပ်နေပြီလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ စက်တင်ဘာလ ၂၉  ရက်၊ တနင်္လာနေ့က ၆၉  ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောသွားတာပါ။ ညီလာခံကျင်းပရာ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ သတင်းသွားယူတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံသစ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြတဲ့ကိစ္စရပ်ကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းပြီးပြီဖြစ်တဲ့အပြင် အခုဆိုရင် လူ့အခွင့်အရေးအခြေအနေ တိုးတက်တဲ့အဆင့်မှာ အလယ်အလတ်ထိ ရောက်နေပြီလို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။ ဒီတိုးတက်မှုကြောင့် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြန်မာလူထုအနေနဲ့ ရရှိခံစားနေပြီလို့ သူကပြောပါတယ်။

“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးရမယ့် ခေါင်းစဉ်တခုအဖြစ် ဆက်ရှိမနေသင့်တော့ဘူးလို့ ကျနော်တို့အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။”

ရခိုင်ပြည်နယ်မှာ လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား ပဋိပက္ခအခြေအနေတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်တဲ့အကြောင်း အမြဲလိုပြောဆိုနေတာပါ။ ဒီအခြေအနေပေါ် အထူးအာရုံစိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဦးဝဏ္ဏ မောင်လွင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစောတလျင် ကောက်ချက်မချခင်မှာ နောက်ခံသမိုင်းကြောင်း၊ ထွေပြားမှုနဲ့ ရှုပ်ထွေးမှုတွေကို အပြည့်အ၀ နားလည်ထားဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။ အခြေအနေကို အပေါ်ယံအမြင်လောက်နဲ့ မကြည့်သင့်ပါဘူးလို့ဆိုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုသွားပါတယ်။

 “ရေရှည်ခိုင်မာတဲ့ အဖြေကိုရှာတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ လက်တွေ့ကျပြီး မျှတစွာ ပါဝင်လုပ်ဆောင် သင့်ပါတယ်။ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်က လူအားလုံးတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

သူ့မိန့်ခွန်းထဲမှာ အထူးတလည်ထည့်ပြောပြီး ကြေညာသွားတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထား ရတာကနေ ပယ်ဖျက်ဖို့အတွက် စပြီးလုပ်နေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံဟာ ၂၆ နှစ်နီးပါး ဆိုရှယ်လစ်စနစ်အောက်မှာ နေခဲ့ရပြီးတဲ့နောက် ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးတိုင်းပြည်တခုအဖြစ် ကုလသမဂ္ဂက ထည့်သွင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အားတက်ဖွယ် စီးပွားရေးတိုးတက်လာမှု၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံးမှာ တိုးတက်လာမှု စတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တခု ချဖို့ ဖြစ်လာပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC အဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ သန္နိဋ္ဌာန် ချထားပြီး လုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတာကို ဒီနေရာမှာ ကျနော်ကြေညာလိုပါတယ်။ သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဆက်သွယ်ပြီး LDC အဆင့်ကနေ ပယ်ဖျက်ပေးဖို့အတွက် ကျနော်တို့ရဲ့ရည်ရွယ်ချက်နဲ့ သန္နိဋ္ဌာန်ကို ဖော်ပြ ပြောဆိုပြီးဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကျရင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြပြီးတော့ အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ တိုးတက် ခိုင်မာနေပြီဆိုတာကို သက်သေပြမယ့် မှတ်ကျောက် တခုအဖြစ် သုံးသပ် ပြောဆိုတာတွေလည်းရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း သတိပြုမိတယ်ဆိုတာကို ၀န်ကြီးဦးဝဏ္ဏမောင်လွင် ပြောသွားတာက ပြနေပါတယ်။

 “ဒီမိုကရေစီတန်ဘိုးတွေကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ လူထုတရပ်လုံးရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို အစိုးရက အလေးအနက်ထားပြီး ထည့်သွင်း စဉ်းစားပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ တရားဥပဒေဘောင်အတွင်းကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် အခြေခံအုတ်မြစ်တွေကို အစိုးရက တည်ဆောက်နေပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့  နိုင်ငံတကာက ပြောဆို
 ထောက်ပြနေတဲ့ အဓိက ကိစ္စရပ်တွေ အကုန်လုံးကို ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တတိယအဆင့် ရောက်နေပြီဆိုတာကို ထောက်ပြ ပြောဆို သွားသလို လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်နဲ့ စိန်ခေါ်မှုအများအပြားကို လုပ်ဆောင်ရမှာဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်ခင်ဗျား။

ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)

Tuesday, September 30, 2014

ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ

(Credit: AFP)

ဟောင်ကောင်မြို့ရဲ့ ​အချက်အခြာကျတဲ့ ​နေရာမှာ ​ဆန္ဒမပြဖို့ ​အာဏာပိုင်တွေက ​ပြောဆိုထားတဲ့ကြားကပဲ ​သောင်းနဲ့ချီတဲ့ ​ဟောင်ကောင်ပြည်သူတွေက ​အာဏာ ​ဖီဆန်တဲ့အနေနဲ့ ​ဆက်လက် ​ဆန္ဒပြပိတ်ဆို့မှုတွေ ​ပြုလုပ်နေကြပါတယ်။

အခုဆိုရင် ​ဆန္ဒပြလူအုပ်ကြီးဟာ ​စီးပွားရေး ​အချက်အခြာကျတဲ့ ​နေရာတွေမှာသာ ​ဆန္ဒပြကြတာ ​မဟုတ်တော့ပဲ ​ရှော့ပင်း ​ကုန်တိုက်ရှိရာနဲ့ ​လူနေထိုင်ရာ ​နေရာတွေအထိ ​တိုးချဲ့ပြီး ​ဆန္ဒပြ ​နေကြပါတယ်။

လမ်းတွေပိတ်သွားအောင် ​ဆန္ဒပြ ​ကြတဲ့အတွက် ​ဟောင်ကောင် ​ရဲတွေက ​မျက်ရည်ယိုဗုံးတွေ ​အသုံးပြုပြီး ​လူစုခွဲပြီးနောက် ​ဆန္ဒပြမှုက ​ပိုဆိုးလာတာပါ။ ​ဆန္ဒပြမှုမှာ ​ပါဝင်သူ ​Jessica ​Yeung ​ကတော့ ​ဒီဆန္ဒပြမှုအတွင်း ​လူကြီး ​လူငယ်မရွေး ​ပါဝင်နေကြတယ်လို့ ​ပြောပါတယ်။

အသက်ကြီးနေပြီ ​ဖြစ်တဲ့ ​လူတွေကိုလည်း ​တွေ့နိုင်တဲ့အကြောင်း၊ ​ဒေသတွင်းမီဒီယာတစ်ခုရဲ့ ​အင်တာဗျူးကို ​ကြည့်လိုက်ရင် ​အသက် ​၉၀ ​အရွယ် ​ဆန္ဒပြသူတွေ ​ပါဝင်သလို ​အသက် ​၁၄၊ ​၁၅ ​နှစ်အရွယ် ​လူငယ်တွေလည်း ​ပါဝင်တဲ့အကြောင်း ​ရှင်းရှင်းပြောရရင် ​လူတိုင်းက ​ပါဝင်နေကြတာဖြစ်ပြီး ​သူတို့နဲ့ ​နီးစပ်ရာ ​ဆန္ဒပြရာနေရာမှာ ​ဝင်ပါနေကြတာလို့ ​ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ ​ရဲတွေအကြား ​ပြဿနာ ​ဖြစ်ပြီးနောက် ​ဆန္ဒပြသူတွေကို ​စောင့်ကြည့်နေတဲ့ ​ရဲတွေရဲ့ ​အင်အားကို ​လျှော့ချလိုက်ပြီ ​ဖြစ်ပါတယ်။ ​တရုတ်ပြည်ပအစိုးရကတာ့ ​ဒီဆန္ဒပြမှုကြီး ​ဖြစ်ပွားအောင် ​တခြားပြည်ပနိုင်ငံတွေ ​ပါဝင်အားပေးမှုတွေ ​မလုပ်ဖို့ ​သတိပေးထားပါတယ်။

