Pages

Saturday, January 10, 2015

အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ငြင်းဆို

 
ဘန်ကောက် ၊ ၉-၁-၂၀၁၅

ထိုင်းစစ်ဘက်၏ အဓိက ရာထူး နေရာများတွင် တာဝန် ထမ်းဆောင် နေသည့် ဝန်ကြီး ၃ ဦးသည် ရာထူးမှ နုတ်ထွက်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်း ကောလာဟလ တစ်ခု ထွက်ပေါ် လာပြီးနောက် အစိုးရ အဖွဲ့ဝင်များ သို့မဟုတ် ထိပ်တန်း စစ်ဘက် အရာရှိများ အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိသည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ငြင်းဆို ခဲ့သည်ဟု ဇန်နဝါရီလ ၇ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ ပျံ့နှံ့ခဲ့သည့် ၄င်း ကောလာဟလ သတင်းများသည် ဝန်ကြီးချုပ် ပရာယုဒ် ၏ အစိုးရအား အဓိက ကျောထောက် နောက်ခံ ပေးထားသည့် ထိုင်းစစ်ဘက်ရှိ အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲမှု စနစ်တွင် အပြောင်းအလဲ တစ်ရပ် ပြုလုပ်နိုင်ဖွယ် ရှိမှုနှင့် ပတ်သက်သည့် မေးခွန်းများ တိုးမြင့် ထွက်ပေါ် လာစေ ခဲ့သည်။ အပြောင်းအလဲ ပြုလုပ်မည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း၊ စစ်ဘက် သို့မဟုတ် ၄င်း၏ အစိုးရ အဖွဲ့အား အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း နှင့် အဆိုပါ ကောလာဟလ သတင်းသည် အခြေအမြစ် မရှိကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် ဝန်ကြီးချုပ် ပရာယုဒ် က ပြန်လည် ဖြေကြား ခဲ့သည်။

ရာထူးမှ နုတ်ထွက်မည့်သူ တစ်စုံ တစ်ယောက်မျှ မရှိကြောင်း၊ မိမိအနေဖြင့် တစ်ဦး တစ်ယောက်အား ရာထူးမှ နုတ်ထွက် စေလိုပါက ၄င်းတို့အား ထိပ်ဆုံးအဆင့် ဝန်ကြီးများ အဖြစ် ခန့်အပ်ခဲ့မည် မဟုတ်ကြောင်း နှင့် အဆိုပါ စစ်ဘက် အရာရှိများ အနေဖြင့် စစ်ဘက်/ အရပ်ဘက် ရာထူးနေရာ ၂ နေရာကို ထမ်းဆောင်ရာ၌ ကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း ဝန်ကြီးချုပ် ပရာယုဒ် က ပြောကြား ခဲ့သည်။

ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည် ဆိုသော သတင်း ထွက်ပေါ်ခဲ့သည့် ဗိုလ်ချုပ်ကြီး ၃ ဦးသည် ဒုတိယ ကြည်းတပ် ဦးစီးချုပ် နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chatchai Sarikulya ၊ တရားရေးဝန်ကြီး နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Paiboon Koomchaya နှင့် ဒုတိယ ပညာရေးဝန်ကြီး နှင့် စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Surachet Chaiwong တို့ ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar