Pages

Wednesday, February 4, 2015

ထားဝယ် စီမံကိန်း မဖြစ်လာရန် နိုင်ငံ အချို့ သွေးထိုးဟုဆို

Displaying Aung thu (3).JPG

Dawei Watch | ထားဝယ်၊ ဖေဖော်ဝါရီ ၃

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း မဖြစ်လာစေရန် နိုင်ငံအချို့က သွေးထိုးနေကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ထားဝယ်စီမံကိန်း ထောက်ခံကြောင်း ဆန္ဒပြခေါင်းဆောင်အချို့က ပြောကြားလိုက်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အမြန်ဆုံး အကောင်
အထည်ဖော်ဆောင်ရွက်ရေး
  ဖေဖော်ဝါရီလ ၃ ရက်နေ့ကပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲဟောပြောရာ၌ ဧကနိကျေးရွာမှ ဦးနိုင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် နှင့်ပက်သက်၍ တိကျမှန်ကန်သော သတင်းအချက်အလက်နှင့် ပြဿနာများကို ဖြေရှင်းကူညီဆောင်ရွက်ပေးနိုင်ရန် ဒေသခံများမှ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားသင့်ကြောင်း ဧကနီ ကျေး ရွာမှ ဦးနိုင်ဦးက ပြောကြားသည်။

“သို့မှသာလျှင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကြီးအောင်မြင်ရန် ၀ိုင်းဝန်းကူညီရေးနှင့်
အဖျက်သမားများ အား ကာကွယ်ရေးကို ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု
ဦးနိုင်ဦးက ဆိုသည်။

အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကျမည့်ကုမ္ပဏီများ၊ သတင်း အချက်အလက် သိလိုသောအဖွဲ့အစည်းများ၊ ဒေသခံများ၏ လူမှုဘ၀ကို ကူညီဖြေရှင်းပေးလိုသူများ၊ စေတနာရှင်များနှင့် ဒေသခံတို့ကြားတွင် ခိုင်မာသော ဒေသခံအဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်ပြီဆိုပါက
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီး ပွားရေးဇုန် အောင်မြင်ရန်ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ဦးနိုင်ဦးက အဆိုတင်သွင်းရာ၌ ထည့်သွင်းပြောဆိုသည်။

ထားဝယ်စီမံကိန်း မဖြစ်လာရန် သွေးထိုးနေသော နိုင်ငံအချို့ရှိပြီး စီမံကိန်းကို နှောင့်ယှက်နေသော အဖျက်သမားများရှိနေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေကလည်း ပြောဆိုဖူးသည်။

ထောက်ခံ ဆန္ဒပြပွဲကို လူဦးရေ နှစ်ထောင်ဖြင့် ပြုလုပ်မည်ဟု ကြိုတင်ကြေညာထားသော်လည်း အမှန်တကယ်ပြချိန်တွင် လူဦးရေ တစ်ထောင်ဝန်းကျင်ဖြင့် ထုတ်ဖော်ခဲ့ကြပြီး စီမံကိန်းအဓိက နေရာ နဘုလယ်မှ လူဦးရေ တစ်ရာအောက်ပါဝင်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

အများစုမှာ စီမံကိန်းနှင့် ကပ်လျက်ကျေးရွာများမှ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။   

နဘုလယ်လူငယ်များ အဖွဲ့မှ ကိုဖိုးရုပ်ကမူ စီမံကိန်း မဖြစ်လာစေရန် နိုင်ငံအချို့က သွေးထိုးနေသည် ဆိုသည့် အချက်ကို လက်မခံဘဲ ယင်းနိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်းများမှာ ဒေသခံများ စီမံကိန်းဆိုင်ရာ အသိပညာတိုးပွားရန်၊ ရပိုင်ခွင့်များကို ဝေဖန်တောင်းဆိုတတ်လာစေရန် အကူအညီပေးနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

စီမံကိန်းကြီးစတင်ချိန်တွင် ဒေသခံများအနေဖြင့် အသိပညာအားနည်းမှု၊ စီးပွားရေးအမျှော်အမြင်မရှိခြင်း၊  အာဏာရှင်စနစ် အောက်တွင် နေထိုင်လာခဲ့ရခြင်းများရှိသည့် အတွက် စီမံကိန်းနောက်ဖြစ်ပေါ်လာမည့်
အကျိုးကျေးဇူးကို မသိကြဘဲ ဒေသပျက်စီးမည်ဟုသာ တွေးပူ၍ ကန့်ကွက်ခဲ့ကြကြောင်း ဦးနိုင်ဦး က ပြာဆိုသည်။

ယင်းကြောင့် ဒေသခံများအတွက် ကြားခံ ဖြေရှင်းမည့် အဖွဲ့အစည်း တစ်ခု ရှိရန် လိုအပ်ပြီး ဖေဖော်ဝါရီ လမကုန်မီ ဖွဲ့စည်းသွားမည်ဟု ဦးနိုင်ဦးကဆိုသည်။
ယင်းသို့သော အဖွဲ့ဖြစ်လာပါက ဒေသခံများ အကြားမကြေလည်မှုများဖြစ်ပေါ်စေပြီး လက်ရှိ ရပ်ရွာအကျိုး လုပ်ဆောင်နေသည့်အဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားနိုင်ကြောင်း ကိုဖိုးရုပ်ကဆိုသည်။
မဟာစီမံကိန်းများနှင့် လူအဖွဲ့အစည်း ပြိုကွဲမှုသည် အမြဲလိုလို ဆက်စပ်နေပြီး စီမံကိန်းကြောင့် ဖြစ်လာသည့် အုပ်စုကွဲမှုများကို လူအဖွဲ့အစည်း တစ်ခု ပြိုကွဲသည်အထိ စီမံကိန်းအကောင်အထည်ဖော်သူများက ရည်ရွယ်ချက် ရှိရှိလုပ်လေ့ရှိကြောင်း ထိုင်းနိုင်ငံမှ ၀ါရင့် တက်ကြွလှုပ်ရှားသူများက သတိပေးသည်။
၎င်းတို့တွင် ထိုသို့သော အတွေ့အကြုံပေါင်းများစွာ ကြုံတွေ့ဖူးပြီး စီမံကိန်းနှင့် ဆက်စပ်သည့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များ၊ သတင်းမီဒီယာများကိုလည်း ငွေဖြင့် သိမ်းသွင်းတတ်ကြကြောင်း ၎င်းတို့ကဆိုသည်။
ထောက်ခံ ဆန္ဒထုတ်ဖော်သူ ၁၀၀၀ ဦးဝန်းကျင်က 

 ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် 
အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး-ဒို့အရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား ဖျက်ဆီးသူ-ဒို့ရန်သူ၊ 
ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကြီး- အောင်ရမည်ဟု ကြွေးကြော်ပြီး စစ်ကြောင်း ၄ ကြောင်းဖြင့် ထားဝယ်-ကန်ချနပူရီလမ်းအူကြောင်းအပေါ်ရှိ ၃ ကီလိုမီတာမှ ၀ ကီလိုမီတာသို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။
Dawei Watch