တချို့ဆန္ဒပြသူတွေကတော့ ​ရဲတွေက ​လက်နက်တွေကို ​အားကိုးပြီး ​နှိမ်နင်းမှုလုပ်မှာကို ​စိုးရိမ်ပေမယ့် ​ဒီဆန္ဒပြမှုမှာ ​ပါဝင်မှ ​ဖြစ်မယ်လို့ ​ယုံကြည်တဲ့အတွက် ​ပါဝင်ရတာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ရဲတွေက ​အင်အားသုံးဖြိုခွင်းမှာ ​စိုးရိမ်မိပြီး ​အကြောင်းရင်းကတော့ ​သူတို့မှာ ​ဘာလက်နက်မှ ​မရှိတဲ့အကြောင်း၊ ​သူတို့ကို ​ဘာလက်နက်တွေနဲ့ ​လာရောက်ဖြိုခွင်းမလည်း ​ဆိုတာ ​မသိရတဲ့အတွက် ​စိုးရိမ်ပေမယ့် ​ဒီနေရာမှာ ​ဆန္ဒပြနေဖို့ ​လိုအပ်တယ်လို့ ​ယူဆတဲ့အကြောင်း ​ဆန္ဒပြသူတစ်ဦးက ​ပြောပါတယ်။

အမေရိကန် ​အစိုးရကတော့ ​ဒီဆန္ဒပြမှုကို ​အနီးကပ် ​စောင့်ကြည့်သွားမယ်လို့ ​ပြောဆိုနေပြီး ​ငြိမ်းချမ်းစွာ ​ဆန္ဒပြကြဖို့အတွက်လည်း ​တိုက်တွန်းလိုက်ပါတယ်။

By Sarah Clarke in Hong Kong and wires
ABC Radio Australia

ထားဝယ်တက္ကသိုလ် အကြီးစား ပြင်ဆင်ရန် ကျပ်သန်းတစ်ထောင်ကျော် သုံးမည်

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=148bc2037230fdf1&attid=0.1&disp=inline&realattid=file0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1412013009325&sads=0lMqbR2_E2tAdkyuiAFKMChWz98
၊Dawei Watch၊ ထားဝယ်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စိုးရ၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် ထားဝယ်တက္ကသိုလ်တွင် အဆောက်အဦများတိုးချဲ့ဆောက်လုပ်ရန်နှင့် အကြီးစား မွမ်းမံပြင်ဆင်ခြင်းရန် ကျပ်သန်းပေါင်းတစ်ထောင်ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။
နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် တက္ကသိုလ်နယ်မြေဟောင်း(ယခု ပညာရေး ကောလိပ်အနီး) မှ ဆရာမ အဆောင်ကို အကြီးစား ပြုပြင်မွမ်းမံခြင်း၊ သိပ္ပံလက်တွေ့အဆောင်၊ ပါမောက္ခချုပ်နေအိမ်၊ ပါမောက္ခနေအိမ်များ၊ ၀န်ထမ်းအိမ်ယာများ တည်ဆောက်ခြင်းနှင့် ကျောင်းဝင်းပတ်လည် ခြံစည်းရိုးကာရံခြင်း စသည့် လုပ်ငန်း ၉ ခုကို လုပ်ဆောင်ရန် ကုမ္ပဏီ ၁၀ ခုကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း ထားဝယ်တက္ကသိုလ် အင်ဂျင်နီယာဌာန အင်ဂျင်နီယာမှူး ဦးလှအောင်က ပြောသည်။
“ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီးပါပြီ။ လုပ်ငန်းတွေလည်း စလုပ်နေပြီ” ဟု ဦးလှအောင်က ဆိုသည်။
ကုမ္ပဏီများမှ အထက်ပါ လုပ်ငန်း ၁၀ မျိုးကို ၂၀၁၅ ဇန်န၀ါရီလ ၃၁ ရက်နေ့အပြီးတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
လက်ရှိ ထားဝယ်တက္ကသိုလ်တွင် ပင်မဆောင်အပါအ၀င် စာသင်ဆောင် နှင့် ၀န်ထမ်းအိမ်ယာများအားလုံး စုစုပေါင်းအဆောက်အဦ ၄၀ ရှိကြောင်းသိရသည်။
ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ထားဝယ်တက္ကသိုလ်တွင် အဝေးသင်နှင့် နေ့ကျောင်းသား စုစုပေါင်း ၅၀၀၀ ခန့် ပညာသင်ကြားလျက်ရှိသည်။
ထားဝယ်တွင် တနင်္သာရီတိုင်း ဒေသကောလိပ်အဖြစ် ၁၉၇၇ ခုနစ်က ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနစ်တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့ကာ ၂၀၀၂ ခုနစ်တွင် လက်ရှိတက္ကသိုလ်နယ်မြေအသစ်သို့ ပြောင်းရွှေ့ခဲ့သည်။
Dawei  Watch

ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား

 
ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းအစိုးရစစ်တပ်က လုံခြုံရေးတင်းကြပ်စွာချထားသည်။
အနီးကပ်စောင့်ကြည့်နေသည့် မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက “လုံခြုံရေးကိုတော့ မော်လမြိုင်မြို့ ပေါ်ကအစချထားတာရှိတယ်၊ နောက် တိုက်ပွဲဖြစ်တဲ့နေရာ ရွာအပြင် ရွာထဲမှာရော တပ်ကင်းချထား တာတွေ့နေရတယ်၊ လောလောဆယ်မှာ စစ်ဘေးရှောင်သူတွေ အိမ်မပြန်နဲ့ဦးလို့ အစိုးရတပ်က တားထားတယ်” ဟု ပြောသည်။

စစ်အစိုးရတပ်မှ တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးတဝိုက်တွင် ည ၆ နာရီနောက်ပိုင်း ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ထား၍ အတ္ထရံမြစ် တွင်း ဖြတ်သန်းသွားလာနေသော ခရီးသည် တင်လှေများ ကိုလည်း ပြေးဆွဲခွင့် ပိတ်ပင်ထားခဲ့သည်ဟု သူက သည်။

ထို့အပြင် တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ် ရွှေဝါချောင်းကျေးရွာအနီးအနားရှိ ကျေးရွာပေါင်း ၉ ရွာကို စာသင် ကျောင်းများပိတ်ထား ခဲ့သည်ဟု သေခံများက ပြောသည်။

“အစိုးရတပ်က အင်အားအများကြီးလာချတော့ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်လို့ စာသင်ကျောင်း တွေ ပိတ်ထားတယ်၊ ရွာထဲက အိမ်တွေအား လုံး တခါးပိတ်ပြီးပုန်းအောင်းနေရတယ်” ဟု စစ်ဘေးရှောင် ကျားခတ်ကုန်း ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA ကလို့ထူးဘောအဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေးရွာ အနီး၌လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေး ရွာ၌လည်းကောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“မနေ့က ကျနော်တို့တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့သတင်းထွက်နေတယ် အဲဒါမဟုတ်ဘူး ကျနော်တို့ တပ်နဲ့ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ ဒါပေမယ့် ကျနော်တို့တပ်ထဲကို လက်နက်ကြီး နှစ်လုံးပစ်ထည့် လာတာတွေ့တယ်၊ ဘယ်သူ့လက်နက်လဲတော့ အတိအကျမပြော နိုင်သေးဘူး” ဟု BGF တပ်ဖွဲ့ဝင်ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကျုံဒိုးနှင့် သာမညကြား၌ စက်တင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းတွင် ခရီးတင်ယာဉ်တစ်စီးကို RPG လက်နက် ပစ်ခတ်ခံရသဖြင့် ခရီးသည်လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ကော့ဂရိတ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သူကဆိုသည်။

ယခုဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် တပ်ပိုင်းဆိုင်ရာ စောင့်ထိမ်းရမည့် ကျင့်ဝတ်များကို ပြန်လည်အစီအစဉ်ချရမည်ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့်အတွက် ယခုလိုတိုက်ပွဲများ ဖြစ်ပေါ်တတ်ကြောင်း၊ သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီး အနေဖြင့် လက်နက်ကိုင်ပဋိပက္ခထိပ်တိုက်မပေါ်ပေါက်စေရန် ထိန်းသိမ်းစေလိုကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြော သည်။

ရေးသားသူ: ဂျူရီချိုင်း
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း NCCT ပြော

 
ယခုလက်ရှိ ပြုလုပ်လျှက်ရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် ရှေ့တိုးသွားသည့် အခြေအနေ မဟုတ်ဘဲ နောက်ပြန်ဆုတ် နေကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်း CSO များ တွေ့ဆုံပွဲ တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။
နိုင်ဟံသာက “ဒီတစ်ခေါက် တွေ့ဆုံပွဲက တစ်ဆို့မှု နည်းနည်းတော့ ရှိနေတယ်၊ ဒီလိုဖြစ်ရတာ ကလည်း တပ်မတော်ဘက်က ကျနော်တို့ကို အဆိုးမြင်တာတွေ များနေတယ်၊ သူတို့ဘက်ကလည်း UNFC အပေါ် ဝေဖန်မှု တွေလည်း ရှိနေတယ်” ဟု ဆိုသည်။

