Pages

Sunday, January 25, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း ၁၇၀၀ ကျော် တောင်းခံ

နေပြည်တော်၊ ဇန်နဝါရီ ၂၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပဖွယ်ရှိသော အထွေထွေရွေးကောက်ပွဲ အတွက် ကျပ်သန်းပေါင်း ၁၇၀၀ ကျော်ကို တောင်းခံလာကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အသုံးပြုရန် လျာထားတောင်းခံချက်နှင့် ပတ်သက်ပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီသီးတွင် ကော်မရှင်အဖွဲ့ခွဲ ရုံးများ တည်ဆောက်ရန်နှင့် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ကွန်ပြူတာစနစ်ဖြင့် ပြောင်းလဲကောက်ယူရေးတို့ အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အပါအဝင် စုစုပေါင်း ကျပ်သန်းပေါင်း ၁၇၂၉ ဒသမ ၉ သန်းကို အသုံးပြုရန် လွှတ်တော်သို့ တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်းပြုစုခြင်းနှင့် ကော်မရှင် အသုံးစရိတ်များကို နှစ်စဉ် တောင်းခံလျက် ရှိသော်လည်း အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို တွက်ချက်ပြီး လာမည့်ဘဏ္ဍာနှစ် လျာထားချက်ကို ပိုမိုတောင်းခံထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ရမှာတွေ ရှိနေပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကိုလည်း လွှတ်တော်မှာ တောင်းခံထားပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စာလှယ်များထံမှ သိရသည်။
ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို တောင်းခံလာခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပမည်မှာ ပိုမိုသေချာစေသော အချက်တစ်ချက် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
“မဲစာရင်းပြုစုတာတွေနဲ့ အခု ဘဏ္ဍာငွေ တောင်းခံတာတွေက ရွေးကောက်ပွဲအတွက်လို့ ရည်ရွယ်ထားတာတွေကြောင့် ရွေးကောက်ပွဲ လုပ်ဖြစ်မယ် ဆိုတာကို တွက်ဆလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။
The Voice