Pages

Wednesday, January 7, 2015

ဟိန္ဒားသတ္တုတွင်းအမှုကို ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချ

Displaying DSCF2313.JPG
 ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် စည်းကမ်းမဲ့စွန့်ပစ်မြေစာများကြောင့် ဆုံးရှုံးမှုများကို တာဝန်ယူမဖြေရှင်းပေးသဖြင့် ဒေသခံများက အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက်ကုမ္ပဏီတို့ကို တရားစွဲဆိုထားသည့်အမှုကို ဆက်လက်စစ်ဆေးရန်အတွက် ထားဝယ်ခရိုင်တရားရုံးမှ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကြားဖြတ်အမိန့်ချမှတ်လိုက်ကြောင်း တရားလိုအကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ စည်းကမ်းမဲစွန့်ပစ်သည့်မြေစာများကြောင့် ထိခိုက်ဆုံးရှုံးမှုကို တာဝန်ယူ မဖြေရှင်းပေးသဖြင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ တို့ကို မြောင်းပြိုကျေးရွာ ဒေသခံ ၉ ဦးက ၂၀၁၄ ခုနစ် မေလက တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ ရုံးချိန်းက တင်ပြခဲ့တဲ့ နှစ်ဖက်လျှောက်လဲချက်တွေအပေါ်မှာ အမှုကို ဆက်စစ်ဖို့ ကြားဖြတ် အမိန့်ချလိုက်တာပါ” ဟု တရားလို အကျိုးဆောင်ရှေ့နေက ပြောသည်။
ရုံးချိန်း ၂၀ ကြိမ်မြောက်တွင် ယခုကဲ့သို့ ကြားဖြတ်အမိန့်ချခဲ့ခြင်းဖြစ်ပြီး လာမည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ပြုလုပ်မည့် ၂၁ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုများကို စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း တရားလိုများနှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။
“ဒီနေ့ ရုံးချိန်းက အဆုံးအဖြတ်ပဲလို့ သိထားတယ်။ အမှုကို ပလပ်မလားလို့ စိုးရိမ်နေတာ။ အခုလိုမျိုး ဆက်စစ်မယ်လို့ အမိန့်ချလိုက်တော့ ပျော်တာကတော့ အတိုင်းအထက်အလွန်ပါပဲ” တရားစွဲရာတွင် ပါဝင်သူ မြောင်းပြိုဒေသခံတစ်ဦးက ပြောသည်။
တရားပြိုင်ဘက်မှ အမှုမှာ တရားစွဲရန် မလိုအပ်ကြောင်း၊ ထိခိုက်ပျက်စီးမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခုမှ တရားစွဲဆိုခြင်းမှာလည်း ကာလစည်းကမ်း တစ်နှစ်ထက်ကျော်လွန်နေကြောင်း၊ အစိုးရဌာနထံသို့ ပေးပို့သည့် သတိပေးစာတွင်လည်း မန်နေဂျာနာမည်ဖြင့်ပေးပို့ထားခြင်းကြောင့် ဌာနနှင့်သက်ဆိုင်ခြင်းမရှိသဖြင့် တရားမ၀င်ကြောင်း စသဖြင့် လျှောက်လဲခဲ့သည်ဟု တရားလိုများက ပြောသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဥယျာခြံမြေများဆုံးရှုံးနေခြင်းကြောင့် တရားစွဲဆိုသင့်သည့် အမှုဖြစ်ပြီး ထိခိုက်ပျက်စီးမှုများမှာ ကုမ္ပဏီမှ စတင်လုပ်ဆောင်ချိန်မှ စ၍ ဆက်တိုက်ဖြစ်ပွားလာကြောင်း၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာထံပေးပို့သည့် သတိပေးစာတွင်လည်း မန်နေဂျာနာမည်နှင့် ဌာန ပူးတွဲပါရှိပြီးဖြစ်သည့်အတွက် ဌာနကို ကိုယ်စားပြုပေးပို့ခြင်းဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်ဟု တရားခွင်တွင်ကြားခဲ့ရသည်များကို တရားလိုများက ပြောဆိုသည်။
ထားဝယ်ခရိုင်တရားရုံးထုတ်ပြန်ထားသော ပဏာမ ငြင်းချက် သုံးချက်ဖြစ်သည့် “ယခုအမှုကို တရားစွဲဆိုရန်အကြောင်းအရင်း ပေါ်ပေါက်ခြင်း မရှိဆိုခြင်းမှာ မှန်/မမှန်”၊ “ယခုအမှုမှာ ကာလစည်းကမ်းထက် ကျော်လွန်နေသည်ဆိုခြင်းမှာ မှန်/မမှန်”၊ “အစိုးရထံပို့သည့် notice သည် တရားမ၀င်ဟုဆိုခြင်းမှာ မှန်/မမှန်” တို့အပေါ်တွင် တရားလိုဘက်ကို အနိုင်ပေးကာ ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း တရားလိုအကျိုးဆောင်ရှေ့နေထံမှ သိရသည်။
မြန်မာပွန်ပီပက်ကုမ္ပဏီမှ စည်းကမ်းမဲ့စွန့်ပစ်သည့်မြေစာများကြောင့် မြစ်ချောင်းတိမ်ကောခြင်း၊ ရေနေသတ္တ၀ါနှင့် အပင်များ မျိုးတုန်းခြင်း၊ နေအိမ်၊ ဥယျာဉ်ခြံမြေနှင့်ရေတွင်း၊ ရေကန်များ၊ သာသနိကအဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်း တို့ကို ကြုံတွေ့နေရကြောင်း မြောင်းပြိုဒေသခံများက ပြောသည်။

Dawei Watch