Pages

Sunday, February 15, 2015

သပိတ်မှောက်ရပ်ကြဖို့ သီတဂူဆရာတော်ကြီး ကျောင်းသားတွေကို မေတ္တာရပ်ခံ



ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းအဆုံးသတ် ရေးဆွဲရမယ့်နေ့မှာတော့ သီတဂူဆရာတော်ဘုရားကြီးက အောင်မြင်မှုကိုဂုဏ်ယူပြီး သက်ဆိုင်ရာအရပ်ဒေသအသီးသီးက မိဘဆရာသမားတွေဆီ ပြန်လည်ခိုဝင်ပြီး ပညာဆက်လက်သင်ကြားကြဖို့ သပိတ်မှောက်ကျောင်းသားတွေကို အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နဲ့အညီ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူတဲ့အကြောင်း၊ နိုင်ငံတော်မှာ ပဋိပက္ခအဖုံဖုံရှိနေတာကြောင့် သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ် အစိုးရကိုကူညီတဲ့သူတွေအဖြစ် မြင်ချင်လှတဲ့အကြောင်း သီတဂူဆရာတော် ဦးဉာဏိဿရက ဖေဖော်ဝါရီ ၁၅ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို ရန်ကုန်တိုင်းဧရိယာထဲမဝင်ဖို့၊ တားမြစ်ချက်ကိုချိုးဖောက်ရင် သဘောတူညီထားတဲ့ အချက် ၁၁စလုံး ပျက်ပြယ်သွားပြီလို့ မှတ်ယူရမှာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းက သတိပေးပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီကတော့ သပိတ်ကို ရန်ကုန်အထိ ဆက်လက်ချီတက်မှာဖြစ်ပြီး လွှတ်တော်ကို ဥပဒေကြမ်းတင်တဲ့အခါ တောင်းဆိုချက်အတိုင်း ဖြစ်မလာခဲ့ရင် လွှတ်တော်ကိုဦးတည်ပြီး သပိတ်ဆက်မှောက်မယ်လို့ ဆိုထားပါတယ်။

ဒီကနေ့ကျင်းပနေတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ ပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း မူကြမ်းကို အပြီးသတ်ရေးဆွဲပြီး မနက်ဖြန်မှာ အမျိုးသားလွှတ်တော်မှာစတင်တင်သွင်းသွားမယ်လို့ ဆိုထားပါတယ်။ ပဲခူးနဲ့ ဖျာပုံကို ရောက်နေတဲ့ သပိတ်စစ်ကြောင်းတွေကတော့ ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်နေပြီး ပင်မစစ်ကြောင်းဟာ အုတ်ဖိုကို ချီတက်နေကြပါတယ်။

ရန်ကုန်မြို့မှာလည်း ပညာရေးသပိတ်ကိုထောက်ခံတဲ့ ကျောင်းသားဆန္ဒပြမှုတွေ ပြုလုပ်နေချိန်မှာ သပိတ်ကိုဆန့်ကျင်တဲ့ တန်ပြန်သပိတ်ဆန္ဒပြမှုတွေ ကျင်းပနေတာကို အစိုးရပိုင်သတင်းမီဒီယာတွေက ဆက်တိုက်ထုတ်လွှင့်နေပါတယ်။

Kamayut Media