Pages

Saturday, December 13, 2014

အမေရိကန်တိုက်လေယာဉ် တည်ဆောက်ရာတွင် အသုံးပြုသော စာရွက်စာတမ်း များကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား တရားစွဲခံရ


ဘရစ်ပို့တ် ၊ ၁၂-၁၂-၂၀၁၄
အမေရိကန် ပြည်ထောင်စု တွင် အဆင့်မြင့် တိုက်တေနီယံ သုံး တိုက်လေယာဉ် တစ်စင်း တည်ဆောက်မှု နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ခိုးယူ၍ ၄င်း စာရွက်စာတမ်း များနှင့်အတူ အမိနိုင်ငံသို့ ပြန်ရန် ကြိုးပမ်းခဲ့သည့် တရုတ် နိုင်ငံဖွား အင်ဂျင်နီယာ တစ်ဦးကို ဘရစ်ပို့တ်မြို့ ရှိ တရားရုံးက တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေ များက ပြောကြားသည်။

အသက် ၃၆ နှစ်အရွယ် ယုလုံ အမည်ရှိ အဆိုပါ အင်ဂျင်နီယာ သည် တရုတ်နိုင်ငံသား ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တွင် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ တစ်ဦး ဖြစ်ကြောင်း၊ ၄င်းသည် United Technologies Corporation တွင် အဆင့်မြင့် အင်ဂျင်နီယာ တစ်ဦးအဖြစ် ၂ဝဝ၈ ခုနှစ် သြဂုတ်လမှ စ၍ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ယုလုံ သည် နယူးဂျာစီ ပြည်နယ် နယူးအက်ခ်မြို့ ရှိ လေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်ရန် ကြိုးပမ်းခဲ့ ပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာ ၇ ရက်တွင် ၄င်းကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ရှေ့နေများက ပြောကြား ခဲ့သည်။

ထို့နောက် ယုလုံ အား စာရွက်စာတမ်း ခိုးယူမှု၊ ခိုးယူထားသော စာရွက်စာတမ်း များကို အခြားနိုင်ငံသို့ တရားမဝင် သယ်ဆောင်မှု တို့ဖြင့် တရားစွဲဆို ထားကြောင်း United Technologies Corporation ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် United Technologies Corporation ကုမ္ပဏီသည် အစိုးရအဖွဲ့ နှင့် ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk698vU8EMObbxm3cTN7GAAj4dySIzKjhYDZenQdtjavEWqx_RJ2GjCc5eH47FsyribEBK63gbNghUNs3cdykgnnqeVDBq9tLG9o1I7CwIQDciugYD9be2ZPjLNPU_kXa0cCoTT84Bf0p2/s1600/4-D.tif
#PyiChitThar

အင်ဒိုနီးရှားတွင် မြေပြို၊ ပျောက်ဆုံး လူ ၁၀၀ ကျော်ကို ဆက်လက်ရှာဖွေ


အင်ဒိုနီးရှားမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်း မြေပြိုမှုအတွင်း လူအနည်းဆုံး  ၁၁ ယောက် သေဆုံးတယ်လို့ အတည်ပြုခဲ့ပြီး ဒီနေ့အထိ ပျောက်ဆုံးသူ ၁၀၀ ကျော်ကို ဆက်လက် ရှာဖွေနေပါတယ်။

ဂျာဗားကျွန်း အလယ်ပိုင်းဒေသက ဘန်ဂျာနီဂါရာ မြို့မှာ ရွှံ့မြေတွေ ပြိုကျခဲ့ပုံကို အင်ဒိုနီးရှား ရုပ်မြင်သံကြားလိုင်းတွေက ပြန်သပါတယ်။

ဂျန်ဘလန် ဆိုတဲ့ ရွာက မြေပြိုတဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတယ်လို့ ကပ်ဘေး ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လူနေအိမ် ၁၀၀ ကျော် ပျက်စီးသွားပြီး လူ ၃၈၀ နီးပါးလည်း ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မြေပြိုမှုနဲ့ ကြုံရတဲ့ဒေသဟာ မြို့တော် ဂျာကာတာကနေ ၂၈၀ မိုင် အကွာအဝေးမှာ တည်ရှိတာပါ။
ဒေသခံ ရွာသားတွေက ရွှံ့မြေတွေ မပြိုကျခင်မှာ တောင်ပေါ်ဘက်က ပေါက်ကွဲသံလို ကျယ်လောင်တဲ့ အသံတသံကို ကြားခဲ့ရတယ်လို့ ဆိုကြပါတယ်။

မြေပြိုတာ၊ ရွှံ့ပြိုတာတွေဟာ အင်ဒိုနီးရှားမှာ အောက်တိုဘာနဲ့ ဧပြီလ မိုးတွင်းကာလမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ရဲအဖွဲ့၊ စစ်သားနဲ့ တခြား စေတနာဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တွေက မြေပြိုတဲ့ ဒေသကို ရှင်းလင်းနေပေမယ့် မိုးတွေ ဆက်ရွာနေတာကြောင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေမှာ နှောင့်နှေးနေရပါတယ်။

ကယ်ဆယ်ရေးပစ္စည်းကိရိယာတွေ အစုံအလင် မရှိတာကြောင့် လုပ်ကိုင်ရတာ  ကြန့်ကြာနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောခွင့်ရသူ ပါဝို နူဂရိုဟိုက ပြောပါတယ်။

လျှပ်စစ် ဓာတ်အားလိုင်းတွေနဲ့အိမ်တွေ ရွှံ့အောက် ပိမိနေတာကို မီဒီယာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ

ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လိပ်ခွံတောင်ပေါ်မှာ ရဲနဲ့ လက်ပံတောင်း ဒေသခံတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

မြေယာတွေမှာ ခြံစည်းရိုး သွားခတ်ဖို့ကြိုးစားရာ  လျော်ကြေးရယူထားခြင်းမရှိတဲ့ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရာဘာကျည်ဆန်ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရရတဲ့ ကိုပေါ်ဌေးက “အသံက ဖုန်းဆိုပြီး တအားကြီးမြည်သွားတယ်၊ ၁၄ ချက်လောက်တော့ ရှိမယ်၊ တင်ပဆုံကို မှန်တယ်၊ အစောပိုင်းဖြစ်နေတာကတော့ ရေနွေးပူ လောင်သလိုပဲ ပူကျက်နေပြီးတော့ တော်တော်လေးကို အနေရခက်တယ်၊ အခု ဆေးထိုးထားတော့ နေရတာမဆိုးဘူး”လို့ ပြောပါတယ်။

ဒါအပြင် လောက်လေးခွတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် နောက်ထပ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကုသပေးနေတဲ့ ဆေးမှူးဟောင်း ဦးနောင်နောင်က ရာဘာကျည်နဲ့ ရတဲ့ဒဏ်ရာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“အမှန်ကတော့ ရှပ်မှန်ပြီးတော့ လောင်သွားတဲ့သဘောနဲ့တူပါတယ်၊ ကြည့်ရတာ”လို့ ပြောပါတယ်။

ဆားလင်းကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကတော့ သေနတ်နဲ့ ပစ်ခတ်တာ မဟုတ်ဘဲ ရွာသားတွေက ခြံစည်းရိုးခတ်တယ်လို့ သံသယရှိပြီးတော့ တက်လာရာမှာ  ရဲကင်းကို လေးခွနဲ့ ပစ်လို့ ရဲတပ်ဖွဲ့က လောက်လေးခွနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်တဲ့ အချိန်ထိတော့ လိပ်ခွံတောင် ရဲကင်းအောက်မှာ ရွာသားတွေ စုရုံးရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)

အစိုးရကောင်းတရပ်ဖြစ်ရေး ဖိလစ်ပိုင်ကျောင်းသားများ၏ အ၀တ်ဗလာချွတ်ပြေးပွဲ


လက်ရှိ သမ္မတ အကွီနို ဦးဆောင်တဲ့ ဖိလစ်ပိုင် အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့ အစိုးရကောင်း တရပ်ဖြစ်ဖို့ ဖိလစ်ပိုင် တက္ကသိုလ် ကျောင်းသားတွေ မနေ့က အုပ်စုလိုက် အဝတ်ဗလာချွတ်ပြေးပွဲ ကျင်းပခဲ့ကြပါတယ်။

တက္ကသိုလ်ထဲက အဝတ်ဗလာ Oblation အိုဗလေရှင်း  ရုပ်တုကို အစွဲပြုပြီး ၁၉၇၀ နှစ်တွေကတည်းက ကျင်းပလာခဲ့တဲ့ပွဲဖြစ်ပါတယ်။

နှစ်စဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေဟာ မျက်နှာဖုံးတခုတည်း ၀တ်ဆင်ပြီး အစိုးရပြုပြင်စေလိုတဲ့ သတင်းအချက်အလက်တွေကို ကိုင်စွဲပြေးကြတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ကိုယ်လုံးတီးကျွတ်ပြေးပွဲကို ကျောင်းသူကျောင်းသား ရာနဲ့ချီပြီး လာရောက်အားပေးခဲ့ကြပါတယ်။

ကျောင်းသားဟောင်းတဦးက အိုဗလေရှင်း ပြေးပွဲဟာ လူတွေကို အာရုံစိုက်မှုရရှိအောင် လုပ်ဆောင်တဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ ပေးချင်တဲ့အကြာင်းအရာကို ပိုအာရုံစိုက်စေချင်ပါတယ်လို့ ပြောဆိုပါတယ်။

အခုနှစ် အိုဗလေရှင်း ပြေးပွဲမှာတော့ ဖိလစ်ပိုင်လွှတ်တော်အမတ်တွေအပါအ၀င် ဖိလစ်ပိုင်အစိုးရအတွင်း အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အကွီနိုအစိုးရကို တောင်းဆိုခဲ့ကြတာပါ။

ကျောင်းသူတဦးကတော့ ဒါကို တချို့က  ပုံမှန်မဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြပေမယ့် ရည်ရွယ်ချက်တခုခုရှိနေမယ်၊ အခွင့်အရေးတခုခုအတွက် တောင်းဆိုနေသမျှတော့ ကောင်းတယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။

အိုဗလေရှင်း ပြေးပွဲဟာ ၁၉၇၇ ခုနှစ်က အဲ့ဒီတုန်းက သမ္မတဖြစ်တဲ့ ဖာဒီနန်မားကိုစ့်ကို ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းသားတွေ အဝတ်ဗလာဆန့်ကျင်ဆန္ဒပြတာကနေ စတင်လာတယ်လို့လည်း သိရပါတယ်။

By ဒီဗွီဘီ

အနှိပ်ခန်းများ တရားဝင်ခွင့်ပြုမပေးနိုင်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြောဆိုခဲ့သော်လည်း အာဏာပိုင်တချို့နှင့် အနှိပ်ခန်းပိုင်ရှင်များအကြား ကြီးမားသည့်လာဘ်စားမှု၊ ခြစားမှုများကြောင့် အနှိပ်ခန်းများ ပေါများနေဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းပြော


ရန်ကုန်၊ ဒီဇင်ဘာ ၁၂-

 မြန်မာ့ယဉ် ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ဆန့် ကျင်ထိခိုက်စေသည့်အတွက် အနှိပ် ခန်းများကို တရားဝင်ခွင့်ပြုမပေးနိုင် ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြော ဆိုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အာဏာပိုင်တချို့နှင့် အနှိပ်ခန်းပိုင်ရှင်များအကြား ကြီးမားသည့် လာဘ်စားမှု၊ ခြစားမှုများကြောင့် အနှိပ်ခန်းများ ပေါများနေကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဒေါ်ညိုညိုသင်း က ပြောသည်။

ဒီဇင်ဘာ ၁၂ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြု ပေးရန် တိုက် တွန်းကြောင်း အဆို အပေါ် တိုင်းအစိုးရအဖွဲ့မှ အနှိပ်ခန်းများအား မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေခြင်းကြောင့် တရားဝင် ဖွင့်လှစ်ခွင့်ပေးမထားကြောင်း ပြောဆိုခဲ့မှုအပေါ် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုမပေးထားခြင်းမရှိပါဘူးလို့ အစိုးရအဖွဲ့ က ပြောပေမယ့် လက်ရှိ ဖြစ်နေတာက အာဏာပိုင်တချို့နဲ့ အနှိပ်ခန်းပိုင်ရှင်တွေ ကြားထဲမှာ ကြီး မားတဲ့လာဘ်စားမှုနဲ့ ခြစားမှုတွေ ကြောင့် အနှိပ်ခန်းတွေ ပေါ များနေပြီး ပပျောက်ခြင်းမရှိသေးဘူး''ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညို သင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ မရှိစေရေးအတွက် တိုင်းဒေသ ကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင် ရွက်လျက်ရှိပြီး အလှပြင် ဆိုင်အဖြစ် ဗန်းပြကာ အနှိပ်ခန်းများဖွင့်လှစ်ခြင်း၊ ကေတီဗွီများကိုအကြောင်းပြပြီး အနှိပ်ခန်းများ၊ ပြည့်တန်ဆာလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ဖော် ထုတ်ဖမ်းဆီးနေသည်ဟု တိုင်းဒေသ ကြီးလွှတ်တော်အတွင်း ပြောဆိုခဲ့သည်။

''အနှိပ်ခန်းတွေက ယဉ်ကျေးမှု နဲ့မညီဘူးဆိုရင် ဘာကြောင့် ရန်ကုန်မှာ အနှိပ်ခန်းတွေ အများကြီးရှိနေ တာလဲ ဥပဒေနဲ့မညီဘူး၊ အရေးယူနေတယ်ဆိုရင် အနှိပ်ခန်းတွေအများကြီးဖြစ်လာစရာမရှိဘူး။ အနှိပ်ခန်းတွေရှိမှန်းမသိတာလား။ မသိချင်ယောင်ဆောင်နေတာလားဆိုတာလားတော့ မသိဘူး''ဟု ရန်ကုန်မြို့ တွင် နေထိုင်သူ ဦးကျော်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများများစွာရှိနေသဖြင့် အနှိပ်ခန်းများ ပပျောက်နိုင်မည်မဟုတ်ဟု ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။

''တရားဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေမှန်သမျှ ကျွန်တော်တို့ဥပဒေနဲ့ အညီဖြစ်အောင် တရားစွဲဆိုတာတွေ၊ ဖမ်းဆီးတာတို့ ဆောင်ရွက်လျက်ရှိပါ တယ်။ သို့သော်လဲပဲ ဒါတွေမပျောက် နိုင်ပါဘူး''ဟု ဗိုလ်မှူးကြီးတင်ဝင်းက လွှတ်တော်အတွင်းပြောသည်။

''အမျိုးသမီးများအကြမ်းဖက် မှုကာကွယ်ရေးသဘောတူညီချက် စီဒေါကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးတွေ အနှိပ်ခန်းမှာ ခေါင်း ပုံဖြတ်ခံနေရတာ၊ ဖမ်းဆီးခံရလိုရှိရင်လဲ ပြည့်တန်ဆာအမှုနဲ့ အရေးယူမှုတွေရှိနေ တယ်။ ဒီလိုမျိုး အမျိုးသမီတွေအနှိပ်ခန်းတွေ မှာ ခေါင်းပုံဖြတ်ခံနေရတာ သက်ဆိုင်ရာအစိုးရမှာ တာဝန်ရှိပါတယ်''ဟု ဒေါက်တာဒေါ်ညိုညိုသင်းက လွှတ် တော်အတွင်း ပြောကြားခဲ့သည်။

အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပေးပါက မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ကို ဆန့်ကျင်ထိခိုက် စေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အနှိပ် ခန်းများ တရား ဝင်ခွင့်ပြုမပေးနိုင်ကြောင်း၊ ထို့ပြင် အဆိုအရ အနှိပ်ခန်းများကို ဥပဒေပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီးတစ်ခု တည်း ဆောင်ရွက်၍မရဘဲ တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက် ရမည်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရ မှ ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်သဖြင့် အနှိပ်ခန်း တရားဝင်ခွင့်ပြုပေးရန် အဆိုကို လွှတ်တော်အတွင်း မှတ်တမ်း တင်ထားရှိခဲ့ကြောင်း သိရသည်။

အနှိပ်ခန်းများ တရားဝင်ခွင့်ပြု ပေးရန် အဆိုအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းကျော်က ဒီဇင်ဘာ ၈ရက်တွင် ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

SYMZ
‪#‎Democracytoday‬

ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန်နိုင်ငံသားအမှုလိုက်ရန် ရှေ့နေများ ငြင်းပယ်


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip အတွက် ကမ်းလှမ်းခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စဖြစ်တာကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတဦးကို ချဉ်းကပ်ခဲ့ရာမှာ ကနဦးလက်ခံထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။

“ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက်မှာတော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့အတွက် အမှုကို မလိုက်နိုင်တဲ့အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသက် ၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့နဲ့ သီးသန့် ထားထားသလို တဦးတယောက်နဲ့မှတွေ့ခွင့်မပေးဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဌာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတဲ့အတွက်  သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ဖို့ မသေချာ သေးကြောင်း NCCT ပြော


ဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့ရတဲ့ လိုင်ဇာ ကို ပစ်ခတ်ခဲ့မှု အပေါ် အစိုးရဘက်က ဘယ်လို တာဝန် ယူမှုမှ မပြုလုပ်သေးဘူးလို့ NCCT က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ NCCT ဘက်က တောင်းဆိုထား တဲ့ အချက်တွေ အပေါ် မြန်မာ အစိုးရက တိကျတဲ့ အာမခံချက် နဲ့ တုန့်ပြန်မှု မပေးမချင်း၊ ငြိမ်းချမ်းရေး အတွက် နောက်တစ်ကြိမ် တွေ့ဆုံကြဖို့ NCCT အနေနဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ခဲ့တဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ ဌာနချူပ် ရှိရာ လိုင်ဇာက စစ်သင်တန်း ကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်လောင်း ၂၀ ကျော် ကျဆုံး ခဲ့ရတဲ့ အဖြစ်အပျက် အပေါ် အစိုးရဘက်က တာဝန်ယူ ဖြေရှင်းတာမျိုး၊ နောင် အလားတူ ဖြစ်ရပ်တွေ မပေါ်ပေါက်အောင် အာမခံတာမျိုး လုပ်ဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် NCCT ခေါင်းဆောင်တွေ အနေနဲ့ အစိုးရက ဖိတ်ခေါ်ထားတဲ့ လာမယ့် ဒီဇင်ဘာ ၂၈ တွေ့ဆုံပွဲကို သွားရောက် တက်ဖို့ မတက်ဖို့ မဆုံးဖြတ် ရသေးတာ ဖြစ်တဲ့ အကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

၂ ဘက်အကြား တွေ့ဆုံခဲ့တဲ့ စက်တင်ဘာ အစည်းအဝေး တုန်းကလည်း ၊ အစိုးရဘက်က အရင် သဘောတူ ထားတဲ့ အရာတွေ အပေါ် ပြန်လည် ပယ်ဖျက်တာမျိုး ပြုလုပ်ခဲ့တဲ့ အတွက်၊ နောင် တွေ့ဆုံကြတဲ့ အခါ တတိယ ကြားလူ သက်သေတွေ ထားရှိဖို့လည်း NCCT ဘက်က တောင်းဆို ထားပါတယ်။
BBC

Thursday, December 11, 2014

၂၀၀၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေသည် တောင်သူများကို ပြစ်ဒဏ်ပေးရန် သီးသန့်ရည်ရွယ်ထားသည့် ဥပဒေကဲ့သို့ဖြစ်နေ၍ ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြောကြား


၂ဝဝ၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေသည် တောင်သူများကို ပြစ်ဒဏ်ပေးရန် သီးသန့်ရည်ရွယ်ထားသည့် ဥပဒေကဲ့သို့ ဖြစ်နေသည့်အတွက် ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

ဦးမင်းသူက “ဒီဥပဒေကို ပြင်ဖို့တော့လုပ်ရမယ်။ ဥပဒေဆိုတာတော့ ရှိရမယ်။ ဥပဒေရှိမှ ကောင်းတာပါ။ ရှိလည်း ရှိသင့်တယ်။ ဆင်းရဲသားပပျောက်ရေးဆောင်ရွက်နေတဲ့  သမ္မတရဲ့မူနဲ့လည်း ဒီဥပဒေက မကိုက်ဘူး ဖြစ်နေတယ်။ နိုင်ငံတော်မူနဲ့လည်း မကိုက်ဘူး။ သမ္မတနယ်မြေမှာ သမ္မတရဲ့ မိန့်ခွန်းနဲ့ ကိုက်အောင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မူနဲ့မကိုက်တဲ့ ဥပဒေလို့လည်း ပြောလို့ရမယ်။ မူနဲ့ကိုက်ညီအောင် ဥပဒေက ဆောင်ရွက်ဖို့လိုတယ်။ ပြစ်ဒဏ်ပေးဖို့ သီးသန့်ရည်ရွယ်ထားတဲ့ ဥပဒေမျိုး ဖြစ်နေတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်အတွင်း ဖြစ်ပွားနေသည့် နေရာအနီးရှိ လယ်မြေကွက်များအား အာဏာရှိသူများ၊ ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှ ရယူထားသည်ကို တွေ့ရကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ကျူးကျော်ဆိုကာ တရားစွဲခံရပြီး ထောင်ကျနေရကြောင်း၊ သမ္မတကြီးရှိသည့် ဒေသမှာ ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း၊ မြို့သစ်တည်သည့်အတွက် ကျေးရွာများ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ခြံကျယ်သည့်သူများအား မနစ်နာအောင် (၄ဝ x ၆ဝ) နှစ်ကွက်၊ သုံးကွက်ပေးမည်ဟု ပြောခဲ့မှုများရှိကြောင်း၊ ကတိပြုထား၍ ပေးသည့်နေရာတွင် မူလတောင်သူများက အိမ်များဆောက်သည်ကို တွေ့ရှိကြောင်း၊ အခုကျတော့ အဲဒီသူတွေကို တစ်ကွက်ယူရမှာကို နှစ်ကွက်၊ သုံးကွက်ယူတယ်ဆိုတဲ့ ပုံစံနဲ့ ပိုင်ဆိုင်ခွင့်မရှိဘူးဆိုပြီး ကျူးကျော်ဆိုကာ တရားစွဲမှုများဖြစ်လာပြီး ထောင်ကျနေခဲ့သည်များရှိကြောင်း ၎င်းက ပြောကြားသည်။

စည်ပင်သာယာရေးဥပဒေဆိုတာ မြို့ပြဥပဒေဖြစ်ကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသည့် ဥပဒေပဲ ဖြစ်သင့်ကြောင်း၊ အခုအနေအထားက ပြစ်ဒဏ်ပေးရန်သက်သက်ဖြစ်နေကြောင်း၊ ပြစ်မှုဆိုရင်လည်းထောင် သုံးလနဲ့ ဒဏ်ငွေပဲရှိကြောင်း၊ ဒဏ်ငွေကလည်း ၅ဝဝဝ ကျပ်ကနေ တစ်သိန်းအထိရှိကြောင်း၊ နေစရာ၊ စားစရာမရှိတဲ့သူဆိုတော့ မည်သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေက အခြေခံဥပဒေနဲ့လည်း ကွဲလွဲနေတယ်။ ဥပဒေမှာက နိုင်ငံသားတစ်ယောက်ရဲ့ နေအိမ်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပြုရမယ်လို့ ပြဠာန်းထားတာ။ အဲဒီလိုပါရဲ့သားနဲ့ နိုင်ငံရဲ့ အမြင့်ဆုံးသမ္မတရဲ့ နယ်မြေမှာ ဒီလိုဖြစ်နေတာကတော့ အခြေခံဥပဒေပါ နိုင်ငံသားတွေ ရဲ့အခွင့်အရေးအတွက် ပြန်ကြည့်ဖို့လိုတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

ဒီဥပဒေကို ကျွန်တော်တို့ ပြင်မယ်ဆိုရင်တောင် မပြင်ခင်မှာ မြေယာစီမံခန့်ခွဲမှု ကော်မတီကို အထူးသဖြင့် နစ်နာတဲ့တောင်သူတွေကို စနစ်တကျ ဖြေရှင်းပြီးမှသာ ဒီဥပဒေကို ကျင့်သုံးသင့်ကြောင်း၊ ဥပဒေမှာ ပျော့ကွက်၊ ဟာကွက်များရှိနေသည်ကို တွေ့ရကြောင်း၊ တရားသူကြီးကတော့ သူရဲ့ပညာအရသိကြောင်း၊ ဒါပေမဲ့ အထက်က ညွှန်ကြားနေတာတွေရှိတော့ လွတ်လပ်တဲ့ တရားရုံးမဖြစ်တာကိုတော့ လေ့လာတွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နေပြည်တော်တွင် ၂ဝ၁၂ ခုနှစ်ခန့်မှစ၍ မြေယာအမှုပေါင်း ၃ဝဝ ခန့် ရှိနေပြီဖြစ်ကြောင်း၊ မြေယာမှုခင်းမှာ လက်ရှိအချိန်မှာ အမှုပေါင်း ၁၅ဝ ခန့် ရှိနေသေးကြောင်း၊ ထောင်ဒဏ်ကျခံခဲ့ရသည့် တောင်သူ ၁ဝဝ ဦးခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “၂ဝ၁၂ နောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဥပဒေ ပေါ်လာတယ်။ အဲဒီနှစ်ကစပြီး တောင်သူတွေကို ထောင်ချမှုတွေ စတော့တာပဲ။ ၂ဝဝ၉ ခုနှစ် စည်ပင်သာယာရေးအက်ဥပဒေက လွှတ်တော်မပေါ်ခင်က ပြဠာန်းထားတဲ့ ဥပဒေဖြစ်တယ်။ အခုဆိုရင် ရန်ကုန်မြို့တော်စည်ပင်ဥပဒေကို ဖျက်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းခဲ့တယ်လို့ သိရတယ်။ အခု နေပြည်တော်မှာလည်း ဒီဥပဒေကြောင့် တောင်သူတွေအတွက် ဆုံးရှုံးမှုတွေများနေတယ်။ ထောင်ကျတာကအစပေါ့”ဟု ပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ တောင်သူသုံးဦးအား ကျူးကျော်တရားစွဲဆိုထားသည့် အမှုရုံးချိန်းအား ဒီဇင်ဘာ ၂၂ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။
Eleven Media Group

လူနေအိမ်တစ်လုံးပေါ်သို့ လေယာဉ်တစ်စင်းပျက်ကျ ရာ လူခြောက်ဦးသေဆုံး

 
ဂေးသာဘာ့ဂ် ၊ ၁၀-၁၂-၂၀၁၄

အမေရိကန်ပြည်ထောင်စု မေရီလင်း ပြည်နယ်အတွင်းရှိ လူနေအိမ် တစ်လုံးပေါ် သို့ ပုဂ္ဂလိက လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူသုံးဦးနှင့် နေအိမ် အတွင်းရှိ လူသုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံး ခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် ဒေသတွင်း မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လေယာဉ် ပျက်ကျမှုသည် မောင်ဂိုမာရီ ခရိုင်မြောက်ဘက် တစ်မိုင်အကွာရှိ ဂေးသာဘာ့ဂ်မြို့ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်းလေယာဉ်ကို မောင်းနှင်လာသည့် လေယာဉ်မှူး သည် ၂ဝ၁ဝ ပြည့်နှစ် ကလည်း အဆိုပါ ခရိုင်လေဆိပ် အနီး၌ပင် မတော်တဆမှု တစ်ခုနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ သုံးဦးနှင့်အတူ နေအိမ် အတွင်းရှိ ကလေးငယ် နှစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ရပြီး အနီးအနားရှိ နေအိမ်ငါးလုံး ခန့် ပျက်စီး ခဲ့ရသည်။ လေယာဉ် ပျက်ကျမှု အကြောင်းအရင်း ကို ဖော်ထုတ်နိုင်ရန် တာဝန်ရှိ သူများက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

မုံရွာကိုကမ္ဘာကသိပြီ

 
ကမ္ဘာ့အကြီးဆုံး သတင်းဌာနကြီးဖြစ်သည့် CNN သတင်းဌာန၏ Travel အစီအစဉ်မှ ကမ္ဘာပေါ်တွင် ရင်သပ်ရှုမောဖွယ် အကောင်းဆုံး ဘာသာရေးဆိုင်ရာ အဆောက်အဦ ၁၀ ခု စာရင်းတွင် မုံရွာဒေသမှ ကျေးဇူးရှင် ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော် မူခဲ့သည့် လေးကျွန်းစင်္ကြာ ရပ်တော်မှု ဗုဒ္ဓအဆောက်အဦအား ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ မတ်တော်မူသည် ကမ္ဘာ့ပေါ်တွင် အမြင့်ဆုံး ဗုဒ္ဓ ရုပ်ပွားတော် ဖြစ်သည်ဟု CNN က ဆိုသည်။ အထပ်ပေါင်း ၃၁ ထပ် ထည့်သွင်းတည်ဆောက်ထားပြီး ခြေတော်မှ ပေပေါင်း ၃၈၀ မြှင့်မားသည်ဟု ဆိုသည်။

ကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ Space Station မှ နေ၍ မှန်ပြောင်းမလိုပဲ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တို့ ကို မြင်နိုင်မည် ဖြစ်သည်။

ေေေ လေးကျွန်းစင်္ကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်ကို ၂၀၀၈ ခုနှစ်က အပြီးအစီး တည်ဆောက်နိုင်ခဲ့သည်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးမှာ ၂၀၀၆ ခုနှစ် ပျံလွန်တော်မူခဲ့သည်။

CNN Travel မှ သင်သည် မည်သည့်ဘာသာဝင် ဖြစ်စေကာမူ နိုင်ငံတနိုင်ငံသို့ သွားရောက် လည်ပတ်ပါက အဆိုပါနိုင်ငံရှိ အံ့ဖွယ်ရာ ဒေသများ အဆောက်အဦ များ ရှိရာသို့ သွားရောက် မည် ဖြစ်သည်ဟု ဆိုသည်။

ဆရာတော်ဘုရားကြီး၏ အမျှော်အမြင်ကြီးမားမှုကြောင့် မုံရွာဒေသ ကို ကမ္ဘာက သိလာရုံမျှမက အာကာသမှပင် မြင်နိုင်ပြီ ဖြစ်သည်။

The Ladies News Journal

နိုဘယ်လ်ဆု လက်ခံရယူစဉ် ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်လိုကြောင်း မာလာလာပြောကြား

အော်စလို၊ ဒီဇင်ဘာ ၁၀

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ယနေ့နံနက်ပိုင်းက နော်ဝေးနိုင်ငံ၊ မြို့တော် အော်စလိုတွင် လက်ခံရယူစဉ် တက်ကြွလှုပ်ရှားသူ မာလာလာက ဗြိတိန်၌ ပညာသင်ကြားမှု ဆုံးခန်းတိုင်ပါက ပါကစ္စတန်သို့ ပြန်၍ နိုင်ငံရေးလောကထဲ ၀င်ရောက်ကာ ၀န်ကြီးချုပ်ဖြစ်လာသည်အထိ ကြိုးပမ်းရန် ရည်မှန်းမျှော်လင့်ထားကြောင်း ပြောကြားလိုက်သည်။

မာလာလာသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ကလေးသူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယနိုင်ငံသား ကေလပ်ရှ်စကြာသီနှင့် ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် လှုပ်ရှားနေစဉ် မာလာလာအား တာလီဘန်လက်နက်ကိုင်များက ၂၀၁၂ အောက်တိုဘာတွင် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းသို့ ကျည်ဆံ ထိမှန်ခဲ့သည်။

ယခု သူမသည် အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်လာသည်။

“ကျွန်မ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်တယ်၊ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်တာ ကျွန်မ အိပ်မက်ပါ။ ပြီးတော့ ကလေးသူငယ် အားလုံး ပညာသင်ကြားခွင့် ရတာ မြင်ချင်တယ်” ဟု မာလာလာက BBC HARDtalk စကားဝိုင်းအစီအစဉ် တင်ဆက်သူ စတီဖင်စက္ကာအား အော်စလို မြို့တွင် ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် လုပ်ကြံမခံရခင်အချိန်အထိ ၀န်ကြီးချုပ်သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ပါကစ္စတန်ဝန်ကြီးချုပ် ဘန်နာဇာကို အားကျအတုယူမိကြောင်း မလာလာက ထုတ်ဖော်ပြောကြားလိုက်သည်။

ယခုလို ကေလပ်ရှ်နှင့် အတူ ဆုရရှိခြင်းမှာလည်း ကြီးမားသော ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း ဆယ်ကျော်သက် နိုဘယ်လ်ဆုရှင်လေးက ဆိုသည်။

ယမန်နေ့က ကေလပ်ရှ်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် မာလာလာက မိန်းကလေးများ အနေဖြင့် ယောက်ျားလေးများနှင့် တန်းတူ ပညာသင်ကြားခွင့်ရရှိရေးကိုသာ အခါခါပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုတံဆိပ်နှင့် အတူ ယူရိုပေါင် ရှစ်သိန်းခြောက်သောင်း (ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း) စီ ရရှိသော ၎င်းတို့နှစ်ဦးသည် ကလေးသူငယ်များအပေါ် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ အစွန်းရောက်ဝါဒစွဲများဖြင့် ချုပ်ချယ်ကန့်သတ်ခြင်းတို့မှ ကာကွယ်ဟန့်တားသည့် လှုပ်ရှားမှုများ ပြုလုပ်ကြိုးပမ်း စွမ်းဆောင်ခဲ့၍ ရွေးချယ်ခံရခြင်း ဖြစ်သည်။

မာလာလာက ယခုဆုချီးမြှင့်ပွဲသို့ တက်ရောက်မလာသည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးမှ ၀န်ကြီးချုပ်များအပေါ် စိတ်ပျက်မိကြောင်း ပြောကြားလိုက်သည်။

အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးနှင့် ပညာရေးတို့အတွက် လှုပ်ရှားလျက် အတူတကွ ပူးတွဲဆုရခဲ့သူနှစ်ဦးမှာ ပါကစ္စတန်မှ မူဆလင်တဦးနှင့် အိန္ဒိယမှ ဟိန္ဒူတဦးတို့ ဖြစ်နေကြ၍ ထူးခြားအရေးပါသော နှစ်တစ်နှစ်ဖြစ်ကြောင်း နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီက ထုတ်ပြန်ခဲ့ဖူးသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေါင်း ၉၅ ဆုကို ၁၉၀၁ ခုနှစ်မှာ ယနေ့အချိန် အထိ ချီးမြှင့်လာခဲ့ခြင်း ဖြစ်ကာ မာလာလာမှာ ၁၆ ယောက်မြောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ အမျိုးသမီး ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အများဆုမှာ ပျမ်းမျှအားဖြင့် အသက် ၆၂ နှစ် ၀န်းကျင်တွင် ဆွတ်ခူးခဲ့ကြခြင်း ဖြစ်သော်လည်း အသက် ၁၇ သာ ရှိသေးသည့် မာလာလာသည် အငယ်ဆုံး နိုဘယ်လ်ဆုရှင် ဖြစ်လာသည်။

သမိုင်းတလျှောက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ချိန်တွင် ဖမ်းဆီးခံထားရသူ ၃ ဦးမှာ ကာလ်ဗွန်အိုစီယက်ဇ်ကီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လျူရှာဘိုတို့ ဖြစ်ကြသည်။

ပုံစာ- ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှစ်ဦး။ တာလီဘန်စစ်သွေးကြွများ၏ တိုက်ခိုက်ခံရသော နေ့က မာလာလာဝတ်ဆင်ခဲ့သည့် သွေးစွန်းဝတ်စုံ။

ကျော်လင်းထွန်း

__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပါ​လက်စ​တိုင်း ဝန်ကြီး သေ​ဆုံး​တဲ့ အပေါ် ဝမ်းနည်း​ကြောင်း အစ္စရေး ကာ​ကွယ်​ရေး ဝန်ကြီး ပြော

ဝန်ကြီး အဘူအင် သေဆုံးမှုကို အစ္စရေးတို့က စုံစမ်းနေကြောင်း ပြောပါတယ်။

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ ပါလက်စတိုင်း ဆန္ဒပြပွဲ တစ်ခု အတွင်း၊ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ နဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့ ပြီးတဲ့နောက်၊ ပါလက်စတိုင်း အစိုးရ ဝန်ကြီး Ziad Abu Ein သေဆုံး ခဲ့ရတဲ့ အပေါ် ဝမ်းနည်း ရပါကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး Moshe Yaalon က ပြောခဲ့ပါတယ်။

အဲဒီ့ အဖြစ်အပျက်နဲ့ ပတ်သက် ပြီးတော့ စုံစမ်းမှုတွေ လည်း လုပ်ဆောင် နေပါကြောင်း မစ္စတာ Yaalon က ဆိုပါတယ်။

ပါလက်စတိုင်း တွေရဲ့ သံလွင်ပင်တွေ စိုက်ပျိုးပြီး ဆန္ဒပြကြတဲ့ ပွဲမှာ၊ ဝန်ကြီး Abu Ein ရဲ့ လည်ပင်းကို အစ္စရေး နယ်ခြားစောင့် ရဲက ဆုပ်ကိုင် ထားတာကို ဗီဒီယို ထဲမှာ တွေ့ရပါတယ်။

အဲဒီ့ နောက်ပိုင်း ဝန်ကြီး Abu Ein ဟာ၊ သူ့ရဲ့ ရင်ဘတ်ကို သူဖိပြီး လဲကျသွား ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး Abu Ein သေဆုံး ခဲ့ရမှုနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က၊ အစ္စရေးဘက်က အခုလို ကျူးလွန်မှုဟာ အရိုင်းအစိုင်း တွေရဲ့ အပြုအမူမျိုး ဖြစ်တယ် ဆိုပြီး ရှုတ်ချလိုက်သလို၊ ဒီလို အပြုအမူကို သည်းခံမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ကလည်း အခုလို ဝန်ကြီး Abu Ein ရက်ရက်စက်စက် သေဆုံး သွားခဲ့ ရတဲ့ အပေါ် သူ့ အနေနဲ့ အလွန်မှ စိတ်ထိခိုက် ရကြောင်း ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Wednesday, December 10, 2014

Buddha Bar ပိုင်ရှင်နှင့် မန်နေဂျာနယူးဇီလန် နိုင်ငံသားအား ဖမ်းဆီးထား

 
ဒီဇင်ဘာ ၁၀ ရက်နေ့ ဖေ့စ်ဘွခ်လူမှု ကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် Buddha Bar ပိုင်ရှင် မြန်မာနိုင်ငံသားနှင့် မန်နေဂျာ နယူးဇီလန် နိုင်ငံသားအား ဗဟန်းရဲစခန်းမှ ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ဗဟန်းမြို့နယ်ရဲမှူး ဦးခင်မောင်ကြည်က News Watch သို့ ပြောကြားလိုက်သည်။

အဆိုပါသတင်းသည် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှစ၍ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ခြင်းကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးအရေးယူခဲ့သည်ဟု ဆိုသည်။
“ဆိုင်မန်ဂျာက နယူးဇီလန်နိုင်ငံသားပါ။ ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသားပါ။ အခုလူကြီးတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုအရေးယူရမယ်ဆိုတာ စီစဉ်နေပါပြီ။ လတ်တလော ဒီလောက်ပဲ ပြောလို့ရပါသေးတယ်””ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဘာကြော်ငြာပုံတွင် ဗုဒ္ဓရုပ်ဦးခေါင်းတော်တွင် Earphone နားကြပ်တပ်ဆင်ပေးထားသည်ကို မြင်တွေ့ရပြီး ယင်းဆိုင်းတွင် Shisha ရှူရှိုက်၍ ရနိုင်ကြောင်း၊ ဒီဇင်ဘာ ၁၄ ၌ စမည်ဖြစ်ကာ ၀င်ကြေးကျပ် တစ်သောင်းခွဲသတ်မှတ်၍ ညနေ ၃ နာရီမှ ၆ နာရီဟု ကြော်ငြာထားသည့်အတွက် Day Club ဟု အွန်လိုင်းအသုံးပြုသူများ က စွပ်စွဲရေးသားထားသည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက်နေ့ခင်းပိုင်းမှ အွန်လိုင်းတွင် ပျံ့နှံ့နေ၍ ၎င်းကြော်ငြာပါ ဖုန်းနံပတ်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ဗုဒ္ဓရုပ်ပုံအား ယမကာဆိုင်ကြော်ငြာတွင် အသုံးပြုမှုအတွက် သင့်တော်မှုမရှိကြောင်း၊ စော်ကားမှုသက်သက်ဖြစ် ကြောင်း အွန်လိုင်းအသုံးပြုသူများက ဝေဖန်လျက်ရှိသည်။

ယင်းသတင်းနှင့်ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး၊ မှူးဇော်၏ Facebook စာမျက်နှာတွင်လည်း သက် ဆိုင်ရာတာဝန်ရှိသူများက သွားရောက် စစ်ဆေးနေကြောင်း ရေးသားထားပြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကလည်း ယင်းကိစ္စမှာ မသင့်တော်ကြောင်း ၎င်း၏ Facebook ပေါ်၌ ရေးသားထားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရည်းစားစာပေးသည်ကို လက်မခံသော ကျောင်းသူအား ရှစ်တန်းကျောင်းသားက ဓားဖြင့်ထိုး

ရည်းစားစာပေးသည်ကို လက်မခံ သောကြောင့် ရှစ်တန်း ကျောင်းသားက ကျောင်းသူကို ဓားဖြင့် ထိုးသည့် အမှု တစ်ခု ဒီဇင်ဘာ (၈) ရက်နေ့က လှိုင်သာယာ မြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။

ကလေးကို ရဲစခန်းကို ခေါ်ထား ပါတယ်။ ဖြစ်စဉ် ကတော့ မနေ့က (၁၂) နာရီ (၁၅) မိနစ်လောက်မှာ ကျောင်းတက်ရင်း ကနေ ကျောင်းခန်း ထဲမှာ ၀င်ပြီး တော့မှ ဓားနဲ့ ၀င်ထိုးခဲ့တာ ဟု လှိုင်သာယာ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမှာ ဓားဖြင့် အထိုးခံရသော ကျောင်းသူကို ဒီဇင်ဘာလ (၅) ရက်နေ့က စာလိုက်ပေးရာ ကျောင်းသူက လက်မခံဘဲ ပါးရိုက် ခဲ့သည်ကို မကျေနပ် သောကြောင့် ယခု ကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရိုးအသွား ကိုးလက်မ ရှိသော ဓားမြှောင်ဖြင့် ကျောင်းသူ၏ ရင်ဘတ်၊ ၀မ်းဗိုက်နှင့် နောက်ကျောတို့ကို လေးချက် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဓားဖြင့် အထိုးခံရသော ကျောင်းသူမှာ အင်းစိန် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေ ရပြီး ဓားဖြင့် ထိုးသော ကျောင်းသားကို ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့် ထားကြောင်း လှိုင်သာယာ မြို့မ ရဲစခန်းမှ သိရသည်။

Messenger News Journal

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး


မောင်တော အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦးပျောက်ဆုံးနေကြောင်း သူမ၏ ခင်ပွန်းဖြစ်သူနှင့် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အငယ်တန်းစာရေးအဖြစ်တာဝန်ထမ်းဆောင်နေသည့် အဆိုပါအမျိုး သမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ သူမ၏ ၇ နှစ်အရွယ်သားငယ်နှင့်အတူပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူကပြောသည်။
“ပြီးခဲ့တဲ့လ ၁၅ ရက်နေ့ကနေ ကျွန်တော့်သားနဲ့အတူ ပျောက်နေတာပါ။ ဒီနေ့အထိ ဘယ်လိုမှအဆက်အသွယ် မရသေးပါဘူး။ ရဲစခန်းမှာလူပျောက်တိုင်ထားပါတယ်။သတင်းစာမှာလည်း လူပျောက်ကြော်ငြာထည့်ဖို့လုပ်တာ ရဲက ထောက်ခံချက် လိုတယ်ဆိုလို့ ရဲဆီက ထောက်ခံချက်တောင်းပေမယ့် ရဲက ထောက်ခံချက်မပေးပါဘူး”ဟု သူမ၏ခင်ပွန်း ဖြစ်သူက ပြောသည်။
မြို့ပေါ်တွင် သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။“ တစ်ဦးဦးနဲ့ လိုက်ပါသွားတယ်လို့ ကြားပါတယ်။ ဒီသတင်းကို တစ်မြို့လုံးလည်း စိတ်ဝင်စားနေကြပါတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက မယကရုံးသို့သွားရောက်စုံစမ်းသော်လည်း ရုံးမှတာဝန်ရှိသူများက အတွေ့မခံခဲ့ကြောင်း ခင်ပွန်းဖြစ်သူနှင့်မြို့ခံများက ဆိုသည်။

“ဒီကိစ္စကို မယကရုံးဆီသွားစုံစမ်းပေမယ့် လူကြီးတွေက တစ်ယောက်မှ ကျွန်တော့်ကိုအတွေ့မခံဘူး။ အသေး စိတ်လည်း မသိရဘူး။ မယကဥက္ကဋ္ဌကတော့ စစ်တွေမှာ လေးလပတ်အစည်းအ ဝေးရှိတယ်ဆိုပြီး ထွက်သွားတယ်။ ဒါပေမယ့် သူ စစ်တွေကိုမသွားဘဲ ရန်ကုန်ကိုလေးငါးရက်သွားတယ်လို့ ကြားရတယ်”ဟု ပျောက်ဆုံး သွားသည့်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောအထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကိစ္စအမှုမှန်ပေါ်ပေါက်စေရန်အတွက် ခင်ပွန်းဖြစ်သူက မြို့ခံများ၏လက်မှတ်များကို ကောက်ခံကာ ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားရန်စီစဉ်နေကြောင်း ခင်ပွန်းဖြစ်သူနှင့် မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသိန်းက နိရဉ္စရာသို့ ပြောသည်။
(နိရဉ္စရာ- မာန်ယုကျော် (ရွှေဝမြေ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားမဝင်အနှိပ်ခန်း ၄၃ မှု အရေးယူ


ရန်ကုန်တိုင်း​ ဒေသကြီး အစိုးရ အဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း
ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားမဝင် လုပ်ကိုင်နေတဲ့ အနှိပ်ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးခဲ့ရာမှာ ၄၃ မှုအထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း​ ဒေသကြီး အစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ က လွှတ်​တော် ကိုယ်စားလှယ် ဦးမျိုးခင် ရဲ့ ရပ်ကွက်တွင်း အနှိပ်ခန်းများဖွင့်လှစ်ခြင်းအား ဥပ​ဒေအရ ခွင့်ပြုမပြု​နဲ့ ပတ်သတ်တဲ့​ မေးခွန်းကို ပြန်လည်​ ဖြေကြား ခဲ့တာပါ။

“ရပ်ကွက်တွင်းမှာ အနှိပ်ခန်းများ တရားဝင်ခွင့်ပြု ထားခြင်း မရှိပဲနဲ့ ဖမ်းဆီးရမိ အ​ရေးယူ​သော အခါမှာ အဆိုပါ ပုဂ္ဂိုလ်ဟာ ​ကေတီဗွီအမည်ခံ၍ လည်း​ကောင်း၊ အလှပြင်ခန်း အမည်ခံ၍ လည်း​ကောင်း လိုင်စင်​လျှောက်ထား ရယူပြီး​တော့မှ အနှိပ်ခန်းများ တရားမဝင် ဖွင့်လှစ်​ကြောင်း​ တွေ့ရှိရပါတယ်။ အနှိပ်ခန်းများကိုလျှို့ဝှက်စုံစမ်းတဲ့အခါမှာ ခိုင်မာတဲ့ သတင်းရရှိပါက ဖမ်းဆီးပြီးရင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အ​နေနဲ့ ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၁၈၈ဖြင့်တရားစွဲအ​ရေးယူ​ ဆောင်ရွက်လျက်ရှိပါတယ်။ အနှိပ်ခန်းဖမ်းဆီးမှု အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စုစုပေါင်း ၄၃ မှု ဖမ်းဆီး အရေးယူပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးက​ပြောပါတယ်။

အနှိပ်ခန်းဖမ်းဆီးရမိပါက ဥပဒေအရအရေးယူဆောင်ရွက်ပြီး ပြည့်တန်ဆာခန်းဆိုရင် ၁ နှစ် ၆ လ၊ အနှိပ်ခန်းဆို ၁နှစ်ချိတ်ပိတ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်​နေ့ကလည်း ရန်ကုန်တိုင်းလွှတ်​တော်အစည်းအ​ဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေ ကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က တင်သွင်းခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာဆွေးနွေးဖို့ရှိပါတယ်။

ကေတီဗွီများနဲ့ အလှပြင်ဆိုင်များက လုပ်ငန်းများကိုဗန်းပြပြီး အနှိပ်ခန်းများအဖြစ် ဆောင်ရွက်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး ​ကေတီဗွီလုပ်ငန်းကိုဗန်းပြပြီး အနှိပ်ခန်းများဆောင် ရွက်လျက်ရှိနေမှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဖမ်းဆီးရရှိမှုမရှိဘဲ ၂၀၁၃ ခုနှစ်တွင် ​ကေတီဗွီအမှုပေါင်း ၂၅ မှုနှင့် တရားခံပေါင်း ၈၄ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ ​ကေတီဗွီအမှုပေါင်း ၁၁ မှုနှင့် တရားခံပေါင်း ၂၃ ဦး၊ အနှိပ်ခန်းနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၆၁ မှုနှင့် တရားခံပေါင်း ၅၁၁ ဦး၊ ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း ၇၈ မှု၊ တရားခံပေါင်း ၇၉၀ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ အနှိပ်ခန်းအမှုပေါင်း ၆၆ မှု၊ တရားခံပေါင်း ၄၂၄ ဦးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က  ပြည်သူ့လွှတ်တော်မှာပြောကြားဖူးပါတယ်။

 By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)

Tuesday, December 9, 2014

ဗင်နီဇွဲလားနိုင်ငံမှာ ပြိုင်ပွဲသွားပြိုင်ရင်း ပစ္စည်းထုပ်ပျောက်နေတဲ့ မြန်မာအလှမယ်

Tuesday, December 9, 2014
ဗင်နီဇွဲလားနိုင်ငံမှာ ပြုလုပ်နေတဲ့ Miss Tourism 2014 ကို သွားပြိုင်နေသော မြန်မာ အလှမယ် ဂျူးစံသာ တယောက် သူစီးသွားတဲ့ လေကြောင်းလိုင်းရဲ့ လိုအပ်ချက်ကြောင့် အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ ခရီးဆောင်အိတ်နှစ်လုံး ပျောက်နေတယ်လို့ သိရပါတယ်။