ဆက်လက်၍ ယခင်ဆွေးနွေးပွဲတွင် လွယ်ကူသည့် အချက်များကို သဘောတူခဲ့ကြပြီး ခက်ခဲသည့် အချက်များကို ချန်လှပ်ထားခဲ့သည့် အတွက် ယခုအကြိမ် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲသည် တိုးတက်မှုနည်း၍ အခက်အခဲများနှင့် ကြုံနေရပြီး နောက်ပြန်ဆုတ် နေသည့်သဘောဖြစ်ကြောင်း သူကဆက်ပြောသည်။

နိုင်ဟံသာက “ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ကလည်း ကျနော်တို့ ဆွေးနွေးလိုက်တဲ့ အချက် တွေတိုင်းကို ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူး၊ သူတို့အထက်ကို တင်ပြရမယ် ပြန်ပြီး ဆွေးနွေးရမယ်ဆိုတာပဲ” ဟု ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ NCCT နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း CSO တို့ တွေ့ဆုံပွဲကို စက်တင်ဘာလ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ Freen Hill ဟိုတယ်၌ လူမှုကွန်ယက်အဖွဲ့အပါအဝင် ၂၉ ဖွဲ့ တက်ရောက်ခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်သည်။

NCCT နှင့် CSO အဖွဲ့များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် မွန်ပြည်နယ်အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီ အတွင်းရေးမှူး ကိုအောင်ထူးက “NCCT ဘက်က ရှင်းလင်းချက်မှာ နောက်ဆုံးဆွေးနွေးပွဲ ရလဒ်ကတော့ အစိုးရ တပ် မတော်ဘက်အနေနဲ့ နည်းနည်းနောက်ပြန်ဆုတ်သွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ NCCT ဘက်က ဖွင့်ချခဲ့တယ်” ဟု ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တင်ပြချက်များမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကဏ္ဍဍ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လူငယ်များပါဝင်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ပညာပေးရေးကဏ္ဍဍ၊ အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့် လေ့လာရေးအခန်းကဏ္ဍဍ၊ တိုင်းရင်းသားဒေသတွင်း စီမံကိန်းကြီးများ လာရောက်ရင်းနှီးမြှပ်နှံခြင်းနှင့် ပွင့်လင်းမြင်သာမှု၊ စစ်ပြေးဒုက္ခ သည် (IDP) များကို ပြန်လည်နေရာချရေးအခန်းကဏ္ဍဍ၊ Civil Society forum For Peace ရဲ့လှုပ်ရှားမှုကဏ္ဍဍများကို တင်းပြဆွေးနွေး သွားခဲ့ကြောင်း သိရသည်။

ကိုအောင်ထူးက “NCCT ကတော့ သူတို့ရဲ့ ရပ်တည်မှုအတိုင်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားတယ်၊ ဒါပေမဲ့ အနာဂါတ်မှာရော Political Dialogue မှာပါ CSO, CBO တွေရဲ့ အခန်းကဏ္ဍဍပါဝင်ရမယ်ဆိုတာကို NCCT အနေနဲ့ လက်ခံထားပါတယ်၊ ဒါပေမယ့် တစ်ချို့ တင်ပြဆွေးနွေးမှုတွေမှာ အခက်အခဲနည်းနည်းတော့ ရှိနေတယ်” ဟု ပြောသည်။

CBO, CSO လုပ်ငန်းများအားလုံးကို NCCT မှ အားလုံးသိရှိထားသည့်မဟုတ်သည့်အတွက် မိမိတို့ လုပ်ဆောင်နိုင်သည့် လုပ်ငန်းများကို အနှစ်ချုပ် Concept paper ရေးသားတင်ပြရန် NCCT က တောင်းဆိုထားသည်ဟု ကိုအောင်ထူးက ဆက်ပြောသည်။

အလားတူ ယခုလ ၂၇ ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံရေးပါတီ ၆၀ ကျော်တို့ ဒုတိယအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတစ်ရပ်ကိုလည်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းပခဲ့သည်။

