Pages
▼
Monday, March 16, 2015
ဗုဒ္ဓဆင်းတုတော်ခိုးယူမှုနှင့်ပတ်သက်ပြီး မသင်္ကာသူနှစ်ဦးကိုအရေးယူ
မြစ်သား မတ် ၁၅
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မုန္တောကြီးကျေးရွာနေ ဝင်းမြင့်(ခ)ပေါက်စ (၅၃ နှစ်)၏ နေအိမ်ကို မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီက မမစ(မြစ်သား)မှ ဒုရဲအုပ် အောင်တင်နှင့်အဖွဲ့သည် သတင်းအရ သွားရောက်ရှာဖွေရာ ဝင်းမြင့်(ခ)ပေါက်စနှင့်သိန်းထွန်း (၄၄ နှစ်) ဘုရားစုရွာ ဝမ်းတွင်းမြို့နယ်နေသူတို့အား မသင်္ကာဖွယ်တွေ့ရှိရ၍ ဝင်းမြင့် (ခ)ပေါက်စ၏ နေအိမ်ခြံဝင်း နွားစာတိုက်အတွင်းရှိ ကုလားပဲမှော်အတွင်း ပီနံအိတ်နှစ်လုံးထပ်လျက်အတွင်း ၌ထည့်ထားသော တင်ပလ္လင်ခွေဗုဒ္ဓဆင်းတုတော်များ၊နေအိမ်တွင်း ဘုရားကျောင်းဆောင်မှ ဗုဒ္ဓဆင်းတုတော်များ (ရှေးဟောင်း ဆင်းတုတော် ဟုတ်မဟုတ် စိစစ်ဆဲ)နှင့်ဓာတ်တော် ဟုယူဆရသော အဖြူရောင်အလုံး သေး ၃၈ဝ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် HUAWEI (၆၁ဝ ဆင်းကတ်မပါ) အဖြူရောင် လက်ကိုင်ဖုန်း အပျက်တစ်လုံး၊ ဆင်းကတ်နှစ်ခုပါ Coolpad အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ နံပါတ်မပါ ZHANSHENG-CZI-125 နီညိုရောင်ဆိုင်ကယ်တစ်စီး၊ ၄ဝယ/ ----- လော့ဂျာ-၁၁ဝ အနက်ရောင် ဆိုင်ကယ်တစ်စီးတို့ကိုပါ ၎င်း၏နေအိမ်အတွင်းမှ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ္စည်းများသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သည့်အပြင် တစ်နေရာမှ ခိုးယူလာသည်ဟု ယူဆရသဖြင့် ဝင်းမြင့်(ခ)ပေါက်စ နှင့် သိန်းထွန်းတို့အား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တင်မောင်(မန္တလေး)
Myanmaalinn