Miss Tourism Myanmar 2014 အလှမယ် ဂျူးစံသာ(ဓာတ်ပုံများ- Miss Golden land Myanmar Organization)


အဲ့ဒီအိတ်ထဲမှာ ပြိုင်ပွဲဝင်တလျှောက်နေ့စဉ် ၀တ်ဆင်ရမယ့် ၀တ်စုံတွေနဲ့ အသုံးအဆောင်တွေ၊ ဒေါက်ဖိနပ်တွေနဲ့ အမျိုးသားဝတ်စုံအဖြစ် ယှဉ်ပြိုင်မယ့် ပုဂံဝတ်စုံမှာ ထည့်သွင်းအလှပြကိုင်ဆောင်မယ့် အလှအိုးလေးပါ ပါသွားတယ်လို့ သူ့ရဲ့ organization က ဆိုပါတယ်။

“ဒီကနေ ထိုင်းကိုစီးရတယ်။ ထိုင်းကနေ ပြင်သစ် ၊ ပြင်သစ်ကနေမှ ဗင်နီဇွဲလားကို သွားရတယ်။ သူက ပြင်သစ်မှာ လေယာဉ်ပြောင်းရတော့  အဲ့မှာ Air French လေကြောင်းလိုင်းကနေ လေယာဉ်က မှားပြီး သယ်သွားတယ်ဆိုပြီး ကျနော်တို့ဆီကိုလည်း တောင်းပန်စာလည်းရောက်လာတယ်။ အကောင်းဆုံး ကြိုးစားပြီးတော့ ပြန်ရှာပေးပါ့မယ်ပေါ့။ သူတို့ အမှားဖြစ်တဲ့အတွက် ဂျုးစံသာတည်းတဲ့ ဟိုတယ်ရဲ့ လိပ်စာကိုပြောပါ။ သူတို့ Delivery နဲ့ ပို့ပေးပါမယ်ပြောပါတယ်။ ဒါပေမယ့် မနက်ဖြန် ၁၀ ရက်နေ့ပဲ ပြိုင်ပွဲဖြစ်နေပြီ။ ဒီအတောအတွင်းမှာ အခုထိရောက်မလာသေးဘူးခင်ဗျ။” လို့ ဂျူးစံသာကို စေလွှတ်ခဲ့တဲ့ Organizer ကိုဝေယံအောင်က ပြောပါတယ်။

အလှမယ် ဂျူးစံသာအတွက် လိုအပ်တဲ့ အ၀တ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ၎င်းတို့ အဖွဲ့အစည်းကနေ ဟိုဘက်မှာရှိတဲ့ Tourism Organization ကို အကြောင်းကြားပေးထားတဲ့အတွက် သူတို့အနေနဲ့ အဆင်ပြေအောင် ပြင်ဆင်ပေထားတယ်ဆိုပေမယ့် အခုလို ပျောက်သွားတဲ့အတွက် အခက်အခဲတော့ အနည်းငယ်ရှိသွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ကံကောင်းတာက သူဖိုင်နယ်မှာ ၀တ်မယ့် Evening Gown တွေ Swim Suite တွေ နောက် ဖိုင်နယ်မှာ ၀တ်မယ့်အ၀တ်အစား မှန်သမျှက သူနဲ့တပါတည်း သီးသန့်ပါသွားတဲ့အတွက်ကြောင့်ပါ။ ဟိုမှာ ပါသွားတာတွေ က National Costume မှာ ပါရမယ့် အဆင်တန်ဆာတွေဖြစ်တဲ့ အိုးလေးပေါ့။ သူ့ဝတ်စုံက ပုဂံဝတ်စုံမှာ လက်ကနေ ကိုင်မယ့် အိုးလေးပါသွားတယ်။ သူ နေ့စဉ်ဝတ်မယ့် အ၀တ်အစားတွေပါသွားတယ်။ နောက် စီးမယ့် ဒေါက် ဖိနပ်တွေ ၆ ရံလောက်ရှိမယ် အဲ့ဒါတွေအကုန်လုံး ပါသွားတဲ့အတွက် အကုန် ဟိုမှာ အသစ်တွေ ပြန်ဝယ်ရတယ်။ ကံကောင်းတာက နေ့စဉ်ဝတ်မယ့် အ၀တ်အစားတွေ ပျောက်သွားပေမယ့် ဟိုမှာက ပြိုင်ပွဲဝင်တွေ အားလုံးက Miss Tourism ၀တ်စုံလေးတွေ ၀တ်ရတဲ့အတွက် နေ့စဉ်အ၀တ်အစားအတွက်တော့ အဆင်ပြန်ပြေသွားတယ်။ ဖိုင်နယ်အတွက်က စိတ်ပူစရာမရှိပါဘူး။ ဖိုင်နယ်မှာကတော့ သူနဲ့အတူတူ ပါသွားတဲ့ပစ္စည်းတွေအကုန်လုံးက ဖိုင်နယ်မှာ အသုံးဝင်ပါတယ်။” ကိုဝေယံအောင်က ရှင်းပြပါတယ်။

မြန်မာအလှမယ် ဂျူးစံသာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ Miss Tourism 2014 ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပနေတာပါ။

ပြိုင်ပွဲဝင်နိုင်ငံတခုချင်းစီရဲ့ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ဖို့နဲ့ အသိပညာ ဗဟုသုတ တွေ မျှဝေဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားပြုအလှမယ်တွေ လာရောက်ယှဉ်ပြိုင်နေကြတာပါ။

မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖိုင်နယ်ပွဲကြီးကို ကျင်းပမှာပါ။


ဧရာဝတီ Blog

ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးသူ ဗိုလ်မှူးထောင်ချခံရမှု HRW ဝေဖန်


ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုးလို့ မြန်မာ စစ်အရာရှိ တဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တာလား ဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုထံ လက်မှတ် ကောက်ယူ လှုပ်ရှားမှု ကာလအတွင်း ပြင်ဦးလွင်မြို့မှာ ဗိုလ်မှူးကျော်စွာဝင်း ပါဝင်လက်မှတ်ရေးထိုး ခဲ့တာပါ။ သူ့ကို ဧပြီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး ငါးလ အကြာမှာ စစ်ခုံရုံးက ပုဒ်မ (၄၁) အမိန့် မနာခံမှုနဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်းနဲ့မညီဘဲ ပြုမူပြောဆိုမှု-စတာတွေနဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားပါတယ်။

အခုလို ဗိုလ်မှူးကျော်စွာဝင်းကိုအရေးယူတဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တကယ်ပဲဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ရပ်တန့်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေထဲမှာ ဒီလို အရေးယူတဲ့အချက်မျိုးပါဝင်ပါတယ်။ ဒီလိုဖိနှိပ်မှုမျိုးဟာ စစ်အာဏာရှင် အုပ်ချုပ် ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက ရှိခဲ့တာပါ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲပြောင်းလဲနေပြီးလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါ တယ်။ စစ်တပ်က နိုင်ငံရေး ကစားနေတာလား၊ ဒါမှမဟုတ် အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့၊ နိုင်ငံ တကာ အလှူရှင်တွေကိုဆွဲဆောင်ဖို့ လှည့်ဖြားချက်တွေကို သက်သက်လုပ်နေတာလားဆိုတာ မေးစရာရှိပါတယ်။”

ဒါ့အပြင် ဗိုလ်မှုးကျော်စွာဝင်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လျှော့ချဖို့ထောက်ခံခဲ့တာဖြစ်ပြီး ဒါဟာလည်း စစ်တပ်ရော၊ အစိုးရကိုယ်တိုင်ပါ ပြောနေတဲ့အချက်ဖြစ်ပါတယ်လို့ Brad Adams ကဆိုပါတယ်။

“ဒီအမိန့်မျိုးဟာ စစ်အာဏာရှင်လက်ထက်တုန်းက ရှိခဲ့တာပါ။ အခုအချိန် စစ်အာဏာရှင် မရှိတော့ပါဘူး။ ဒါကြောင့် ဒီအမိန့်ဟာ အဓိပ္ပာယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေရော၊ ယူနီဖောင်းချွတ်ပုဂ္ဂိုလ်တွေပါ အစိုးရနဲ့လွှတ်တော်မှာ အမှုထမ်းနေကြပြီး သူတို့ရဲ့နိုင်ငံရေးအမြင်တွေကို တင်ပြနေကြတာပါ။”

အခုလို ဗိုလ်မျိုးကျော်စွာဝင်းအနေနဲ့ စစ်ယူနီဖောင်းဝတ်ပြီး ထောက်ခံလက်မှတ်ရေးထိုးတာကို ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူတာဟာ စစ်တပ်နဲ့ ပြည်သူအကြားမှာ အမြင်လွဲမှားမှုတွေပိုပြီးကြီးလာစေတယ်လို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကသုံးသပ်ပါတယ်။

“ဗိုလ်မှူးကျော်စွာဝင်းကို အရေးယူတဲ့ပုဒ်မက ပုဒ်မ (၆၅) ဆိုတာ တပ်မတော်မှာတော့ ‘အမြင်ကပ်ပုဒ်မ’ လို့ ခေါ်တာပေါ့လေ၊ သူတို့ရဲ့ ပုဒ်မကတော့ စစ်စည်းကမ်းနဲ့မလျော်မညီ ပြုမူလုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မမျိုးတပ်တာ ဖြစ်ပါလိမ့်မယ်။ ဒီပုဒ်မကတော့ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဒီပုဒ်မနဲ့က အရေးယူမယ်ဆိုရင် လွတ်တဲ့လူကတော့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာတော့ ပုဒ်မ (၄၃၆) ကို ယူနီဖောင်းနဲ့ သွားပြီးတော့မှ လက်မှတ်ထိုးရုံလောက်နဲ့တော့ စစ်စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ပြောလို့ မရပါဘူးခင်ဗျာ။ ဒါပေမယ့် (၄၃၆) ကို မထိုးရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ထားတဲ့ ကျနော်တို့ စစ်သည်တော်ကျင့်ဝတ်တို့- ဘာတို့မှာ ဒါမျိုးတွေ မပါပါဘူး။ တကယ်တော့ ကျနော်တို့တပ်မတော်ဟာ ပြည်သူတွေလိုလားတဲ့ ပြည်သူ့ တပ်မတော်သာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်အခုလက်ရှိကတော့ တပ်မတော်သားအများစုနဲ့ မိသားစုတွေနဲ့ ပြည်သူကို သွေးခွဲထားတဲ့အနေအထားမျိုးနဲ့ လုပ်ထားတာမျိုးပါ။ အင်မတန်မှ တပ်မတော်သားတွေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ ဗိုလ်မှူးကျော်စွာဝင်းကို စံပြအဖြစ် ထောင်ချပြတယ်လို့ပဲ ကျနော် မြင်ပါတယ်ခင်ဗျ။”

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ၀န်ထမ်းတွေအပေါ်မှာ အရင် စစ်အစိုးရလောက် ပြင်းထန်တဲ့တားမြစ်ချက်မျိုးတွေမရှိပေမယ့် စစ်တပ်တွင်း အခုလို အမိန့်ထုတ်ပြန်တားဆီးထားသလိုမျိုး ၀န်ကြီးဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး နိုင်ငံရေးထဲမပါဝင်ရအောင် တားမြစ်ထားတာတွေ ရှိနေတယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျောင်းသားတွေနဲ့ပတ်သက်တဲ့ ပညာရေးဌာနတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ တားမြစ်ထားတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ ဒီတပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် စည်းကမ်းထုတ်ပြန်ပြီဆိုရင်တော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့နော်။ သာမန်ဝန်ထမ်းတွေနဲ့ ပြည်သူတွေအပေါ်မှာတော့ ဒီ လိုမျိုး ထုတ်ပြန်ပြဌာန်းတဲ့ဥစ္စာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝဆန့်ကျင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ပဲ ကျနော်က ပြောချင်ပါတယ်။”

၂၀၁၃ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတို့ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ စည်းရုံးလှုပ်ရှားခဲ့ကြရာမှာ ပြည်သူတွေရဲ့လက်မှတ် စုစုပေါင်း (၅) သန်းကျော် ကောက်ခံရရှိခဲ့ပြီး ဒီစာရင်းကို လွှတ်တော်မှာလည်း တင်သွင်းထားပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)

Monday, December 8, 2014

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံမြန်မာ ၂ ဦးကို ခရိုင်တရားရုံးတွင် စတင်စစ်ဆေးမည်

 
ထိုင်းနိုင်ငံလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ မြန်မာ လူငယ် ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကော့စမွီ ခရိုင် တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

ထိုင်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး အမှုပေါင်း ၇ မှုနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တရားရုံး တင်လိုက်တာ ဖြစ်ပါတယ်။ တရားခံ လူငယ် ၂ ဦးအနေနဲ့ ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုအပေါ် တာဝန်ရှိသူတွေရဲ့ အမှုစစ်ဆေးချက်ကို ယုံကြည်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံမြန်မာ ၂ ဦးကို ခရိုင်တရားရုံးတွင် စတင်စစ်ဆေးမည်

 
ထိုင်းနိုင်ငံလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ မြန်မာ လူငယ် ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကော့စမွီ ခရိုင် တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

ထိုင်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး အမှုပေါင်း ၇ မှုနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တရားရုံး တင်လိုက်တာ ဖြစ်ပါတယ်။ တရားခံ လူငယ် ၂ ဦးအနေနဲ့ ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုအပေါ် တာဝန်ရှိသူတွေရဲ့ အမှုစစ်ဆေးချက်ကို ယုံကြည်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

ယူနန်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၉ ရှိငလျင်လှုပ်ခတ်ရာ နေအိမ် ၁၃၀၀ ကျော်ပြိုကျ

 
ပေကျင်း ၊ ၈-၁၂-၂၀၁၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တွင် ပြင်းအား ၅ ဒသမ ၉ ရစ်ခ်ျတာစကေး ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန် ခဲ့သည့် သတင်းများအရ သိရသည်။

အဆိုပါ ငလျင်သည် ကျင်းကူခရိုင် အတွင်း၌ ဒီဇင်ဘာ ၆ ရက် ည ၆ နာရီခွဲ အချိန်ခန့်က မြေပြင်အနက် ၁ဝ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ငလျင် လှုပ်ခတ်မှု ကြောင့် ချီယင်းကျေးရွာ တွင် အသက်ကိုးနှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ပြည်နယ် အတွင်းရှိ ပူအာမြို့မှ ဒေသခံပြည်သူ ၃၃၉ဝဝဝ ခန့်မှာ ငလျင်ဒဏ်သင့် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသခံပြည်သူ ၁၁ဝဝဝ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ပူအာမြို့မှ လက်ထောက် မြို့တော်ဝန် ဝေယီဟုန် က ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ဒေသတွင်းရှိ နေအိမ် ၁၃ဝ၂ လုံးမှာ ပြိုကျခဲ့ပြီး အခြားအိမ် ၆၄၇၁ လုံးမှာ ပျက်စီးခဲ့ကြောင်း၊ ယင်းဒေသ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် အစိုးရက ကျွမ်းကျင်သူ ပညာရှင်ဦးရေ ၁ဝဝ ကျော်ကို စေလွှတ်ခဲ့သည်။

ယခုအခါ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ ဝန်ထမ်းများ ပါဝင်သည့် အင်အား ၂၅ဝဝ ခန့်ရှိ ကယ်ဆယ်ရေး အဖွဲ့ဝင် များသည် ပြိုကျသွားသည့် နေအိမ်များ အတွင်း ပိတ်မိ နေသူများအား ရှာဖွေခြင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

Sunday, December 7, 2014

စေတီတော် ရင်ပြင်တိုးချဲ့ရန် မြေတူးရာမှ တနင်္သာရီ ရှေးဟောင်း ဆင်းတုတော်များ တွေ့ရှိ

|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် လေသာစေတီတော်မြတ်ရင်ပြင်ပေါ်ရှိ ရွှေဘုန်းပွင့်စေတီတော် ရင်ပြင် တိုးချဲ့ရန် ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြေတူးရာမှ ရှေးဟောင်း ဘုရားဆင်းတုတော်များကို တွေ့ရှိခဲ့သည်ဟု တနင်္သာရီမြို့၏ ရှေးဟောင်း ပစ္စည်းများနှင့် ပတ်သက်ပြီး ၀ါသနာအရ စာတမ်းပြုစုလေ့လာနေသူ ဦးသန်းစိုးဝင်းထံမှ သိရသည်။