ရေးသားသူ: ခတ္တာနန်း
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်

 
ဝန်ကြီးချုပ် ရာထူးအတွက် ကျမ်းကျိန်တဲ့ အဗ္ဗဒူလာ (ဝဲ) နဲ့ သမ္မတသစ် ဂါနီ (ယာ)
အာဖဂန် နစ္စတန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီ နည်းကျ အာဏာ လွှဲပြောင်းမှု အဖြစ် ဟာမစ် ကာဇိုင်းရဲ့ သမ္မတ ရာထူးကို အာရှရပ်ဖ် ဂါနီ Ashraf Ghani က လွှဲပြောင်း ယူခဲ့ပြီး သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

အာဖဂန် သမ္မတသစ် အာရှရပ်ဖ် ဂါနီက IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ ရဲ့ အန္တရာယ် သူ့နိုင်ငံကို ပြန့်နှံ့ လာနိုင်တယ်လို့ သတိပေးလိုက်ပြီး အာဖဂန် နစ္စတန် အနေနဲ့ ပြည်ပက တိုက်ခိုက်ရေး သမားတွေကို မလိုလားဘူးလို့ သူက ပြောပါတယ်။

အာဏာ မျှဝေရေး သဘောတူညီချက် လက်မှတ်ရေးထိုး အပြီး ၈ ရက်အကြာမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ သမ္မတသစ် အာရှရပ်ဖ် ဂါနီက တာလီဘန်နဲ့ တခြား လက်နက်ကိုင်တွေကို လက်နက်တွေ စွန့်လွှတ်ပြီး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ကြဖို့ တောင်းဆို လိုက်ပါတယ်။

အာဏာ မျှဝေရေး သဘောတူညီချက် အရ ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးကို လက်ခံဖို့ ကျမ်းကျိန်ခဲ့တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ ကလည်း ခေါင်းဆောင် ၂ဦး ပူးတွဲပြီး ရိုးသားမှုနဲ့ ယုံကြည်မှုတို့ကို အခြေခံကာ ပိုမို ကောင်းမွန်တဲ့ အနာဂတ် အတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာ အခုလို ကျမ်းကျိန်ပွဲ အခမ်း အနား ပြုလုပ်တဲ့ နေ့မှာပဲ လူ ၁၅ ယောက်ထက် မနည်း သေဆုံး ခဲ့ရတဲ့ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကာဘူးလ် မြို့တော် လေဆိပ် အနီးမှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး နိုင်ငံ အရှေ့ပိုင်း ပက်တီယာ ပြည်နယ်က အစိုးရ အဆောက်အဦးတွေ တိုက်ခိုက် ခံရမှုမှာတော့ နောက်ထပ် ၈ ဦး သေဆုံး ခဲ့ရပါတယ်။
BBC

Monday, September 29, 2014

DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်

 
29 စက်တင်ဘာ 2014
ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ရွာသားတွေ အိုးအိမ်စွန့် ထွက်ပြေး ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရ စစ်ကြောင်းက ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်း လှေဆိပ်ကို အရောက်မှာ နယ်မြေခံ DKBA တပ်နဲ့ နာရီဝက်လောက် မော်တာတွေ၊ စက်သေနတ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဖြစ်စဉ် တခု အနေနဲ့ ဘားအံကနေ ကော့ကရိတ်ကို သွားတဲ့ ခရီးသည်တင် ကားတစီး သာမညနဲ့ ကျုံဒိုးကြားမှာ ပစ်ခတ်ခံရလို့ ခရီးသည် တယောက်ကို ထိမှန်ခဲ့ရာမှာ ဆေးရုံ တင်ထားရပြီး အခြေအနေ စိုးရိမ်ရကြောင်း ကော့ကရိတ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့မှာပဲ မြိုင်ကြီးငူ ဒေသ မိဇိုင်း တောင်ခြေမှာလည်း တိုက်ပွဲဖြစ်လို့ ကြားသိရပေမယ့် သီးခြား အတည်ပြု ချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေက အစိုးရနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျိုက်မရော မြို့နယ်မှာတော့ တိုက်ပွဲတွေ ထပ်မဖြစ်တော့ပေမယ့် စာသင်ကျောင်းတွေကိုတော့ ပိတ်ထားတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်မရော မြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ်က ဗိုလ်မှူးတယောက် အပါအ၀င် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့ သူတွေ အပါအ၀င် အစိုးရဘက်က ၁၉ ယောက်နဲ့ လက်နက် အလက် ၂၀ ကို DKBA တပ်က လက်ရ ဖမ်းဆီးလိုက်ပြီး အဲဒီနေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လက်နက်တွေကို ပြန်မပေးသေးလို့ အစိုးရနဲ့ DKBA ကြားမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ DKBA ဘက်က ပြောပါတယ်။
BBC

မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား

 မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား
  ဘိုးဘွားပိုင်မြေရရှိရန် အသေခံဆန္ဒပြမည်ဆိုကာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ဆန္ဒပြသူများ၏ ဆန္ဒပြရက်ပေါင်း ၁၉၀ ပြည့်ရက်တွင် ယင်းသပိတ်စခန်းကို ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုးက ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြောင်းကြားစာလာရောက်ကပ်ခဲ့ကြောင်း သိရသည်။

"ဒါဟာအဖြေမဟုတ်ဘူး။ဒါမျိုးလာလုပ်လည်းကျွန်တော်တို့ကဆက်လက်ရပ်တည်နေအုံးမှာပဲ။မဖယ်ဘူး။ကျွန်တော်တို့ကိုဖယ်ပေးစေလိုတယ်ဆိုရင်ဒီလိုလုပ်စရာမလိုဘူး။လာညှိနှိုင်းလိုက်။အခုဖယ်ပေးမယ်"ဟု သပိတ်စခန်းခေါင်းဆောင် ကိုမောင်မောင်က News Watch ကိုပြောသည်။

အဆိုပါစာတွင် ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း၊ပန်းခြံဘေးလူသွားစင်္ကြန်ပေါ်တွင် ယာယီအမိုးအကာများပြုလုပ်ကာ နေ့၊ညမပြတ် အသုံးပြုနေခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေကို ချိုးဖောက်ရာရောက်နေကြောင်း၊ထို့ကြောင့် လာမည့်အောက်တိုဘာ ၃ ရက်နေ့တွင် အများပြည်သူဆိုင်ရာ လူသွားစင်္ကြန်ပေါ်တွင် ဆောင်လုပ်ထားသော အမိုးအကာများအား ဖျက်သိမ်းပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံအသိပေးကြောင်း ပါရှိသည်။

"တကယ်လို့မပြောင်းပေးရင်တော့ တရားစွဲဆိုတာတွေလုပ်သွားရမှာပဲ ၊ဥပဒေအတိုင်းပေါ့"ဟု YCDC ၏ အဆင့်မြင့်အရာထမ်းတစ်ဦးက News Watch ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အဆိုပါသပိတ်စခန်းကို ရုတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌါနကဆောင်ရွက်ခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ

 
ဟောင်ကောင်မှာ သောင်းနဲ့ ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဆန္ဒပြသမားတွေက ဟောင်ကောင် မြို့လယ်က စီးပွားရေး အချက်အချာ လမ်းတွေမှာ ပိတ်ဆို့ နေရာ ယူထားကြပါတယ်။

ပြီးခဲ့တဲ့ တစ်ညလုံး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အရင် ရက်တွေထက် အရေအတွက် ပိုများတဲ့ ဆန္ဒပြသမားတွေ လမ်းပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ် လူငယ်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ထောင်နဲ့ ချီပြီး ဆန္ဒပြမှုမှာ ပါဝင်လာကြောင်း၊ ဆန္ဒပြမှုတွေကို တားလို့ ရတော့မှာ မဟုတ်ကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူကို တရုတ် အစိုးရ စိတ်ကြိုက် ရွေးချယ်ဖို့ ပြဋ္ဌဌာန်းထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသမားတွေကို ပြည်ပကနေ ထောက်ခံမှု မပြုကြဖို့ တရုတ် အစိုးရက သတိပေး လိုက်ပါတယ်။

ဟောင်ကောင်ဟာ တရုတ် နိုင်ငံပိုင် နယ်မြေ ဖြစ်လို့ ဟောင်ကောင် အရေးဟာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို ဝင်ရောက် စွက်ဖက်တာကိုမှ လက်မခံကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်။

ဗြိတိန် အစိုးရကတော့ ဟောင်ကောင်ရဲ့ သာယာ ဝပြောမှုနဲ့ လုံခြုံရေးဟာ လူ့အခွင့်အရေး ရှိမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ကျားကန် ပေးထားတာ ဖြစ်လို့ ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အဲဒီ အခွင့်အရေးတွေ အတွက် တရားဥပဒေ ဘောင်အတွင်းကနေ လှုပ်ရှား ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ အတွက် ရှေ့တက်လှမ်းမှုကို ထောက်ခံကြောင်း ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပျောက်ဆုံး တောင်တက်သမားနဲ့ ရဟတ်ယာဉ် ရှာဖွေရေးကူညီဖို့ တရုတ်ပညာရှင် ၂ ဦးရောက်လာ

