Pages

Sunday, March 15, 2015

ပေါင်းစည်းရေး လက်မခံသည့် မွန်နှစ်ပါတီကို လက်ခံ အသိမှတ် မပြုဟု ညှိနှိုင်းရေးအဖွဲ့ဆို

Displaying DSC08730.jpg
 မတ်လ ၁၃ ရက်နေ့ ကြေညာချက် ထုတ်ပြန်သည့် အခမ်းအနား မြင်ကွင်း
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ မတ် ၁၄
မွန်သံဃာတော်များနှင့် မွန်ပြည်သူတရပ်လုံး၏ သဘောထားမှုအပေါ် လုံးဝလှစ်လျူရှုထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့အား မွန်နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့မှ လုံးဝ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း မတ်လ ၁၃ ရက်နေ့က ကြေညာချက်ထုတ်လိုက်သည်။
ယင်းအဖွဲ့သည် AMDP နှင့် MNP နှစ်ပါတီ ပေါင်းစည်းနိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် မွန်သံဃာတော်များနှင့် မွန်ပြည်သူများဖြင့် ဖွဲ့စည်းခဲ့ပြီး ညှိနှိုင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိ ဖော်ဆောင်လာခဲ့သည်။
ပေါင်းစည်းရေးအတွက် အကြိမ်ကြိမ် ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း AMDP အနေဖြင့် ပေါင်းစည်းခြင်းကို လက်မခံခဲ့ခြင်း၊ ထိုအတူ မွန်အမျိုးသားပါတီကလည်း မွန်နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးထားချက်များ ကို ပါတီညီလာခံ ကျင်းပချိန်ထိ လိုက်နာဆောင်ရွက်မှုမရှိခဲ့ခြင်းတို့ကြောင့် နှစ်ပါတီစလုံးကို လုံးဝလက် အသိအမှတ်ပြုမည် မဟုတ်ဟု
 မွန်နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့က ပြောသည်။
“သူတို့(ညှိနှိုင်းရေးအဖွဲ့) ဆန္ဒရှိတဲ့အတိုင်း လိုက်နာသင့်သလောက် လိုက်နာလာခဲ့ပါတယ်။ နိုင်ငံရေးပါတီဆိုတော့ နိုင်ငံရေး ပါတီရဲ့ ပရိုစီဂျာနဲ့ သွားရတယ်၊ ဒီအပေါ် ဝမ်းနည်းတာကလွဲပြီးတော့ ဘာမှ ပြောစရာမရှိပါဘူး” ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
ယင်းကြေညာချက်နှင့် ပတ်သက်ပြီး မွန်လူထုအကြား အစပိုင်းတွင် မရှင်းလင်းသည့် အနေအထား ဖြစ်သွားနိုင်သော်လည်း မွန်သံဃာတော်နှင့် မွန်လူထုတို့က မွန်အမျိုးသားပါတီအပေါ် ယုံကြည်ပြီးသားဖြစ်သည့်အတွက် တစုံတရာ ထိခိုက်နိုင်မည် မဟုတ်ဟု ၄င်းက ထင်ကြေးပေးသည်။
“ပါတီကို ဖျက်မှာမဟုတ်ဘူး ပါတီအမည်ကိုလည်း ပြောင်းမှာ မဟုတ်ဘူး၊ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အထိကို ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းအတိုင်းပဲ ကျွန်တော်တို့က သွားမှာ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။
မွန်နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ပါတီပေါင်းစည်းခြင်းကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပါတီပေါင်းစည်းရေးအဖွဲ့၏ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
မွန်ပြည်သူလူထုအကြား မွန်ပါတီတစ်ပါတီသာရှိရမည်ဟုဆိုပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီ AMDP နှင့် မွန်အမျိုးသား ဒီမိုကရေစီပါတီ MDP နှစ်ပါတီ ပေါင်းစည်းရန် ကြိုးပမ်းခဲ့ရာ AMDP ဘက်က ၄င်းတို့ပါတီအနေဖြင့် မပေါင်းစည်းနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ပါတီခေါင်းဆောင်အချို့တို့က MDP နှင့် ပူးပေါင်းပြီး MNP ပါတီအမည်သစ်ဖြင့် ပါတီဖွဲ့စည်းခဲ့သည်။
Dawei Watch