ဥာဏ်တော်အမြင့် ၅ လက်မခန့်ရှိ ရွှေဆင်းတုတော် ၃ ဆူ၊ ၅ လက်မမှ ၈ လက်မကြားရှိသော ငွေဆင်းထု ၁၆ ဆုနှင့် ကြေမွနေသည့် ငွေဆင်းထုတော်က တစ်ဆူ စုစုပေါင်း ၂၀ ဆူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆင်းတုတော်များကို ရုတ်တရက် ကြည့်သည့်အခါ ထိုင်းလက်ရာဟု ထင်ရသော်လည်း နားရွက်တော် “ကား” စွာရှိနေခြင်း၊ လက်တော်မသွယ်ခြင်း၊ ရင်သားတော် မဆူခြင်း၊ သင်္ကန်းတော် ရှည်နေခြင်း၊ ထိုင်တော်မူနေပုံမှာ တောင့်တောင့်တင်းတင်းတို့ ရှိခြင်းကြောင့် ရှေးတနင်္သာရီသားတို့၏ လက်ရာဖြစ်နိုင်သည်ဟု ဦးသန်းစိုးဝင်းက သုံးသပ်သည်။

ဆင်းတုတော်များ တွေ့ရှိသည့်နေရာသည် အုတ်ကုန်းနေရာဖြစ်ပြီး အထဲဘက်တွင် အခန်းဖွဲ့စည်းပုံတစ်ချို့နှင့် အမိုးအုတ်ကြွတ်များ တွေ့ရှိရသဖြင့် သာသနာ အဆောက်အဦးတစ်ခုခု ဖြစ်နိုင်သည်ဟု ဦးသန်းစိုးဝင်းက ခန့်မှန်းသည်။

လက်ရှိတွင် ဆင်းတုတော်များကို စေတီတော်တွင် အပူဇော်ခံထားရှိထားပြီး တနင်္သာရီမြို့ရှိ သြဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်မှုအတိုင်း ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု သိရသည်။

တနင်္သာရီမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် သာသနာဆက်စပ် ပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများကို ဒေသခံတို့မှ မကြာမကြာဆိုသလို တွေ့ရှိခဲ့ဖူးသည်ဟု ယင်းမြို့ခံတစ်ချို့က ဆိုသည်။

Dawei Watch

သံတော်ဆင့်က သတင်းထောက် နောက်တစ်ဦး တရားစွဲခံရပြန်ပြီ


မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သုံးပြီး သတင်းသမားတွေ ကို တရားစွဲဆို။

 ဒေသခံ ရဲတပ်ဖွဲ့ ရဲ့ လာဘ်ပေး လာဘ်ယူမှု အကြောင်းကို ရေးသားတဲ့ သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းထောက် ကို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့ က တရားစွဲဆို လိုက်တယ် ဆိုပြီး သံတော်ဆင့် ဂျာနယ်က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုအံ့ခေါင်မင်း က ဘီဘီစီ ကို ပြောပါတယ်။

လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်အောင် ရေးသားမှု ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို လိုက်တာပါ။

သံတော်ဆင့် ဂျာနယ် ရဲ့ အယ်ဒီတာ အစ ဖြန့်ဝေသူ အထိ စုစုပေါင်း ၁၁ ယောက်လည်း သမ္မတကို အကြည်အညို ပျက်အောင် ရေးသားခဲ့လို့ ဆိုပြီး အဲ့ဒီ့ မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ပဲ တရား ဆိုင်နေရဆဲ အချိန်မှာ၊ အခုလို သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းသမား နောက်ထပ် တစ်ဦး ထပ်မံ တရားစွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။

ထုံးတမ်းစဉ်လာ အရ သတင်းစာ ဂျာနယ်တွေပါ ရေးသားမှုတွေ အရ တာဝန်ခံ အယ်ဒီတာ နဲ့ ထုတ်ဝေသူကိုသာ တရားစွဲကြလေ့ ရှိပေမယ့်၊ အခု အသွင်ပြောင်း အစိုးရသစ် လက်ထက်မှာ အတည် ပြုထားတဲ့ မီဒီယာ ဥပဒေ အရတော့ ရေးသားသူ ဖြန့်ဝေသူတွေက အစ တရားစွဲခံနေရတဲ့ အခြေအနေမျိုး ဖြစ်တယ် လို့ မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ရှေ့နေဖြစ်သူ ဦးဇော်လင်း က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သံတော်ဆင့်က သတင်းထောက် နောက်တစ်ဦး တရားစွဲခံရပြန်ပြီ


မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သုံးပြီး သတင်းသမားတွေ ကို တရားစွဲဆို။

 ဒေသခံ ရဲတပ်ဖွဲ့ ရဲ့ လာဘ်ပေး လာဘ်ယူမှု အကြောင်းကို ရေးသားတဲ့ သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းထောက် ကို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့ က တရားစွဲဆို လိုက်တယ် ဆိုပြီး သံတော်ဆင့် ဂျာနယ်က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုအံ့ခေါင်မင်း က ဘီဘီစီ ကို ပြောပါတယ်။

လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်အောင် ရေးသားမှု ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို လိုက်တာပါ။

သံတော်ဆင့် ဂျာနယ် ရဲ့ အယ်ဒီတာ အစ ဖြန့်ဝေသူ အထိ စုစုပေါင်း ၁၁ ယောက်လည်း သမ္မတကို အကြည်အညို ပျက်အောင် ရေးသားခဲ့လို့ ဆိုပြီး အဲ့ဒီ့ မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ပဲ တရား ဆိုင်နေရဆဲ အချိန်မှာ၊ အခုလို သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းသမား နောက်ထပ် တစ်ဦး ထပ်မံ တရားစွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။

ထုံးတမ်းစဉ်လာ အရ သတင်းစာ ဂျာနယ်တွေပါ ရေးသားမှုတွေ အရ တာဝန်ခံ အယ်ဒီတာ နဲ့ ထုတ်ဝေသူကိုသာ တရားစွဲကြလေ့ ရှိပေမယ့်၊ အခု အသွင်ပြောင်း အစိုးရသစ် လက်ထက်မှာ အတည် ပြုထားတဲ့ မီဒီယာ ဥပဒေ အရတော့ ရေးသားသူ ဖြန့်ဝေသူတွေက အစ တရားစွဲခံနေရတဲ့ အခြေအနေမျိုး ဖြစ်တယ် လို့ မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ရှေ့နေဖြစ်သူ ဦးဇော်လင်း က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သံတော်ဆင့်က သတင်းထောက် နောက်တစ်ဦး တရားစွဲခံရပြန်ပြီ


မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သုံးပြီး သတင်းသမားတွေ ကို တရားစွဲဆို။

 ဒေသခံ ရဲတပ်ဖွဲ့ ရဲ့ လာဘ်ပေး လာဘ်ယူမှု အကြောင်းကို ရေးသားတဲ့ သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းထောက် ကို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့ က တရားစွဲဆို လိုက်တယ် ဆိုပြီး သံတော်ဆင့် ဂျာနယ်က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုအံ့ခေါင်မင်း က ဘီဘီစီ ကို ပြောပါတယ်။

လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်အောင် ရေးသားမှု ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို လိုက်တာပါ။

သံတော်ဆင့် ဂျာနယ် ရဲ့ အယ်ဒီတာ အစ ဖြန့်ဝေသူ အထိ စုစုပေါင်း ၁၁ ယောက်လည်း သမ္မတကို အကြည်အညို ပျက်အောင် ရေးသားခဲ့လို့ ဆိုပြီး အဲ့ဒီ့ မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ပဲ တရား ဆိုင်နေရဆဲ အချိန်မှာ၊ အခုလို သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းသမား နောက်ထပ် တစ်ဦး ထပ်မံ တရားစွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။

ထုံးတမ်းစဉ်လာ အရ သတင်းစာ ဂျာနယ်တွေပါ ရေးသားမှုတွေ အရ တာဝန်ခံ အယ်ဒီတာ နဲ့ ထုတ်ဝေသူကိုသာ တရားစွဲကြလေ့ ရှိပေမယ့်၊ အခု အသွင်ပြောင်း အစိုးရသစ် လက်ထက်မှာ အတည် ပြုထားတဲ့ မီဒီယာ ဥပဒေ အရတော့ ရေးသားသူ ဖြန့်ဝေသူတွေက အစ တရားစွဲခံနေရတဲ့ အခြေအနေမျိုး ဖြစ်တယ် လို့ မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ရှေ့နေဖြစ်သူ ဦးဇော်လင်း က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ခဲသတ္တုကုမ္ပဏီစွန့် နုန်းရေကြောင့် ကံပေါက်ဒေသ စိုက်ခင်များ ပျက်စီး



တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ခဲသတ္တုရှာဖွေနေတဲ့ Delco Maining လုပ်ငန်းခွင်က ကံပေါက်ချောင်း အတွင်း စွန့်ထုတ်လိုက်တဲ့ နုန်းရေတွေကြောင့် ချောင်းရေကို အမှီပြုပြီး ရေပေးနေတဲ့ ဟင်းသီး ဟင်းရွက်စိုက်ခင်း တွေနဲ့ ပန်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ဒေသခံ ခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကံပေါက်ကျေးရွာနေ ခြံလုပ်ငန်းရှင် ဦးမိုးလွင်က “နုန်းတွေ၊ ရေနောက်တွေက မိုင်းလုပ်တဲ့ လုပ်ငန်းခွင်ကနေပြီး စီးဆင်းလာတယ်။ ရေလောင်းတော့ သဘာဝရေမဟုတ်တဲ့အတွက် နုန်းဆီတွေနဲ့ဆိုတော့ အပင်က မကြီးထွားတော့ဘူး” လို့ ပြောပါတယ်။

မိုးတွင်းပိုင်းတွေမှာလည်း ချောင်းအတွင်း မိုးရေနဲ့အတူ နုန်းရေ အများပြား စီးဆင်းလာတဲ့အတွက်  ဥယျာဉ်ခြံမြေအတွင်း မကြာခဏ နုန်းရေနစ်မြုပ်လို့ သီးနှံပင်တွေ ထိခိုက်ပျက်စီးရတယ်လို့ ခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ခြံလုပ်ငန်းရှင်တွေဟာ ဥယျာဉ်ခြံမြေအတွင်း အပင်တွေရေလောင်းနိုင်ဖို့အတွက် ရေတွင်းတွေ၊ ချောင်းအနီးတဝိုက်မှာ လက်ယက်တွင်းတွေတူးပြီး နုန်းရေတွေကို အကြည်ခံကာ အသုံးပြုနေရပါတယ်။

နုန်းမြေတွေ ရောနှောစီးဆင်းနေတဲ့ ကံပေါက်ချောင်းကို မှီခိုပြီး လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံပိုင်ရှင် ၅၀ နီးပါးရှိပြီး ဧက ၁၀၀ ကျော်ရှိပါတယ်။

ကံပေါက်ဒေသ ဖွံ့ဖြိုးရေးလူငယ်ကွန်ရက်အဖွဲ့ဝင်တွေက လုပ်ငန်းခွင်အတွင်း သွားရောက်လေ့လာပြီး Delco Mining ခဲသတ္တုရှာဖွေရေးကုမ္ပဏီကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေနဲ့ ပက်သက်ပြီး ဖြေရှင်းပေးဖို့  တောင်းဆိုထားပါတယ်။။

ကံပေါက်ဒေသလုံးဆိုင်ရာ ဖွံ့ဖြိုးရေး လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုနီကိုက “ဒီကုမ္ပဏီဝင်လာပြီးနောက်ပိုင်းမှာ ဒီဖြစ်စဉ်ကြီးက အမြဲတမ်းဖြစ်နေတယ်။ ဒီကိစ္စတွေကို ဖြေရှင်းမယ်ဆိုပြီး Delco ကုမ္ပဏီကို လေ့လာ ရေးအနေနဲ့ ဝင်သွားခဲ့ပါတယ်။ ဝင်ခဲ့တဲ့အချိန်မှာလည်း သူတို့တွေ နုန်းရေတွေကို လွှတ်ချနေတာတွေ့ရတယ်။ နုန်းကန်အ ကြီးကြီးကိုလည်း တွေ့ခဲ့ပါတယ်။ အဲဒါတွေကို အမြန်ဆုံးဖြေရှင်ပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။ တကယ်လို့ ကျနော်တို့ တောင်းဆိုတာကို မဖြေရှင်းပေးဘူးဆိုရင်တော့ ဖိအားပေးမှုတခုခုတော့ လုပ်ရပါလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တဦး ပိုင်ဆိုင်တဲ့ Delco Mining ကုမ္ပဏီဟာ ကံပေါက်ဒေသမှာ ၂၀၁၀ ပြည့်နှစ်က စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး ၁၀ နှစ်စီမံကိန်းအနေနဲ့ မြေဧက ၂၀၀၀ ကျော်မှာ ခဲနဲ့ဆက်စပ်သတ္တုတွေကို ရှာဖွေလုပ်ကိုင်နေတာပါ။

သတ္တုထုတ်လုပ်တဲ့ အလုပ်ချိန်ကိုလည်း တနေ့အလုပ်ချိန် ၃ ဆိုင်းခွဲထားပြီး တချိန် ၈ နာရီ နဲ့ ၂၄ နာရီပတ်လုံး ထုတ်လုပ်နေပါတယ်။

By ကျော်စိုး (ဒီဗွီဘီ)

အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင် အသေဖမ်းမိ

ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah.
ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah.
၂၀၀၉ ခုနှစ်က နယူးယောက် မြေအောက်ရထားလမ်းစနစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုနဲ့ အမေရိကန် အလိုရှိနေတဲ့ al-Qaida ထိပ်ပိုင်းခေါင်းဆောင် တဦးကို ပါကစ္စတန်တပ်ဖွဲ့ဝင်တွေက အသေ ဖမ်းဆီးမိခဲ့တဲ့အကြောင်း ပါကစ္စတန်စစ်တပ်က ပြောဆိုလိုက်ပါတယ်။
အာဖဂန်နဲ့နယ်စပ် ၀ါဇီရစ်စတန်တောင်ပိုင်း ရှင် ၀ါ ဆခ့် ဒေသက အဒ်နန် ရှုကရီဂျူမား (Adnan Shukrijumah) ရဲ့ခြံဝင်းကို စနေနေ့မနက် အစောပိုင်းက ၀င်ရောက်စီးနင်းပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောဆိုခဲ့တာပါ။ သူနဲ့အတူ နောက်ထပ် အပေါင်းအပါ ၂ ဦးလည်း စီးနင်းမှုအတွင်း သေဆုံးခဲ့သလို၊ ၅ ဦးလည်း ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လတုန်းက စစ်သွေးကြွအခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို တိမ်းရှောင်ရင်း Shukrijumah (ရှုကရီဂျူမား) ဟာ မြောက်ပိုင်း ၀ါဇီရစ္စတန် လူမျိုးစုဒေသကနေ တောင်ပိုင်း ၀ါဇီရစ္စတန်ဒေသကို မကြာသေးခင်ကပဲ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေးဗျူရို FBI ကတော့ ဆော်ဒီနိုင်ငံဖွား Shukrijumah (ရှုကရီဂျူမား) ဟာ အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်သမား စာရင်းဝင်ဖြစ်ပြီး ဖမ်းဆီးပေးနိုင်သူကို ဒေါ်လာ ၅ သန်း ဆုငွေပေးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
VOA ဗွီအိုအေ (မြန်မာဌာန)

လိုင်ဇာမှာ ဗိုလ်လောင်းတွေသေဆုံးမှု အမှုမှန်ပေါ်ဖို့ ကုလကိုတောင်းဆို

 လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)
 လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)

