Pages

Wednesday, February 25, 2015

တပ်မတော်သားတွေအတွက် အလှူငွေလိုက်လံကောက်ခံပေးမယ့် ထိုင်းရုပ်ရှင်မင်းသမီး



ထိုင်းမင်းသမီး ကရာဗီ (photo - talksthattalk.com)

ထိုင်းသရုပ်ဆောင် မင်းသမီး ကရာဗီဟာ လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ တပ်မတော်သား မိသားစုတွေ ဒုက္ခရောက်ပြည်သူတွေအပါအ၀င် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် We are warm Myanmar အဖွဲ့နဲ့အတူ မန္တလေးမြို့မှာ လိုက်လံအလှူခံမယ်လို့  သိရပါတယ်။

မင်းသမီး ကရာဗီဟာ မကြာသေးခင်က ထိုင်းနဲ့ မြန်မာ ပူးပေါင်းရိုက်ကူးခဲ့တဲ့ “ဘယ်လိုအချစ်မျိုးလဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသမီးနေရာက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ထက် ဒီဇာတ်ကားမှာ မင်းသားသရုပ်ဆောင်အဖြစ် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးနဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဘယ်လိုအချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ လည်း ပြသခဲ့ပါတယ်။

“ကရာဗီကတော့ အလှူငွေကောက်ခံမယ့်နေ့မှာ မန္တလေးကို ဘန်ကောက်ကနေ လေယာဉ်နဲ့ တိုက်ရိုက် လာမယ်။ နောက် မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မြန်မာအနုပညာရှင်တွေနဲ့အတူတူ လိုက်ပြီးကောက်ခံမယ်။ ပြီးရင် ပြန်မယ်” လို့ အလှူခံပွဲကို စီစဉ်တဲ့ Myanmar Media 7 က တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

Myanmar Media 7 က ဦးစီးပြီး မြန်မာအနုပညာရှင်အများအပြားပါဝင်မယ့် We are warm Myanmar အဖွဲ့မှာ အနုပညာရှင်ပေါင်း ၅၄ ယောက်ပါဝင်မှာဖြစ်ကာ ဒီအလှူခံပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးမြို့မှာရှိတဲ့ လူစည်းကားရာနေရာတွေမှာ လိုက်လံ အလှူခံသွားမှာဖြစ်ပါတယ်။


ဧရာဝတီblog