Pages

Tuesday, January 20, 2015

ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်

နေပြည်တော်၊ ဇန်နဝါရီ ၁၉
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်အချို့က ကန့်ကွက်သော် လည်း ထောက်ခံသူများသောကြောင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များထံမှသိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မျိုးစောင့်ဥပဒေများ ဖြစ်သော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမျိုးသားလွှတ်တော်သို့ တင်သွင်းခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တင်သွင်းရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ကန့်ကွက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၈၇ ဦးက ထောက်ခံခဲ့ခြင်း ဖြစ်သည်။
“ဒီဥပဒေတွေက လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့်ကို ကြပ်မတ်စိစစ်ဖို့ ကြိုးစားတဲ့ ဥပဒေကြမ်းတစ်ခု ဖြစ်နေပါတယ်။ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် ဒီဥပဒေကြမ်း တစ်ခုလုံးကို ကန့်ကွက်တာပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း နိုင်ငံသားတိုင်း လွတ်လပ်စွာ ဘာသာကိုး ကွယ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း ဥပဒေကြမ်းပါ ပုဒ်မ တစ်ခုချင်းအလိုက် ဆွေးနွေးရန် လိုအပ်နေသောကြောင့် မကန့်ကွက်ခြင်း ဖြစ်ကြောင်း ဆိုသည်။
“ဥပဒေကြမ်းက ဒီနေ့မှ ရတာဆိုတော့ အထဲမှာ ဘာတွေပါသလဲ ဆိုတာကို လေ့လာဖို့ လိုအပ်တယ်။ ဒါကြောင့် ဆွေးနွေးမယ့်ကိစ္စကို မကန့်ကွက်တာပါ”ဟု ၎င်းကဆိုသည်။
သို့သော်လည်း ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကြမ်းသည် ဘာသာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် တရားဝင် ဖြစ်စေရေးအတွက် စနစ်တကျ ရေးဆွဲထားခြင်းဖြစ်ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မထိခိုက်စေကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ရှင်းပြသည်။
“ဥပမာ- ဘာသာ (၁) ကနေ ဘာသာ (၂) ကို ကူးပြောင်းချင်ရင် ပိုမို အဆင်ပြေစေဖို့ အတွက် ရေးဆွဲထားတာ ဖြစ်တယ်။ အခြေခံဥပဒေနဲ့ ဝိရောဓိ ဖြစ်စရာ အကြောင်းမရှိဘူး။ နောက်ပြီး ဘယ်ဘာသာမှ မကူးပြောင်းချင်ဘူး ဘာသာမဲ့အဖြစ် နေထိုင်ချင်လည်း ခွင့်ပြုထားတာ ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဥပဒေကြမ်းများကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ပြုလုပ်မည့် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစား ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ယင်းနောက် အဆိုပါဥပဒေများကို ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်များ ဖွဲ့စည်းပြီး လွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော် သမ္မတရုံးထံသို့ သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့သည်။
The Voice