ပျောက်ဆုံး တောင်တက် သမားတွေနဲ့ ရဟတ်ယာဉ်ကို ပူးပေါင်း ရှာဖွေဖို့ တရုတ်နိုင်ငံမှ နာမည်ကြီး အရပ်သား ကယ်ဆယ်ရေးအဖွဲ့ (BSR) မှ ပညာရှင် ၂ ဦး မြန်မာနိုင်ငံကို ရောက် လာခဲ့ပါတယ်။ 


  ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ

သဘာဝခေါ်သံဖောင်ဒေးရှင်းအစီအစဉ်နဲ့ ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ တတ်ရောက် ရာမှ ပျောက်ဆုံးနေသည့် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ တောင်တတ်သမားနှစ်ဦးကို ရှာဖွေလုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် ကို ရှာဖွေရန်အတွက် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ လ(၂၈)ရက်နေ့ ညပိုင်းက သူတို့ ၂ ဦး ရာက်ရှိခဲ့တာပါ။

  BSR မှ ကယ်ဆယ်ရေးပညာရှင်နှစ်ဦးဟာ စက်တင်လာလ(၂၉)ရက်နေ့မနက်ပိုင်းတွင် ပူတာအို မြို့ သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး တောင်တတ်သမားများကို ရှာဖွေနေသည့် အဖွဲ့များနဲ့ ပူးပေါင်း ကာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် ရှာဖွေရေုးလုပ်ငန်းများကို လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း သိရပါတယ်။ 

ထိုကယ်ဆယ်ရေးပညာရှင်နှစ်ဦးဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက် အရ အရေးပေါ်  လာရောက်ကူညီခြင်းဖြစ်ကြောင်း သိရပါတယ်။ 


နောက်ဆုံးရရှိတဲ့ သတင်းများအရ တရုတ်နိုင်ငံ ဘက်အခြမ်းမှ တတ်ရောက်လာတဲ့ ပျောက်ဆုံး
မြန်မာ တောင်တက် သမားနှစ်ဦးကို ရှာဖွေမည့် BSR အဖွဲ့ဟာ ခါကာဘိုရာဇီတောင် အခြေစိုက် စခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ 



စိုင်းဇော် ~ဧရာဝတီ

ဗိုလ်မိုးကြိုး အုတ်ဂူမှာ ဗိုလ်ချုပ်မှူးကြီး သွားရောက် ဂါရ၀ပြု

ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီး ခေါ် ဗိုလ် မိုးကြိုးရဲ့ နေအိမ်နဲ့ အုပ်ဂူကို ဂျပန် နိုင်ငံရောက် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နဲ့ အဖွဲ့က သွားရောက် လေ့လာ ကာ ဂါရ၀ ပြုခဲ့ပါတယ်။ 



 ဓာတ်ပုံ-မြ၀တီ၊ ကြေးမုံသတင်းစာဖြတ်ပိုင်း
ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army-BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ  စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ ဗြိတိသျှ ကိုလိုနီကို ပြန်လည် အံတု တိုက်ခိုက်ရန် မြန်မာပြည်သို့ ပြန် ၀င်လာစဉ် ဂျပန်တပ်မတော် အရာရှိ ဗိုလ်မှူးကြီး ဆူဇူကီးဟာ အတူ ဦးဆောင်ပါ ၀င် ခဲ့သူလည်းဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော် သုံးကျိပ်ကို အားပေးကူညီခဲ့ သူ၊ မြန်မာ့ လွတ်လပ်ရေး အတွက် ထိုစဉ်က အဓိက ကူညီပေးခဲ့တဲ့ ဂျပန် မီနာမီကီကန်း အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ 

 ဗိုလ်မှူးကြီး ဆူဇူကီး ရဲ့ အိမ်နဲ့ အိမ်ကို သွာရောက်လေ့လာနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်





အိမ့်သံစဉ် ~ ဧရာဝတီ
                   အဆင်ပြေလျှင်ကြော်ငြာကို ကလစ်တစ်ချက်ပေးခဲ့ပါ