Pages

Sunday, March 1, 2015

ကွန်မြူနစ်ကျားသေကို အသက်သွင်းသူများ



အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာန၏သဘောထားမှက်ချက်ဆိုပြီး ဝါဒဖြန့် ၄၂ မျက်နှာဖြန့်ဝေစာဟာ ခုရက်ပိုင်းမှာ ပြန့်နှံ့နေပါတယ်။ ဒီစာဟာ ပညာရေးဝန်ကြီးဌာနအနေနဲ့ လေးပွင့်ဆိုင်သဘောတူညီချက်များကို နောက်ကျောကနေ ဓားနဲ့ထိုးတာဖြစ်တဲ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လူကြီးလူကောင်းလို အစိုးရကိုကိုယ်စားပြုပြီးတက်ခဲ့တာမဟုတ်ဘူးလို့လည်း ပညာရေးဝန်ကြီးက အထင်အရှားပြလိုက်တာဖြစ်ပါတယ်။ ပိုပြီးသရဲဘောကြောင်တဲ့လုပ်ရပ်အဖြစ် ပြောနိုင်တာက တက္ကသိုလ်ပေါင်းစုံကို ပညာရေးဝန်ကြီးဌာနက လျှို့ဝှက်ဖြန့်ဝေထားတာဆိုတဲ့အတွက်ပါ။ ဒီလိုအောက်တန်းကျတဲ့အလုပ်တွေကိုလုပ်တဲ့ ပညာရေးဝန်ကြီးဆိုသူနဲ့ အကြံပေးဆိုသူတွေဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက မျက်နှာပေးတွေကိုက ကျောင်းသားတွေအပေါ်မလိုမုန်းထားမှန်း သိသာလွန်းလှပါတယ်။ ဒီမျက်နှာတွေကိုလည်း တီဗီကနေတစ်ဆင့် တစ်နိုင်ငံလုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ခုလည်း ၄၂ မျက်နှာဖြန့်ဝေစာဟာ His master voice ဆိုတာထက် သခင်အားရ ကျွန်ပါးဝလုပ်ရပ်အဖြစ် မြင်တွေ့ရပါတယ်။ အဲဒီဖြန့်ဝေစာရဲ့နောက်ဆုံးမှာ လိုရင်း ၁၀ ချက်ကိုတွေ့ရတယ်။ အချက် ၆ မှာ "၁၉၂၀ ခုနှစ်၊ ကွန်မြူနစ်အခြေပြုကျောင်းသားသမဂ္ဂများကို ကျောင်းသား/တက္ကသိုလ်များတွင်ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားမျာကို လွှမ်းမိုးနိုင်ရန်" ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်တာဖြစ်ပြီး မြန်မာစာရေးထုံးကိုပင် မလိုက်နာတာတွေ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်လို့ရေးရမှာဖြစ်တယ် ဆယ်စုနှစ်အဆုံးမို့ပါ။ ပညာရေးဝန်ကြီးမို့ဆက်မေးရရင် ၁၉၂၀ မှာ ဗမာပြည်မှာ ကွန်မြူနစ်ပါတီဖွဲ့ပြီးပြီလား။ အခြေခံမြန်မာ့သမိုင်းသင်ရိုးတောင်ကျေရဲ့လားမသိပါ။ ပါမောက္ခချုပ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့မရဘဲကျောင်းထွက်သွားရတယ်လို့ ပြောတဲ့သူလိုမျိုးပေါ့။ ၁၉၂၀ ဟာ ရန်ကုန်ယူနီဗာစီအက်ဥပဒေကို မကျေနပ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နှစ်ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသားနေ့ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီမရှိသေးသလို ကွန်မြူနစ်နဲ့လည်းဘာမှမဆိုင်ပါ။ စကားဖြစ်ပြီးရော တောရမ်းမယ်ဖွဲ့ လျှောက်ပြောနေတာတွေဖြစ်ပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက်ဖြစ်ခဲ့တဲ့ ကျောင်းသားသပိတ်မှန်သမျှကို ကွန်မြူနစ်တွေကလုပ်တာလို့ပဲ ဆိုချင်နေပုံရပါတယ်။ ဗမာပြည်မှာ လက်တွေ့အရ ကွန်မြူနစ်ပါတီဟာ ၈၉ ခုနှစ်ကတည်းကမရှိတော့ပါ။ အခုလေ့လာချင်ရင် ပြတိုက်ထဲသွားကြည့်ရမှာဖြစ်ပါတယ်။ ၆၂ ကတည်းက စစ်အစိုးရဟာ ကျောင်းသားသမဂ္ဂတို့ ကွန်မြူနစ်တို့ကို အကြောက်ကြီးကြောက်ခဲ့တာ ခုထိအရှိန်မကုန်သေးတာကို တွေ့နေရသလို၊ သမိုင်းရဲ့ အချက်အလက်အမှားတွေနဲ့ ဝန်ကြီးဌာနတစ်ခုက ဖြန့်ဝေနေတာမျိုးကတော့ ရှက်စရာကောင်းလှသလို ကိုယ့်အရည်အချင်းဟာ ဘာပါလို့လည်းဖော်ပြလိုက်သလိုပါပဲ။

