Pages

Friday, March 6, 2015

အရက်မူးနေတဲ့ စွမ်းအားရှင် အကြမ်းဖက်သမားတွေက ကျောင်းသားနဲ့ ပြည်သူတွေကို စတင်တိုက်ခိုက်၊ ရဲတွေ လက်ပိုက်ကြည့်နေခဲ့




 Photos -  Paingpaing Dawei (Facebook)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
မြို့တော်ခမ်းမရှေ့မှာ ညနေ ၄နာရီ ခွဲလောက်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈ နဲ့ အညီ လူစုခွဲသွားမယ်လို့ ကြေညာပြီး လူစုခွဲဖို့ အချိန် မိနစ် ၃ဝ ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ မြို့တော်ခမ်းမထဲကနေ ထွက်လာတဲ့ အရပ်ဝတ်နဲ့ လက်ပတ်နီပတ်ထားတဲ့ စွမ်းအားရှင်တွေဟာ အင်အားများလာပြီး ရဲနဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ကြားကို ဝင်ရပ်လိုက်ပါတယ်။
အဲဒီမှာ အရက်တွေမူးနေတဲ့ စွမ်းအားရှင် အကြမ်းဖက်သမားတွေဟာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေဆီ အိမ်ပြန်ကြဖို့ စတင်အော်ဟစ်ပါတယ်။ ကျောင်းသားတွေက စွမ်းအားရှင်တွေကို ခင်ဗျားတို့ဒီလိုပြောပိုင်ခွင့်မရှိဘူးလို့ အပြန်အလှန် ပြန်ပြောတဲ့အခါမှာ စွမ်းအားရှင်တွေက ကျောင်းသားတွေကို စထိုးကြိတ်ပါတယ်။ အဲဒီလို စွမ်းအားရှင်တွေက အင်နဲ့အားနဲ့ ဝင်ထိုးတာကြောင့် ဘေးနားမှာရှိနေတဲ့ ပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝင်ရောက်ဆွဲဖြန်ခဲ့လို့ နှစ်ဖက်စလုံး လူကွဲသွားခဲ့ပါတယ်။
နောက်ထပ်တစ်ခါ စွမ်းအားရှင်တွေက ကျောင်းသားနဲ့ ပြည်သူ၊ အရပ်ဖက်အဖွဲ့တွေဆီ ပြေးဝင်လာပြီး ကန်ကြောက်၊ ထိုးကြိတ်နေပြီး ရဲတပ်ဖွဲ့က ၁ဝမိနစ်လောက်ထိ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေပါတယ်။
အဲဒီအချိန်မှာ ၈၈မျိုးဆက်က အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ကို အခုလို အကြမ်းဖက်တိုက်ခိုက်နေတဲ့အပေါ် လက်ပိုက်ကြည့်နေလို့ ပြောချိန်မှာတော့ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ အပြင်းအထန် အကြမ်းဖက်ဖြိုခွဲတိုက်ခိုက်လိုက်ပါတယ်။
အဲဒီအချိန်မှာ စွမ်းအားရှင်တွေဟာ မြို့တော်ခမ်းမဘက်ကို ပြန်ဆုတ်သွားကြသလို ရဲတွေက ရပ်ထားတဲ့ ဒိုင်နာကား ၃စီးထဲက တစ်စီးပေါ်ကို ၈၈မျိုးဆက်က မနီလာသိန်းအပါအဝင် ၇ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
စွမ်းအားရှင်တွေဟာ ကမ္ဘာပျက်မတတ်အော်ဟစ်တိုက်ခိုက်နေပြီး သတင်းမီဒီယာတွေကိုပါ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ သတင်းထောက်တွေ အများအပြား ကစဥ့်ကလျားဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက ဆယ်မိနစ်သာသာလောက်ပဲကြာမြင့်ခဲ့ပါတယ်။
(ကမာရွတ်မီဒီယာရဲ့ သတင်းထောက် ၂ ယောက်ရဲ့ ကိုယ်တွေ့မျက်မြင်)
Kamayut Media