Pages

Saturday, March 14, 2015

အင်အားသုံးဖြိုခွဲ ဖမ်းဆီးခံရသည့် ရွှေပြည်သာစက်မှုဇုန် အလုပ်သမား ၁၄ ဦးအား အင်းစိန်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်

ပိုက်ဆံယူရန်



ရွှေပြည်သာမြို့နယ်ရှိ Ford Glory  Garment စက်ရုံနှင့် COSTEC အထည်ချုပ် စက်ရုံနှစ်ရုံမှ အလုပ်သမားများ လမ်းလျှောက် ဆန္ဒပြခဲ့ရာမှ အင်အားသုံးဖြိုခွဲ ဖမ်းဆီးခံရသည့် အလုပ်သမား ၁၄ ဦးကို မတ် ၁၃ ရက် မွန်းလွဲပိုင်းက အင်းစိန်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါ အလုပ်သမား ၁၄ ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် တရားစွဲဆိုခဲ့ပြီး ယခု ဒုတိယအကြိမ် ရုံးထုတ်ရာတွင် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်းလည်း သိရသည်။

အလုပ်သမား ၁၄ ဦးအနက်မှ အလုပ်သမား ၁၃ ဦးကို အင်းစိန်မြို့နယ် တရားသူကြီးက အာမခံပေးခဲ့ပြီး ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

“အလုပ်သမား ၁၄ ဦးစလုံးကို ပုဒ်မ ၁၄၇ အပြင် ပုဒ်မ ၁၈ ပါ ထပ်ပြီး တပ်လိုက်ပါတယ်။ သူတို့လမ်းလျှောက်ရာမှာ ခွင့်ပြုမိန့် မတင်ဘူးဆိုပြီးတော့ပါ။ မြို့နယ်တရားသူကြီးက အလုပ်သမား ၁၄ ဦးထဲမှ ၁၃ ဦးကိုတော့ အာမခံပေးလိုက်ပါတယ်။ ကိုစိုင်းလို့ ခေါ်တဲ့ အလုပ်သမားတစ်ယောက်ကတော့ ၅ဝ၅ (ခ)ရယ်၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၈ သုံးခုလုံး စွဲထားခံရပြီး သူ့ကိုတော့ တရားရုံးက အာမခံမပေးလိုက်ပါဘူး။ အာမခံပေးတဲ့
အထဲမှ အသက်မပြည့်သေးတဲ့ ကလေးကိုလည်း သီးခြားစစ်ဆေးပါတယ်၊ အလုပ်သမား ၁၄ ဦးကို ရန်ကင်းတရားရုံးကို ပြောင်းစစ်ရမယ်လို့ လာပြောတယ်။ ဒါပေမဲ့အတည်တော့ မဖြစ်သေးပါဘူး”ဟု အလုပ်သမားများ၏ ရှေ့နေဖြစ်သူ ဦးနေလင်းအောင်က မတ် ၁၃ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

မတ် ၄ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ အမှတ် (၄) လမ်းမကြီး၊ တညင်းကုန်း လမ်းဆုံအနီး၌ ရွှေပြည်သာစက်မှုဇုန်ရှိ စက်ရုံနှစ်ရုံမှ အလုပ်သမားများ လမ်းလျှောက် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီး အင်အားသုံးဖြိုခွင်းခဲ့ကာ အလုပ်သမားဘက် မှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးခြောက်ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

ရွှေပြည်သာစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃ အတွင်း အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြရာတွင် E,Land Myanmar Garment စက်ရုံ၊ Ford Glory  Garment စက်ရုံမှ အလုပ်သမားများနှင့် COSTEC INTERNATION CO;LTD (Garment) စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော် ပူးပေါင်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဖေဖော်ဝါရီ ၂ဝ ရက် ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Writer:
မင်းခန့်ဖြိုးEleven Media Group