ကချင်ပြည်နယ်နယ်စပ် လိုင်ဇာမှာရှိတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ဗိုလ်လောင်း စစ် သင်တန်းကျောင်းကို နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေဖို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် ရုံးရှေ့မှာ စနေနေ့က အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်း ဆိုခဲ့ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
……… ဆန္ဒပြကြွေးကြော်သံများ……
နယူးယောက်မြို့မှာ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကုလသမဂ္ဂဌာနချုပ်ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး ဆန္ဒပြနေကြတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာက ဗိုလ်လောင်းစစ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦးသေဆုံးသွားတဲ့ အမှတ်တရအထိမ်းအမှတ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Kachin Alliance ကချင်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဂျာမိုင်ကပြောပါတယ်။
“ဒီလို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျမတို့တိုင်းရင်းသားတပ်မတော်က တပ်သားတွေ ကျဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ အင်မတန်မှ စိတ်ထဲမှာလည်း ခံစားရတယ်။ မြန်မာပြည်အစိုးရအနေနဲ့ အထူးသဖြင့် တပ်မတော်အနေနဲ့ တာဝန်ရှိတယ်လို့ ကျမတို့အနေနဲ့ယူဆပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ ကတိကဝတ်ပြုထားတဲ့အချက်တွေကို မလိုက်နာဘဲနဲ့ သင်တန်းကျောင်းကို ဗုံးချတဲ့ကိစ္စ၊ ရှေ့ဆက်ပြီး ကတိကဝတ်ဖောက်ဖျက်တဲ့ အလုပ်တွေကို၊ မလိုက်နာတဲ့အလုပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုဖို့အတွက် ကျမတို့ - ကျမတို့ ကချင်အဖွဲ့တွေတင်မဟုတ်ပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။ အားလုံးပေါင်းပြီး ကျမတို့ ဆန္ဒထုတ်ဖော်တဲ့သဘောနဲ့ လုပ်တာဖြစ်ပါတယ်။”
ဒါ့အပြင် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတွေအနီးတ၀ိုက် မြန်မာစစ်တပ်အနေနဲ့ ဗုံးတွေနဲ့ပ စ်ခတ်တာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဂျာမိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ KIA ရဲ့ဗိုလ်လောင်းစစ်သင်တန်းကျောင်းက စစ်ဖက်၊ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အဆင်မြင့် သင်တန်းတွေအတွက် လူငယ်ခေါင်းဆောင်တွေကို အလှည့်ကျ ရွေးချယ်စေလွှတ်ကြောင်း ဆန္ဒပြပွဲမှာကိုယ်တိုင် ပါဝင်နေတဲ့ CNF ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ဦးလျန်အုပ်က ပြောပါတယ်။
“တပ်သားထဲက တော်တော်တော်တဲ့ သူတွေကို နောက်နောင်မှာ၊ စစ်ဘက်ဖြစ်ဖြစ်၊ အရပ်ဘက်ဖြစ်ဖြစ် ခေါင်းဆောင်တွေ မွေးထုတ်တဲ့အနေနဲ့ ကျနော်တို့ KIA -- သင်တန်းကို ကျနော်တို့ ဆယ်ယောက်၊ အခုအခေါက်မှာ ပို့ပါတယ်။ အရင်ကလည်း ပို့ဖူးပါတယ်။ သင်တန်းအစ ကတည်းက အကုန်လုံး သင်တန်းကို ကချင်ကပဲ သင်တန်းပေးပြီးတော့ စခဲ့တာဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားပေါင်းစုံ သင်တန်းအတူတူယူတဲ့အခါမှာ သင်တန်းကတည်းက တိုင်းရင်းသားပေါင်း အစုံ၊ စိတ်ဓာတ်အတူတူ၊ အတွေးအခေါ်အတူတူဖြစ်နိုင်ဖို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အဲဒီလို ပို့လိုက်ခြင်း ဖြစ်ပါတယ်။”
သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေထဲမှာ TNLA ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးက (၁၁) ဦးနဲ့ CNF ရဲ့ ချင်းဗိုလ်လောင်း နှစ်ဦး ကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ AA ခေါ် ရက္ခိုင့် တပ်မတော်က ရခိုင်ဗိုလ်လောင်း ရှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရှိခဲ့ပါတယ်။ နယူးရောက်က ဆန္ဒပြပွဲမှာပါဝင်သူ ရခိုင်ကော်မတီဝင် ခိုင်ဘခင်က သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။
“ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံအစိုးရကို ဖိအားပေးဖို့နဲ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ၂၃ ယောက် အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ အမှုမှန်ဖော်ထုတ်ပေးဖို့ကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်း စစ်ဆေးပေးဖို့ …ကျနော်တို့ ဒီနေရာမှာ လာပြီးတော့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”
အမေရိကန်အခြေစိုက် မွန်အမျိုးသားကောင်စီက နိုင်အောင်မွန်ကလည်း မြန်မာပြည်ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေ လိုလားတောင်းတနေကြကြောင်း အခုလိုပြောပါတယ်။
“ကျနော်တို့တိုင်းရင်းသားပေါင်းစုံက ငြိမ်းချမ်းရေးကို လိုလားနေပါပြီဆိုတာကို သက်သေပြလိုက်တာပါ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်ဟာ မရိုးသားဘူးပေါ့ဗျာ။ ပထမကတော့ ရှေ့မှာ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်။ နောက်မှာတော့ ပစ်ခတ်သတ်ဖြတ်တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးက မလိုလားတော့ ဘူးပေါ့ဗျာ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြဿနာရပ်တွေကို ကျနော်တို့အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ဆန္ဒလာပြတာလို့ ကျနော်မြင်တယ်ဗျ။”
ဒီဆန္ဒပြပွဲကို နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့နဲ့ (၇၇) လမ်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ပြုလုပ်ခဲ့ ကြပြီး ဖလော်ရီဒါ၊ မစ်ချီဂန်စတဲ့အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံက တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်ရှင်။

လိုင်ဇာမှာ ဗိုလ်လောင်းတွေသေဆုံးမှု အမှုမှန်ပေါ်ဖို့ ကုလကိုတောင်းဆို

 လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)
 လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)

ကချင်ပြည်နယ်နယ်စပ် လိုင်ဇာမှာရှိတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ဗိုလ်လောင်း စစ် သင်တန်းကျောင်းကို နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေဖို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် ရုံးရှေ့မှာ စနေနေ့က အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်း ဆိုခဲ့ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
……… ဆန္ဒပြကြွေးကြော်သံများ……
နယူးယောက်မြို့မှာ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကုလသမဂ္ဂဌာနချုပ်ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး ဆန္ဒပြနေကြတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာက ဗိုလ်လောင်းစစ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦးသေဆုံးသွားတဲ့ အမှတ်တရအထိမ်းအမှတ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Kachin Alliance ကချင်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဂျာမိုင်ကပြောပါတယ်။
“ဒီလို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျမတို့တိုင်းရင်းသားတပ်မတော်က တပ်သားတွေ ကျဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ အင်မတန်မှ စိတ်ထဲမှာလည်း ခံစားရတယ်။ မြန်မာပြည်အစိုးရအနေနဲ့ အထူးသဖြင့် တပ်မတော်အနေနဲ့ တာဝန်ရှိတယ်လို့ ကျမတို့အနေနဲ့ယူဆပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ ကတိကဝတ်ပြုထားတဲ့အချက်တွေကို မလိုက်နာဘဲနဲ့ သင်တန်းကျောင်းကို ဗုံးချတဲ့ကိစ္စ၊ ရှေ့ဆက်ပြီး ကတိကဝတ်ဖောက်ဖျက်တဲ့ အလုပ်တွေကို၊ မလိုက်နာတဲ့အလုပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုဖို့အတွက် ကျမတို့ - ကျမတို့ ကချင်အဖွဲ့တွေတင်မဟုတ်ပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။ အားလုံးပေါင်းပြီး ကျမတို့ ဆန္ဒထုတ်ဖော်တဲ့သဘောနဲ့ လုပ်တာဖြစ်ပါတယ်။”
ဒါ့အပြင် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတွေအနီးတ၀ိုက် မြန်မာစစ်တပ်အနေနဲ့ ဗုံးတွေနဲ့ပ စ်ခတ်တာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဂျာမိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ KIA ရဲ့ဗိုလ်လောင်းစစ်သင်တန်းကျောင်းက စစ်ဖက်၊ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အဆင်မြင့် သင်တန်းတွေအတွက် လူငယ်ခေါင်းဆောင်တွေကို အလှည့်ကျ ရွေးချယ်စေလွှတ်ကြောင်း ဆန္ဒပြပွဲမှာကိုယ်တိုင် ပါဝင်နေတဲ့ CNF ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ဦးလျန်အုပ်က ပြောပါတယ်။
“တပ်သားထဲက တော်တော်တော်တဲ့ သူတွေကို နောက်နောင်မှာ၊ စစ်ဘက်ဖြစ်ဖြစ်၊ အရပ်ဘက်ဖြစ်ဖြစ် ခေါင်းဆောင်တွေ မွေးထုတ်တဲ့အနေနဲ့ ကျနော်တို့ KIA -- သင်တန်းကို ကျနော်တို့ ဆယ်ယောက်၊ အခုအခေါက်မှာ ပို့ပါတယ်။ အရင်ကလည်း ပို့ဖူးပါတယ်။ သင်တန်းအစ ကတည်းက အကုန်လုံး သင်တန်းကို ကချင်ကပဲ သင်တန်းပေးပြီးတော့ စခဲ့တာဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားပေါင်းစုံ သင်တန်းအတူတူယူတဲ့အခါမှာ သင်တန်းကတည်းက တိုင်းရင်းသားပေါင်း အစုံ၊ စိတ်ဓာတ်အတူတူ၊ အတွေးအခေါ်အတူတူဖြစ်နိုင်ဖို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အဲဒီလို ပို့လိုက်ခြင်း ဖြစ်ပါတယ်။”
သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေထဲမှာ TNLA ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးက (၁၁) ဦးနဲ့ CNF ရဲ့ ချင်းဗိုလ်လောင်း နှစ်ဦး ကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ AA ခေါ် ရက္ခိုင့် တပ်မတော်က ရခိုင်ဗိုလ်လောင်း ရှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရှိခဲ့ပါတယ်။ နယူးရောက်က ဆန္ဒပြပွဲမှာပါဝင်သူ ရခိုင်ကော်မတီဝင် ခိုင်ဘခင်က သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။
“ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံအစိုးရကို ဖိအားပေးဖို့နဲ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ၂၃ ယောက် အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ အမှုမှန်ဖော်ထုတ်ပေးဖို့ကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်း စစ်ဆေးပေးဖို့ …ကျနော်တို့ ဒီနေရာမှာ လာပြီးတော့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”
အမေရိကန်အခြေစိုက် မွန်အမျိုးသားကောင်စီက နိုင်အောင်မွန်ကလည်း မြန်မာပြည်ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေ လိုလားတောင်းတနေကြကြောင်း အခုလိုပြောပါတယ်။
“ကျနော်တို့တိုင်းရင်းသားပေါင်းစုံက ငြိမ်းချမ်းရေးကို လိုလားနေပါပြီဆိုတာကို သက်သေပြလိုက်တာပါ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်ဟာ မရိုးသားဘူးပေါ့ဗျာ။ ပထမကတော့ ရှေ့မှာ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်။ နောက်မှာတော့ ပစ်ခတ်သတ်ဖြတ်တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးက မလိုလားတော့ ဘူးပေါ့ဗျာ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြဿနာရပ်တွေကို ကျနော်တို့အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ဆန္ဒလာပြတာလို့ ကျနော်မြင်တယ်ဗျ။”
ဒီဆန္ဒပြပွဲကို နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့နဲ့ (၇၇) လမ်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ပြုလုပ်ခဲ့ ကြပြီး ဖလော်ရီဒါ၊ မစ်ချီဂန်စတဲ့အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံက တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်ရှင်။

ကျားခေါင်းပါတီ ရှမ်းပြည်နယ် မြို့နယ် ၄၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မည်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်မှာ မြို့နယ် ၄၀ နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စီစဉ်ထားမှုတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က အခုလို ပြောပါတယ်။

"ကျနော်တို့ အခုလောလောဆယ်တော့ မြို့နယ် ၄ဝ လောက်ဖြစ်မယ်ထင်တယ်၊ ပြည်သူ့လွှတ်တော် ၄ဝ ဖြစ်သွား မယ်၊ ပြည်နယ်လွှတ်တော်ဆိုလည်း ၈ဝ ဖြစ်သွားမှာပေါ့၊ အမျိုးသားက ရှမ်းပြည်မှာ ၁၂ ယောက်ပဲရတဲ့အထဲမှာ ၅ ယောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပေးရတယ်၊ ၇ ယောက်ကျန်တယ်၊ အဲဒီ့ ၇ ယောက်မှာ ကလော တို့ဘာတို့ ကျနော်တို့အားမကောင်းဘူး၊ ကျနော်ထင်တယ်၊ အများဆုံး ၂ ယောက်၊ ၃ ယောက်ပဲ"

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိရာမှာ မြို့နယ် ၄၀ လောက်ကို ကျားခေါင်းပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်ဦးရေ ၄၀ နဲ့ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၈၀ လျာထားတယ်လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေအလိုက် စတင်လုပ်ဆောင်နေပြီ လို့လည်း ပြောပါတယ်။

ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA

» အင်းတကော်မှာ စပါးခင်းတွေကို စစ်တပ်က ၀င်ရောက်ဖျက်ဆီး


ပဲခူးတိုင်း အင်းတကော်မြို့နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့် မရှိဘူးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက စစ်တပ်က ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီ ရွှေလေးရွာရောက်နေတဲ့ လယ်သမားတွေ အတွက် လိုက်လံ ကူညီပေးနေသူ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ရဲ့ တာဝန်ခံ မစုစုနွေးက လယ်တွေ ဖျက်ဆီး ခံရတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

"ခင်ဗျားတို့ပေါ့နော်၊ တပ်ပိုင်အုတ်တံတား ခတ်ထားတဲ့ တဲမှာနေတဲ့ တဲအိမ်တွေကို ဖျက်ပေးပါ၊ တပ်ထဲကနေပြီးတော့ လူအင်အား တစ်ရာလောက်ဆင်းပြီး လယ်သမား ကိုမောင်အေး စိုက်ထားတဲ့ လယ်တွေကို ဓါးတွေနဲ့ရမ်းပြီးတော့ အပင်တွေကိုလည်း အကုန်လုံးဆွဲတင်တယ်"

အဲဒီရွာနားက စုစုပေါင်း လယ်ဧက ၅၈၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက အင်းတကော်မြို့ အခြေစိုက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တပ်နဲ့ တပ်မတော်(လေ) တို့က သိမ်းခဲ့တာဖြစ်ပြီး ဒေသခံတွေကို သီးစားခ ပြန်လည်ချထားခဲ့တာလို့ သိရပါတယ်။

မနှစ်ကစပြီး စိုက်ပျိုးခွင့်မပေးတော့ဘဲ လယ်သမားတွေက ဆက်လက်စိုက်ပျိုးထားရာမှာ စစ်တပ်က တပ်ပိုင်မြေဖြစ်တယ်ဆိုတာကြောင့် အဲဒီလယ်တွေထဲမှာရှိတဲ့ တဲတွေနဲ့ လယ်သမားတွေကို ဖယ်ပေးဖို့ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

ကော့တောင်ကျွန်း လူသတ်မှုအပေါ် UK ရဲ စုံစမ်းမှု မပြည့်စုံဘူးလို့ ဆို


Hannah Witheridge နဲ့ David Millerတို့ ကော့တောင်ကျွန်းမှာ အသတ်ခံခဲ့ရ
 ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ UK ရဲတွေရဲ့ စုံစမ်းမှုဟာ ပြည့်စုံမှု မရှိဘူးလို့ လူသတ်မှုနဲ့ စွပ်စွဲခံထားရသူ မြန်မာ နှစ်ဦးရဲ့ ရှေ့နေ က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အသတ်ခံခဲ့ရတဲ့ ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေက သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ UK ရဲတွေရဲ့ စုံစမ်း တွေ့ရှိချက်တွေဟာ အတော်လေး ခိုင်မာပုံရပြီး စွပ်စွဲခံ မြန်မာနှစ်ဦးအနေနဲ့ ခုခံ ဖြေရှင်းဖို့ အခက်တွေ့နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

စွပ်စွဲခံ မြန်မာ နှစ်ဦးဘက်ကနေ ထောက်ခံ ပြောဆိုမှုတွေ လူမှု ကွန်ရက် မီဒီယာတွေမှာ ပြန့်နှံ့နေကြောင်းနဲ့ လောလောဆယ် အထောက်အထား အချက်အလက် အပြည့်အစုံ မရှိသေးပဲ လူမှုကွန်ရက်တွေမှာ ထင်ကြေးပေး ဖေါ်ပြတာမျိုးတွေ မလုပ်ဖို့ ကျန်ရစ်သူ မိသားစုတွေက တိုက်တွန်းထားပါတယ်။

  ရှေ့နေ ဦးအောင်မျိုးသန်းကတော့ ဒီအမှုကို စုံစမ်းဖို့ UK ရဲတွေ ထိုင်းကို လာပြီး စစ်ဆေးတဲ့အခါ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ပဲ ပူးပေါင်း စစ်ဆေးသွားပြီး တရားခံဘက်က သက်ဆိုင်သူတွေ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တရားခံတွေဘက်ကတော့ သံရုံး အထူး စုံစမ်းရေး အဖွဲ့အနေနဲ့ အသေအချာကွင်းဆင်း စုံစမ်းစစ်ဆေးတာမျိုးတွေ၊ ကော့တောင်ကျွန်းကနေ ထွက်ခွာသွားသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လိုက်လံရှာဖွေပြီး ကိုယ်တွေ့ မေးမြန်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ မြန်မာ လူငယ် နှစ်ဦးဟာ မျက်မြင် သက်သေ မရှိပဲ သေဒဏ် ထိုက်တဲ့ ပုဒ်မကြီးတွေနဲ့ စွပ်စွဲခံထားရတာမို့ တရားလိုဘက်က ရှာဖွေ တင်ပြတဲ့ သက်သေခံချက်တွေကို တရားရုံးအနေနဲ့ တိကျစွာ ထည့်သွင်း စဉ်းစားပေးမှသာ တရားစီရင်မှုက တရားမျှတမယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန်းက ပြောပါတယ်။

UK ရဲကတော့ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ စုံစမ်း တွေ့ရှိချက်တွေကို ထုတ်ပြန် ကြေညာဖို့ ငြင်းဆိုခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာလူငယ်နှစ်ဦးအမှု မိမိတို့ဘက်က ၇၀ ရာခိုင်နှုန်း သေချာကြောင်း သံအမတ်ကြီး ပြော

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦး အတွက် အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်း နေရာမှာ မိမိတို့ဘက်က အသာစီး ရရှိဖို့ ၇၀ ရာခိုင်နှုန်း မျှော်လင့် ထားတယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ပြောကြား လိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းရှေ့နေများ ကောင်စီအပြင် ဗြိတိန်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ပါ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ သံအမတ်ကြီး ဦးဝင်မောင်က RFA ကို ဒီကနေ့ ပြောကြား လိုက်တာပါ။

"ကျနော်တို့က ၇ဝ ရာခိုင်နှုန်းကတော့ ကိုယ့်ဖက်ကရှိနေပါတယ်၊ ကျနော်တို့ဖက်က လုပ်စရာရှိတာတော့ လုပ်ထားပါပြီ၊ တချို့ဟာတွေ ပြောလို့မရလို့ မပြောတာပေါ့နော်၊ ကျနော်တို့ဖက်က ခိုင်လုံတဲ့သက်သေတွေ ရှာထားပြီးသားရှိပါတယ်၊ ပြန်ချေပဖို့ ရှေ့နေများကောင်စီနဲ့ ညှိနှိုင်းရှာဖွေထားပြီးဖြစ်တယ်၊ တချို့အချက်အလက်တွေကတော့ ကျနော်တို့က တရားခွင်မှာ ချေပရမယ့်အချက်တွေ ဖြစ်တဲ့အတွက် ပြောလို့မရတာတွေ ရှိနေပါတယ်၊ အားလုံးက အဖြစ်မှန်ပေါ်ပေါက်အောင်လို့ ထိုင်း၊ မြန်မာ၊ ဗြိတိန်ရယ် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်"

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား နှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအမှုအတွက် ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့တဲ့ စကော့တလန်ယာ့ဒ် ခေါ် ဗြိတိန်စုံထောက်ရဲတပ်ဖွဲ့ထံက မိသားစုတွေကို သူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ပေးအပ်ခဲ့ပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာပါ။

အဲဒီ့သက်သေအထောက်အထားတွေအရ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ အဲဒီလူသတ်မှုကို မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်ထင်ရှားပါတယ်လို့ မိသားစုဝင်တွေက သောကြာနေ့က ပြောပါတယ်။ ဒါပေမယ့် မိသားစုဝင်တစ်ဦးကတော့ နှစ်ဖက်သက်သေထွက်ချက်တွေကို စောင့်ကြည့်လေ့လာသင့်ကြောင်း
 ပြောပါတယ်။

မြန်မာနိုင်ငံသား ၂ ဦးကတော့ အဲဒီ လူသတ်မှုကို သူတို့ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညင်းပန်းနှိပ်စက်ပြီး အဓမ္မဝန်ခံခိုင်းခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဒီအမှုကို လာမယ့်တနင်္လာနေ့ကျရင် ထိုင်းနိုင်ငံတရားရုံးမှာ စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

RFA Burmese

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်ကို ငါးနှစ်အဖြစ် သတ်မှတ်ရန် ပြည်ခိုင်ဖြိုးပါတီ အကြံပြု


ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်ကို ငါးနှစ်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အကြံပြုတင်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် အထက်ပါကဲ့သို့ အကြံပြုထားခြင်းဖြစ်သည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်သည် မိမိသဘောအလျောက် ရာထူးမှနုတ်ထွက် ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ် ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင် နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်း အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် ငါးနှစ်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) ပုဒ်မ ၃ဝ၃ တွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် (က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက် ခြင်း၊ (ခ)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှရပ်စဲခံရခြင်း၊ (ဂ) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်း သွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ (ဃ) ကွယ်လွန်ခြင်းအကြောင်း တစ်ရပ်ရပ်မပေါ်ပေါက်လျှင် အသက် ၇ဝ ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။                        
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅ဝ ထက်မငယ်၊ အသက် ၇ဝ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာထူးသက်တမ်းငါးနှစ် ကုန်ဆုံးသည့်အခါ ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် ပြည်ထောင်စု တရားသူကြီးချုပ် တရားသူကြီး အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် ရမည်ဟု ဖြည့်စွက်ရန် အကြံပြုထားသည်။
“တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ရာထူးလစ်လပ်လျှင် အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အသစ်များ၏ ရာထူးသက်တမ်းသည် လစ်လပ်သည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ်  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်” ဟု ဖြည့်စွက်ရန် ပြည်ခိုင်ဖြိုးပါတီက အကြံပြုထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်အား ပြည်ထောင်စုလွှတ်တော်ကသာ ရွေးချယ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ဦးခင်အောင်မြင့်က အကြံပြုထားသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ပြည်ထောင်စု တရားသူကြီးချုပ်အား နိုင်ငံတော်သမ္မတက ခန့်အပ်မည့်အစား ပြည်ထောင်စုလွှတ်တော်က ခန့်အပ်ရန် လွှတ်တော်က အဆုံးအဖြတ် အတည်ပြုပေးရန် လိုအပ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြောကြားထားသည်။
မျိုးမင်းထက်EMG

ရန်ကုန်မြို့အတွင်း Day Club များနှင့် Sexy Dance ပါတီများ ပြုလုပ်ခဲ့သည့် ဟိုတယ်နှင့် ဘားများ၏ တာဝန်ရှိသူများကို နောင်မပြုလုပ်ရန် ရဲတပ်ဖွဲ့က ခေါ်ယူသတိပေး


ရန်ကုန်မြို့အတွင်း Day Club များနှင့် Sexy Danceပါတီများ ကျင်းပပြုလုပ်ခဲ့သည့် ဟိုတယ်နှင့် ဘားများမှ တာဝန်ရှိသူများကို နောက်မပြုလုပ်ရန် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ခေါ်ယူသတိ ပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ Day Clubများနှင့် Sexy Dance ပါတီများ ကျင်းပပြုလုပ်ခဲ့သည့်GTR 2 Inyalate Hotel, Brave Bar, Royal Rose, Sky Way, Utopia Tower Utopia KTVတို့မှ မန်နေဂျာနှင့် ပိုင်ရှင်များအား ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်။
“အခုလိုခေါ်ယူ သတိပေးတာက အဲဒီလိုDay Club များနှင့်Sexy Dance ပါတီတွေဆိုတာက မြန်မာ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီဘူး။ နောက်ပြီး အဲဒီလိုလုပ်နေတာတွေနဲ့ ပတ်သက်ပြီး တိုင်တန်းတာတွေလည်း အများကြီးရှိတယ်။ အဓိကကတော့ လူငယ်တွေ အများစုက ကလပ်တွေ ပါတီတွေ ရောက်တယ်။ နောက်ပြီး ပျက်စီးလာကြတာတွေ အများအပြား ရှိလာတယ်။ မိန်းကလေးတွေ ဆိုရင်လည်း တိုတိုပြတ်ပြတ်လေးတွေ ဝတ် ကြတယ်။Sexy Danceဆိုပြီးတော့ ကကြတယ်။ ခုန်ကြတယ်။ အဲဒါတွေက အမှန်တကယ်တော့ မဖြစ်သင့်ပါဘူး။ နောက်ပြီး အဲလိုနေရာတွေမှာက မူးယစ်ဆေးဝါးတွေ အလွယ်တကူရရှိပြီး ရောင်းဝယ်နေတာတွေကိုလည်း တွေ့ရတယ်။ အဲလိုရောင်းဝယ်နေတော့ လူငယ်တွေအတွက် မူးယစ်ဆေးဝါး အန္တရာယ်ကလည်း နီးကပ်လာတယ်။ မူးယစ် ဆေးစွဲလာကြတယ်။ ဒါတွေကလည်း မဖြစ် သင့်တဲ့ ကိစ္စတွေပဲ။ နောက်ပြီး မြန်မာနိုင်ငံ မှာက ဒီလို Day Clubတွေ Night Clubတွေ၊Sexy Dance ပါတီတွေကို ပြုလုပ်ဖို့ခွင့် မပြုထားပါဘူး။ ခုခေါ်တွေ့ရတာက အဲလိုပါတီ တွေ ပွဲမျိုးတွေကို မလုပ်ဖို့ပါ ခေါ်ယူသတိပေးတာပါ။ ခံဝန်ထိုးပြီးတော့ လုံးဝမလုပ်ဖို့လိုပါတယ်။ တကယ်လို့ ခိုးပြီးတော့ လုပ်မယ်၊ ဆက်လုပ်နေဦးမယ်ဆိုရင် ကျွန်တော်တို့ သတင်းရတာနဲ့ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှာပါ။ ဆောင်ရွက်ရာမှာလည်း ဟိုတယ်တစ်ခုလုံး လုပ်ငန်းတစ်ခုလုံးကို ပိတ်သိမ်းပြီးတော့ကို အရေးယူလုပ်ဆောင်မှာပါ။ အခုကတော့ ခေါ် ပြီးသတိပေးတာပါ။ နောက်မလုပ်ဖို့ပါ”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသွားသည်။ သတိပေးရန် ခေါ်ယူခဲ့သည့် ဟိုတယ်များထဲတွင် Hotal Yangon  ပါဝင်ခဲ့သော်လည်း ယင်းဟိုတယ်မှ တာဝန်ရှိသူများ လာရောက်ခဲ့ခြင်း မရှိပေ။
“မြို့နယ်၊ ရပ်ကွက်တွေမှာလည်း အဲဒီလိုပါတီတွေ၊ ကလပ်တွေမလုပ်ဖို့ ဒေသန္တရအမိန့်တွေ ထုတ်ထားပါတယ်။ အကယ်၍ ပါတီလုပ်တာတွေ ကလပ်ဖွင့်တာတွေ စုံစမ်းတွေ့ရှိရင် ပြစ်မှုပုဒ်မ ၁၈၈ နဲ့လည်း အရေးယူနိုင်တယ်။ တည်ဆဲဥပဒေပုဒ်မတွေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ပါ။ သိပ်မကြာခင်ကမှ လုပ်သွားတဲ့ အမျိုး သမီး သုံးယောက်ရဲ့ Sexy Dance ပါတီဆိုရင် လုံးဝမလုပ်သင့်တဲ့ ပါတီတစ်ခုပါ။ နောက်အဲလိုပါတီတွေ လုပ်တာတွေကို အရေးယူသွားမှာပါ။ ပါတီကျင်းပတဲ့ သူတွေရော လက်ခံကျင်းပတဲ့ ဟိုတယ်တွေ၊ ဘားတွေရောအကုန် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာပါ။ အရေးယူမှာက ဒီနေ့ကစပြီးတော့ အရေးယူဆောင် ရွက်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးပြည့်စုံက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့အတွင်း Day Clubများနှင့် Sexy Danceပါတီများ ကျင်းပလုပ်မှုများ ယခုနှစ်အတွင်း ပိုမိုများပြားလာခဲ့ပြီး အဆိုပါ နေရာများတွင် မူးယစ်ဆေးဝါးများ အလွယ်တတူ ရောင်းချမှုများလည်း ရှိနေသဖြင့် လူငယ်အများစုမှာ မူးယစ်ဆေးသုံးစွဲ ပျက်စီးမှုများ ရှိလာကြောင်းလည်း သိရသည်။ 
Eleven Media Group

သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် အမျိုးသားပညာရေး ဥပဒေတွင် ပြဋ္ဌာန်းရန်လိုဟု ပညာရှင်များ ပြောကြား


ရန်ကုန်၊ ဒီဇင်ဘာ ၅

အမျိုးသားပညာရေး နည်းဥပဒေကြမ်း၊ အဆင့်မြင့်ပညာရေး ဥပဒေနှင့် တက္ကသိုလ် ပဋိညာဉ်များတွင် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရန် အမျိုးသားပညာရေး ဥပဒေ ရေးဆွဲစဉ်ကတည်းက အာမခံ ပြဋ္ဌာန်းပေးထားရန် လိုအပ်ကြောင်း ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောဆိုသည်။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ရန်ကုန် နာရေးကူညီမှုအသင်းတွင် ပြုလုပ်သည့် “ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပညာရေး ဥပဒေ” စာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားသည့် ပညာရှင်အများစုက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အခြေခံမူကတည်းက သမဂ္ဂဆိုတဲ့ စကားလုံး ပါကိုပါရမယ်။ ကမ္ဘာမှာ Student Union လို့ သုံးတယ်၊ ကျောင်းသားသမဂ္ဂလို့ ဘာသာပြန်ရင် သူ့ထက် ဆီလျော်တဲ့ စကားလုံး ဆရာတို့တော့ မတွေ့သေးဘူး” ဟု အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးချက် ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့သော ဒေါက်တာတင်လှိုင်က The Voice သို့ ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေသည် ဘုံဥပဒေ ဖြစ်သည့်အတွက် အပြည့်အစုံ မပါဝင်ကြောင်း၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂဟု ထည့်သွင်းသုံးနှုန်းခြင်းသည် အဖွဲ့အစည်း တစ်ခုကိုသာ ကိုယ်စားပြုပြီး ကျောင်းသား အဖွဲ့အစည်းများကို ကိုယ်စားမပြုသဖြင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဟု အမျိုးသားပညာရေး နည်းဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။

“ပါချုပ်က ဖွဲ့ခိုင်းလို့ ဖွဲ့ရင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတဲ့ သမဂ္ဂ မဟုတ်ဘူး။ လွတ်လပ်တဲ့ သမဂ္ဂ ဖြစ်မလာဘူး” ဟု အဆင့်မြင့်ပညာရေး မူဝါဒ သဘောထား စာတမ်းဖတ်ကြားခဲ့သည့် ဒေါက်တာအာကာမိုးသူက မှတ်ချက်ပြု ပြောဆိုသည်။

အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ခွင့်ပြုကြောင်း သုံးနှုန်းခြင်းမှာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် ပါမောက္ခချုပ် စိတ်တိုင်းကျ ရွေးချယ်ထားသည့် ဆရာ၊ ကျောင်းသားများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေကာ လွတ်လပ်စွာ ဖွဲ့စည်းထားသော သမဂ္ဂများကို အမြင်မှားလာစေနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
The Voice

စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း ခုံရုံးသို့ တိုင်ကြား


ရန်ကုန်၊ ဒီဇင်ဘာ ၎

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပါ ပုဒ်မအချို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီဟုဆိုကာ အခြေခံဥပဒေ ခုံရုံးသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲသို့ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်က ပြောကြားသည်။

စည်ပင်သာယာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၃ တွင် ရွေးချယ်ခံကြမည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်များသည် မည်သည့် နိုင်ငံရေးပါတီဝင်မျှ မဖြစ်စေရဟု ဖော်ပြထားခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် နေသောကြောင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် အခြေခံဥပဒေ ခုံရုံး အပါအဝင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံသို့ တိုင်ကြားစာ ပေးပို့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေပုဒ်မ ၂၆ အရ ကိုယ်စားလှယ်အဖြစ် အတည်ပြုနိုင်ရန် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကိုယ်စားလှယ်လောင်းများသည် မည်သည့် နိုင်ငံရေး ပါတီဝင်မျှ မဖြစ်စေရဟု ဝန်ခံကတိပြု လက်မှတ် ရေးထိုးစေကြောင်း ၎င်းကရှင်းပြသည်။

“စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့ကိုတော့ နိုင်ငံရေးပါတီ လုပ်ငန်းတွေ ဆက်လုပ် ကိုင်ခွင့်ရတယ်၊ ကျွန်တော်တို့လို ကိုယ်စားလှယ်လောင်းတွေမှာ လုပ်ခွင့် မရှိဘူးလို့ ကန့်သတ်တာ အခြေခံဥပဒေကို ဘောင်ကျော် နေတာပဲလေ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ တိုင်ကြားစာ ပေးပို့နိုင်သော်လည်း အခြေခံဥပဒေအတွင်း ပါရှိသော ပြဋ္ဌာန်းချက်များအတိုင်း ပေးပို့သင့်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အခြေခံဥပဒေ ခုံရုံးကို ပို့တယ်ဆိုတာ၊ လူတိုင်း ပို့လို့ရပေမယ့် ဘယ်လို အဖွဲ့အစည်းတွေက ပို့ရတယ်ဆိုတာ ပါပြီးသားပါ၊ အဲဒီအတိုင်း မလုပ်ရင် ခုံရုံးက တုံ့ပြန်ဖို့ဆိုတာ မလွယ်ဘူး” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ရွေးကောက်ပွဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင် တစ်ခုချင်းစီအတွက် ကော်မတီဝင် သုံးဦး၊ မြို့နယ်တစ်မြို့နယ်ချင်းစီအတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေတွင် ပါရှိသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မြို့နယ်များတွင် အိမ်ထောင်တစ်စုလျှင် ၁၈ နှစ် ပြည့်ပြီးသူ တစ်ဦးသာလျှင် ကိုယ်စားပြု မဲပေးရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒဂုံဆိပ်ကမ်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကျော် အသုံးပြုကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
The Voice

အမျိုးသမီးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို မချုပ်ကိုင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း


နေပြည်တော်၊ ဒီဇင်ဘာ ၅

မြန်မာအမျိုးသမီးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို မည်သည့်အကြောင်းရင်းနှင့်မျှ လွှမ်းမိုးချုပ်ကိုင်မှု မပြုလုပ်ရန်နှင့် အမျိုးသမီး အခွင့်အရေး မဆုံးရှုံးရန် ကာကွယ်ရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော မြန်မာ-အာဆီယံ အမျိုးသမီးဖိုရမ် ဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားသွားသည်။

အဆိုပါ အမျိုးသမီးဖိုရမ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ အမျိုးသမီး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း အခွင့်အရေးကို တန်းတူညီမျှ ဖြစ်စေရန် ပြဋ္ဌာန်းသည့်အတိုင်း အမျိုးသမီး အခွင့်အရေးကိုလည်း တန်းတူညီမျှ ဆက်ဆံကြရမည် ဖြစ်ကြောင်း၊ အမျိုးသမီးများကို နိုင်ငံတည်ဆောက်ရေးတွင် တန်းတူညီမျှ ပါဝင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကျား၊ မ ခွဲခြားဆက်ဆံမှုများ ရှိနေသေးပြီး နိုင်ငံ အသွင်ကူးပြောင်းရေး ကာလတွင် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ဝိုင်းဝန်းပူးပေါင်းမှသာ တိုးတက်မည်ဖြစ်ကာ အမျိုးသမီးများကလည်း တတ်စွမ်းသမျှ အားစိုက်ထုတ်ရမည် ဖြစ်ကြောင်း ယင်းဖိုရမ် ဖွင့်ပွဲတွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသည်။

ဥပဒေပြု လွှတ်တော်အတွင်း အမျိုးသမီး ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းသာ ရှိနေခြင်းသည် ရှိသင့်သည့် ပမာဏထက် နည်းနေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို တိုးတက်လာတာ တွေ့ရတယ်။ အခုခေတ်မှာ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး သံအမတ်ကိုတောင် ခန့်ထားတာ တွေ့တယ်” ဟု အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး အခွင့်အရေးနှင့် အကြမ်းဖက်မှု တိုင်ကြားချက်များကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က စီမံခန့်ခွဲလျက် ရှိပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားလာသော အမျိုးသမီး အကြမ်းဖက်မှု တိုင်ကြားချက်များကိုလည်း ယင်းအဖွဲ့ချုပ်ထံ လွှဲပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်တွင် ရေးထိုးထားခဲ့သော်လည်း ယခုအချိန်ထိ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်ရေး ဥပဒေကြမ်းကို ရေးဆွဲနေဆဲသာ ရှိသည်။
The Voice

အပြည်ပြည်ဆိုင်ရာ ဆိုင်ကယ်ကလပ်အသင်းများတွေ့ဆုံပွဲ တာချီလိတ်မှာ ပြုလုပ်မည်


မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်အသင်းများ တွေ့ဆုံပွဲကို အခု ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်တွေမှာ ကျင်းပမှာပါ။ နေရာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ တာချီလိတ်မြို့မှာပါ။  နိုင်ငံပေါင်း ၁၉ နိုင်ငံက မော်တော်ဆိုင်ကယ် ကလပ်အသင်းတွေ လာရောက်တွေ့ဆုံကြမယ်လို့သိရပါတယ်။





ဓာတ်ပုံ - Eastern Eagle မော်တော်ဆိုင်ကယ်ကလပ်


 မြန်မာနိုင်ငံရဲ့ခရီးသွားလာရေးမြှင့်တင် လိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အမေရိကန်နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံတွေက လာရောက်ကြမှာပါ။ ဒီ တွေ့ဆုံပွဲကို တာချီလိတ်မြို့နယ် ရှမ်းရိုးမကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဒီမှာ ဂီတဖျော်ဖြေရေး ပွဲတွေပြုလုပ်ပြီး ဒီကနေ ရရှိလာမယ့် အကျိုးအမြတ်ကို ဘုန်းတော်ကြီး ပညာသင်ကျောင်းများအား လှူဒါန်းသွားမှာဖြစ်တယ်လို့  Eastern Eagle (myanmar) မော်တော်ဆိုင်ကယ်ကလပ်မှ အတွင်းရေးမှူး စိုင်းနော်ခမ်းက ဧရာဝတီကိုပြောပါတယ်။

“အာဆီယံ နိုင်ငံက ဆိုင်ကယ်ကလပ်တွေတော်တော်များများလာကြမယ်။ သူတို့နိုင်ငံကနေ ဆိုင်ကယ်စီးပြီး လာကြမယ်။ အမေရိကန်ကတော့ထိုင်းထိ လေယာဉ်နဲ့လာပြီး ထိုင်းကနေ ဆိုင်ကယ် စီးလာကြမယ်။”လို့ သူက ဆက်ပြောပါတယ်။

အခုလို တွေ့ဆုံပွဲကို တာချီလိတ်မြို့မှာ ပြုလုပ်ရခြင်းဟာ ရှမ်းအရှေ့ပိုင်း ခရီးသွားလာရေး ဖွံ့ဖြိုးလာစေဖို့နဲ့  ထိုင်း-မြန်မာ နယ်စပ်လည်းဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ ဝင်ရောက်လာဖို့  လွယ်ကူစေနိုင်တဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။

“ ထိုင်းကနေ ဆိုင်ကယ် အစီး ၆၀၀ကျော် စီးပြီးလာကြမယ်။ မြန်မာပြည်တဝှမ်းက ဆိုင်ကယ်သမားကတော့ ၅၀ ကျော် လာမယ်လို့ စာရင်းရထားတယ်။ တွေ့ဆုံပွဲပြီးရင်တော့ ကျိုင်းတုံ- မိုင်းလားဘက်ကို ဆိုင်ကယ်နဲ့ ခရီးဆက်ကြမယ်” လို့ Eastern Eagle မှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ယူထားသည့် စိုင်းဝင်းလင်းထူး က ဧရာဝတီကို ပြောပါတယ်။

ဒီ တွေ့ဆုံပွဲမှာ နိုင်ငံတကာက စီးလာတဲ့ ဆိုင်ကယ်တွေထဲက ရှေးဟောင်းအကျဆုံး ဆိုင်ကယ်နှင့် အလှဆုံး ဆိုင်ကယ်တွေကို ရွေးပြီး ဆုပေးသွားမှာပါ။ ဒါ့အပြင် ဖျော်ဖြေရေး အစီအစဉ်အနေနဲ့  ထိုင်းနိုင်ငံက နာမည်ကြီး ရော့ခ်အဆိုတော် ကရာဘောင်း နဲ့ အဖွဲ့၊ မြန်မာနိုင်ငံက အင်ပါယာအဖွဲ့မှ အဆိုတော် ဇော်ဝင်းထွဋ် နဲ့ သျှီ တို့ကို ကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒါတွေအပြင် ထိုင်းနိုင်ငံက နှစ်ပါးသွားအက နဲ့ အတူ ရှမ်းရိုးရာ အကတွေလည်း ပါဝင်ဖျော်ဖြေဖို့ ရှိတယ်လို့လည်း စိုင်းဝင်းလင်းထူးက ဆိုပါတယ်။
ပွဲတော် လုံခြုံရေးပိုင်းအနေနဲ့ ရဲတပ်ဖွဲ့တွေ၊ ယာဉ်ထိန်းရဲတွေ၊ အုပ်ချုပ်ရေးပိုင်းတွေ အားလုံးခွဲပြီး တာဝန်ယူထား တယ်လို့လည်း တာချီလိတ်ခရိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို နိုင်ငံတကာမှာလည်း နှစ်စဉ်ကျင်းပလျက်ရှိတယ် လို့ သိရပါတယ်။


နန်းဆိုင်နွမ်(ဧရာဝတီ blog )

မြို့တော်ခမ်းမရှေ့ ဆန္ဒပြခွင့်မပေးတာကို ဘာကြောင့် လိုက်လျောခဲ့တာလဲ (ရုပ်-သံ)



  မြန်မာလွတ်လပ်ရေးသမိုင်းရဲ့ နိုင်ငံရေးအမြုတေစတင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(တကသ)ရဲ့ အဆောက်အအုံကို ပြန်လည်ဆောက်ခွင့်ပေးဖို့ ရန်ကုန်အစိုးရက မြို့တော်ခမ်းမရှေ့မှာဆန္ဒပြခွင့်ကို ငြင်းပယ်ခဲ့လို့ တာမွေ ပြည်သူ့ဟစ်တိုင်ကွင်းမှာပဲ ဒေါက်တာအောင်ခင်ဆင့် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြမယ့် နေရာပြောင်းလိုက်တာကို ဘာလို့ လက်ခံလိုက်တာလဲ။

  မြန်မာစစ်အစိုးရလက်ထက် ထောင်ဒဏ် အနှစ် ၂ဝချမှတ်ခံခဲ့ရပြီး ၉နှစ်ခွဲပဲ နေခဲ့ရတာကြောင့် ထောင်ကြွေးကျန်ရှိနေတဲ့အတွက် ဥပဒေအညီပဲ ဆန္ဒပြဖို့ ဟစ်တိုင်မှာပဲ ဆန္ဒပြဖို့ သဘောတူခဲ့တယ်လို့ ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။ ပြည်သူလူထုထောက်ခံတယ်ဆိုရင် ဆန္ဒပြတဲ့နေရာက အဓိကမကျဘဲ လုပ်ငန်းကသာ အဓိကဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာရှိတဲ့ တကသ အဆောက်အအုံကို စစ်အာဏာရှင် ဦးနေဝင်း ၁၉၆၂မှာ တိုင်းပြည်အာဏာကို သိမ်းယူပြီး ဇူလိုင် ၈ရက်နေ့မနက်မှာ ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်စီးခဲ့ပါတယ်။

တကသမြက်ခင်းပြင်ဖြစ်နေတဲ့ နေရာမှာ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးဖို့နဲ့ သမဂ္ဂအဆောက်အအုံပေါ်ပေါက်လာရေး ကော်မတီဖွဲ့ဖို့ ဒေါက်တာအောင်ခင်ဆင့်က တောင်းဆိုခဲ့ပြီး
 ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုခဲ့တာကို သူက ကိုးကားပြီး ဆိုပါတယ်။

  ဒေါက်တာအောင်ခင်ဆင့်နဲ့အတူ ကျောင်းသားနဲ့ လှုပ်ရှားတက်ကြွသူ အယောက် ၂ဝလောက် ပါဝင်ဆန္ဒပြခဲ့ပြီး ဒီဆန္ဒပြပွဲဟာ အောင်မြင်တဲ့ ဦးဆောင်မှုဖြစ်တာမို့ သမဂ္ဂအဆောက်အအုံ ပေါ်လာစေဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

Kamayut Media

ကွန်မန်ဒိုကယ်တင်တုန်း ဓားစာခံတွေ သေဆုံး


အမေရိကန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် အသက်က ၃၃ နှစ်အရွယ် Luke Somers 
ယီမန်နိုင်ငံမှာ အဖမ်းဆီး ခံထားရတဲ့ အမေရိကန်ဓာတ်ပုံ သတင်းထောက် Luke Somers ကို အမေရိကန် Commando တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်စဉ်မှာပဲ အသတ်ခံ ခဲ့ရပါတယ်။ Luke Somers နဲ့ အမေရိကန် မဟုတ်သူ နောက်ထပ်ဓားစားခံ တယောက်တို့ကို သောကြာနေ့ ညပိုင်းက ကယ်ဆယ်ဖို့ ကြိုးစားတဲ့ စစ်ဆင်ရေး အတွင်း AQAP အာရေဗျ ကျွန်းဆွယ်က al-Qaida အဖွဲ့က သူတို့ ၂ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က အတည်ပြု ပြောပါတယ်။

နောက်ထပ် ဓားစာခံတယောက်က တောင်အာဖရိကလူမျိုး ပရဟိတအလုပ်တွေလုပ်နေသူ Pierre Korkie ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် Luke Somers ကို al-Qaida တွေက ၂၀၁၃ September လမှာ ဖမ်းဆီးခဲ့တာပါ။ Somers ရဲ့ အသက်အန္တရာယ်အတွက် အကြီးအကျယ် စိုးရိမ်စရာရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းအချက်တွေရှိတာကြောင့် ကယ်တင်ဖို့ကြိုးစားစဉ်အတွင်း အကြမ်းဖက်သမား တော်တော်များများလည်း သေဆုံးခဲ့ တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

al Qaida တို့လက်ထဲမှာ Somers လူမဆန်စွာ အသတ်ခံခဲ့ရတယ်လို့ သမ္မတ Barack Obama က ပြောပြီး အပစ်တင်ပါတယ်။ Luke Somers နဲ့ တနေရာတည်းမှာ ဖမ်းဆီးခံထားရတဲ့ တခြားဓားစာခံတွေကို ကယ်ဆယ်ဖို့ သူအမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အခုကယ်ဆယ်တဲ့ စစ်ဆင်ရေးမှာ AQAP အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုကို ထပ်ပြီးသတိပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြောခဲ့ပါတယ်။

တောင်အာဖရိကလူမျိုး Pierre Korkie ဟာလည်း ဖမ်းဆီးခံထားရတာ ၁ နှစ်ကျော်ရှိနေပြီး ပြန်လွတ်လာဖို့ တရက်အလိုမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သူအလုပ်လုပ်ခဲ့တဲ့ Gift of Givers ပရဟိတအဖွဲ့ကဆိုပါတယ်။ နိုင်ငံတောင်ပိုင်း Shabwa ပြည်နယ်က ပစ်မှတ်တခုအပေါ် အမေရိကန်တွေရဲ့ မောင်းသူမဲ့ Drone လို့ ထင်ရတဲ့ Drone နဲ့ တိုက်ခိုက်မှုကြောင့် al-Qaida စစ်သွေးကြွ ၉ ယောက်သေဆုံးခဲ့တယ်လို့ ယီမန်တာဝန်ရှိသူတွေက စနေနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။ Somers ကိုကယ်ဆယ်တဲ့ စစ်ဆင်ရေးနဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှု ဆက်စပ်မှု ရှိမရှိကတော့ ခုချိန်ထိ မသဲကွဲသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

အုပ်စုဖွဲ့လုယက်နေသူများအား မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိ


ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ် နဝဒေးအိမ်ရာအပြင်ဘက် ဘုရားလမ်းထိပ်နှင့်အဆင့်မြင့်လမ်းထိပ်တို့တွင် ညပိုင်းအချိန်များ၌ လူမိုက်အုပ်စုကျက်စားနေကြောင်း သတင်းအရ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက် ည ၁ဝ နာရီခွဲတွင် လုယက်မှုပြစ်ချက် ဟောင်းရှိသူ မှဲ့လေး(ခ)ခင်မောင်ဝင်း၊ ဝင်းလွင်ဦး၊ မင်းမင်း၊ ကျော်ဇင်လတ်(ခ)ကုလားတို့လေးဦးအား လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ လုယက် ယူဆောင်ခဲ့သော ငွေကျပ် ၆၂ဝဝဝ နှင့်ဖုန်းနံပါတ် ဝ၉-၃ဝ၄၅၆ဝ၁၉ ဆင်းကတ်ပါSAMSUNG တံဆိပ် အနီ/အနက်ရောင် လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိ သဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၇၈၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၅၄ ဖြင့် အရေးယူထားကြောင်း သိရသည်။

The Mirror Daily

ဖီလစ်ပိုင်မှာ Hagupit (Ruby) မုန်တိုင်းကြီး ကျရောက်

Storm Tracker Map

 ဖိလစ်ပိုင် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ Hagupit မုန်တိုင်းကြီး စတင် တိုက်ခတ် နေပြီ ဖြစ်ပါတယ်။

မုန်တိုင်း မလာခင် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လေဘေး ကယ်ဆယ်ရေး စခန်းတွေကို လူ ၅ သိန်းကျော် ရွှေ့ပြောင်း ပေးခဲ့ရ ပါတယ်။

Samar နယ် Dolores မြို့ နားမှာ မုန်တိုင်း ကမ်းရိုးတန်းကို ဖြတ်ကျော် ခဲ့လို့ မိုးသက် လေပြင်းတွေ တိုက်ခတ်ပြီး သစ်ပင်တွေ ပြိုလဲလို့ လျှပ်စစ်မီးတွေ ပြတ်တောက် နေပြီ ဖြစ်ပါတယ်။

လုယက်မှု တွေ မဖြစ်အောင်နဲ့ လမ်းတွေ ရှင်းဖို့ စစ်သားတွေ သောင်းနဲ့ချီ ပြီး ချထား ပါတယ်။

မနှစ်က ဟိုင်ယန် မုန်တိုင်း ကြောင့် ဖိလစ်ပိုင် နိုင်ငံမှာ လူ ၇ ထောင် ကျော် သေဆုံး ခဲ့ရပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)