Pages
▼
Monday, March 9, 2015
ဝါရှင်တန်မြို့တော်တွင်း၌ ဗုံးခွဲရန်နှင့် အိုဘားမားကို လုပ်ကြံရန် စီစဉ်ခဲ့ဟု အမေရိကန်နိုင်ငံသား အကြမ်းဖက်သမား ၀န်ခံပြောကြား
ဝါရှင်တန် ၊ ၈-၃-၂၀၁၅
ISIS စစ်သွေးကြွ များအား အမေရိကန် အစိုးရက လေကြောင်း တိုက်ခိုက်နေမှုကို လက်တုံ့ပြန် နိုင်ရန်အတွက် ဝါရှင်တန် မြို့တော်၌ ဗုံးခွဲရန်နှင့် သမ္မတ အိုဘားမားကို ပစ်ခတ် လုပ်ကြံရန် အကွက်ချ စီစဉ်ခဲ့သည် ဟူသော အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံထား ရသည့် အမေရိကန် နိုင်ငံသား တစ်ဦး၏ ဝန်ခံ ပြောကြားမှုကို မတ် ၆ ရက်တွင် အမေရိကန် သတင်းဌာန တစ်ခုက ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
Christopher Cornell အမည်ရှိ အသက် ၂ဝ အရွယ် အဆိုပါ အမျိုးသားကို ကင်တပ်ကီ အကျဉ်းထောင် တစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်း ထားခြင်းဖြစ်ပြီး တယ်လီဖုန်းမှ တစ်ဆင့် ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင် ၄င်းက ယခုကဲ့သို့ ဝန်ခံပြောကြား ခဲ့ခြင်းဖြစ်ကာ ၄င်း၏ ဝန်ခံ ပြောကြားချက်ကို Fox 19 WXIX ရုပ်သံလိုင်းမှ မတ် ၆ ရက် ညတွင် ထုတ်လွှင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
မိမိသာ ဖမ်းဆီးမခံခဲ့ရ ပါက သမ္မတ အိုဘားမား ကို လုပ်ကြံခြင်းဖြင့် ပဋိပက္ခကို အစပျိုး ပြီးနောက်တွင် မြို့တော် ဝါရှင်တန်၊ အစ္စရေးသံရုံး နှင့် အခြား အဆောက်အအုံ များကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မိမိ၏ အစီအစဉ် အားလုံးသည် ISIS စစ်သွေးကြွ များအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အမေရိကန် ပြည်ထောင်စုကို လက်တုံ့ပြန်ရန် ဖြစ်ကြောင်း မွတ်စလင် ဘာသာဝင် တစ်ဦးအဖြစ် ၄င်းကိုယ် ၄င်းဖော်ပြ ထားသည့် Christopher Cornell က ပြောကြားသည်။
Christopher Cornell ကို ဇန်နဝါရီ ၁၄ ရက်တွင် သေနတ် အရောင်းဆိုင် တစ်ဆိုင်၏ အပြင်ဘက်တွင် ၄င်း ဝယ်ယူထားသည့် လက်နက် ပစ္စည်းများနှင့် အတူ အာဏာပိုင်များကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အစိုးရ အရာရှိများကို လုပ်ကြံရန် ကြိုးပမ်းမှု၊ လက်နက် လက်ဝယ် ပိုင်ဆိုင်မှု တို့ဖြင့် တရားစွဲဆို ထားပြီး ပြစ်မှုထင်ရှား ပါက ထောင်ဒဏ်နှစ် ၂ဝ ပြစ်ဒဏ်ကျခံ နိုင်ဖွယ် ရှိကြောင်း သိရသည်။
PyiChitThar