Pages
▼
Wednesday, February 25, 2015
အစၥလာမ္ဘာသာ စွန့်လိုက်သူကို ဆော်ဒီတွင် သေဒဏ်ပေး
အစ္စလာမ်ဘာသာကို စွန့်လွှတ်လိုက်တဲ့ အမျိုးသားတဦးကို ဆော်ဒီအာရေဗီးယားနိုင်ငံ အစ္စလာမ္မစ် တရားရုံးက သေဒဏ်ပေးလိုက်ပါတယ်။
ကိုရန်ကျမ်းစာကို ဆွဲဆုတ်ပြီး ဖိနပ်နဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အသက် ၂၀ ကျော် လူငယ် တဦးကို သေဒဏ် ပေးလိုက်တာလို့ အင်္ဂလိပ်ဘာသာ ဆော်ဒီဂေဇက်ရဲ့ ဖေဖော်ဝါရီ ၂၄ ရက် သတင်းကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီအာရေဗျနိုင်ငံဟာ တင်းကျပ်တဲ့ ၀ါဟာဘီလမ်းစဉ်ကို ကျင့်သုံးပြီး တရားစီရင်ရေးမှာ အစ္စလာမ်ဘာသာရေးဆရာတွေကို ထိန်းချုပ်ခွင့်ပေးထားသလို အစ္စလာမ္မစ် ဥပဒေလို့ ခေါ်တဲ့ ရှာရီးယားဥပဒေကို လိုက်နာပါတယ်။
ဒီဥပဒေအရ ဘာသာကို စွန့်ပယ်ရင် သေဒဏ် ပေးနိုင်သလို မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေကို ဝေဖန်ရင် ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
ဆော်ဒီမှာ သေဒဏ်အပြစ်ပေးခံရရင် ခေါင်းဖြတ်သတ်ဖြတ်လေ့ ရှိပါတယ်။ ဆော်ဒီရဲ့ တရားဥပဒေစနစ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အရင်နှစ်က အစ္စလာမ်ဘာသာ ပြုပြင်ပြောင်းလဲရေးနဲ့ တိုင်းပြည်မှာ ဘာသာရေးနဲ့ နိုင်ငံရေးမှာ အထက်တန်းစားတွေ လွှမ်းမိုးထားတာကို ဝေဖန်တဲ့ ရဖ်ဘာဒါဝီကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ကြိမ်ဒဏ် အချက် ၁၀၀၀ ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
By ဒီဗွီဘီ