Pages

Monday, January 12, 2015

ငြိမ်းချမ်းရေးစာချုပ် ရှေ့လ လက်မှတ်ထိုးဖို့ မဖြစ်နိုင်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အကြေအလည် ညှိနှိုင်းရမယ့် အချက်တွေ ကျန်နေသေးတာကြောင့် လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။
"သဘောထားအမြင်တွေ ပထမညှိလို့မပြတ်သေးပဲနဲ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးမယ် ဆိုတဲ့ဟာတော့မဖြစ်သင့်ဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး၊ အဲ့ဒါကတော့ အဓိကဖြင့်တော့ ဒီလိုအပစ်အခက်ရပ်စဲရေး ဖြစ်ဖို့ဟာမှာ တစ်ဆို့နေတဲ့အမြင်တွေကို နည်းလမ်းရှာပြီးတော့ ညှိနေတာပါပဲ၊ အဲ့ဒီမှာတောင် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘူးဆိုတော့ အဲ့ဒီအမှုတွေကိုလည်း မရသေးဘူးဆိုတော့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ဆိုတဲ့ဟာတော့ ဒါဟာလက်တွေ့ပိုင်း မှာ ဖြစ်ဖို့ဆိုတာသိပ်မလွယ်ဘူး"
ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေက မျှော်မှန်းခဲ့ သလို နိုင်ငံတော်သမ္မတကလည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ကမ်းလှမ်းထားပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်မှာရှိတဲ့ နိုင်ရွှေကျင်စာကြည့်တိုက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇ ဖွဲ့နဲ့ ဒီနေ့တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ရှင်းပြခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ဝင် ဦးမင်းမင်းနွယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို အခုလိုပြောပါတယ်။
"ဒီလိုမျိုး အကြံပြုဆွေးနွေးခဲ့တာတော့ အပစ်အခက်ရပ်စဲရေးအပေါ် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လူမှုအဖွဲ့အစည်းတွေက ဘယ်လိုမျိုးပါဝင်သင့်သလဲဆိုတာကို သူ့အမြင်ကိုမေးကြည့်တယ်၊ အဲ့ဒါတော့ ပြန်လည်ဆွေးနွေးတယ်၊ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ပြည်သူလူထု များများသိအောင်ပေါ့နော်၊ မွန်အရက်ဘက် အဖွဲ့အစည်းမဟုတ်ပဲနဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး သိရှိဖို့အတွက် အဲ့ဒါလည်းသူတို့က တွေ့ဆုံဖို့လိုမယ်"
ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေး၊ တပ်နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စတွေမှာ တပ်မတော်နဲ့ NCCT တို့အကြား သဘောတူညီမှု မရသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေကို  နိုင်ဟံသာက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် မွန်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့၊ မွန်စေတနာ၊ မွန်ပညာရေးနဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက် စတဲ့အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်
RFA သတင်းထောက် မဝေမာထွန်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။