တကယ်က ကိုယ်ပြုတဲ့အမှု ကိုယ့်ထံပြန်ပတ်တာပဲဖြစ်ပါတယ်။ ပညာရေးဥပဒေကို မူကြမ်းစရေးကတည်းက သက်ဆိုင်သူ အများပါဝင်ရေးဆွဲပြီး အတည်ပြုခဲ့ကြမယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဆိုတဲ့ နောင်တလေးတောင်မှ မရနိုင်သေးတဲ့ သူတွေလို့ပဲမြင်နေရပါတယ်။ ခုတော့ ကျောင်းသားသပိတ်စကတည်းက အစိုးရရဲ့ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တဲ့၊ မှားယွင်းစွာ ဖြေရှင်းနေခဲ့တဲ့လုပ်ရပ်တွေဟာ တရစပ်နဲ့ ခုထိကိုမရပ်သေးပါဘူး။ လုပ်မှား ကိုင်မှား ပြောမှား ဆိုမှားနဲ့ပါ။ ခုလည်း ပေါက်တက်ကရစကားတွေပြောပြီး ကွန်မြူနစ်ကိုစွပ်စွဲနေပုံတွေကြောင့် တမလွန်က ကွန်မြူနစ်ခေါင်းဆောင်တွေကတော့ စစ်အစိုးရကို ကောင်းချီးပေးနေပါလိမ့်မယ်။ ကွန်မြူနစ်ကျားသေကို အသက်ပြန်သွင်းပေးလို့ပါ။ ကြောက်ကြောက်လန့်လန့်ဖြစ်နေပုံကတော့ "ပြည်သူ့အာဏာ"ဆိုတဲ့စာအုပ်တောင် လိုက်အသိမ်းခံနေရတဲ့အထိပါ။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနဆိုတဲ့ ကြာသပတေးနံဝန်ကြီးဌာနနှစ်ခုပေါင်းပြီး ဖြုတ်ဦးနှောက်တွေနဲ့ ပြဿနာကိုင်တွယ်ဖြေရှင်းနေပုံတွေဖြစ်ပါတယ်။ အမေရိကန်အထက်လွှတ်တော်က ၅၀-၅၄ ပတ်ဝန်းကျင်နှစ်များက Senator Joseph MaCarthy ရဲ့ ကွန်မြူနစ်ဝါဒအကြောင်းပြပြီး နိုင်ငံသစ္စာဖောက်လို့စွပ်စွဲပြီးရှင်းပစ်ပုံနဲ့ တဖြည်းဖြည်းတူနေသလားလို့ပါ။ အဲဒီအချိန်တုန်းကတော့ ကွန်မြူနစ်ဝါဒရေချိန်အမြင့်ဆုံးမို့ထားတော့။ ခုခါက ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒတရစပ်ပြိုကွဲပြီး ခေတ်မစားချိန်ကျမှ ဗမာပြည်မှာ စစ်အစိုးရကပြန်ပြီးအသက်သွင်းနေလို့ပါပဲ။
**********************************
  လေးစားစွာဖြင့်

Ko Soe Win =>>   ဒေါင်းမာန်ဟုန်...မှ