Pages

Sunday, March 15, 2015

ကိုယ်ချင်းစာစိတ် -ကျော်သူ

ကိုယ်ချင်းစာစိတ်ဆိုတာ ဘုရားသခင်တိုင်း မြတ်နိုးတဲ့ တန်ဖိုးထားတဲ့စိတ်ဓါတ်ပါ။
ဒီကာတွန်းကိုမြင်ရတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေးနဲ့ အဖမ်းခံရတုန်းကအဖြစ်အပျက်လေးကိုသွားသတိရမိပါတယ်။
  ပြည်ထဲရေးရုံးမှာကျွန်တော်နဲ့ ကျွန်တော့်ဇနီးကိုစစ်ဆေးချက်ယူနေတုန်း ကျွန်တော့်
ဇနီးကသူ့ ကိုစစ်တဲ့ ရဲမေကိုပြောလိုက်တယ်။
" တော်ဘီ..နောက်ကိုလူမှုရေးမလုပ်တော့ဘူး၊ လူမှုရေးလုပ်တော့ လူသားချင်းစာနာစိတ်မွေးရတယ်။ ဒါတွေကြောင့် ဒီလိုဖြစ်ရပ်ဆိုးတွေမှာ ပါမိတယ်" လို့ လဲပြောရော...
 အဲဒီရဲမေကပြာပြာသလဲ " အဲဒီလိုတော့ မလုပ်ပါနဲ့ အစ်မရယ်၊ လူမှုရေး
တော့ဆက်လုပ်ပါ၊ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မအမေဆုံးတုန်းက အစ်မတို့ အစ်ကိုတို့ နာရေး
ကူညီမှုအသင်း(ရန်ကုန်) နဲ့ ဘဲ အစအဆုံးအခမဲ့လုပ်ပေးခဲ့တာပါ " တဲ့ ။
ဒါပါဘဲဗျာ...လူဆိုတာကိုယ်တိုင်ခံစားရမှ ကိုယ်ချင်းစာနာစိတ်တွေပေါ်လာတတ်တယ်ဆိုတာ။
ဒါကြောင့်...နေ့ တိုင်း၊အချိန်တိုင်း၊မိနစ်တိုင်း၊စက္ကန့် တိုင်း၊အသက်ရှူ ခွင့်လေးရတဲ့အချိန်လေးမှာ
ကိုယ်ချင်းစာနာစိတ်၊ဖြူ စင်တဲ့မေတ္တာစိတ်တွေမွေးဖွားကြဖို့ အရေးကြီးပါတယ်။ ။

ဒါဟာ တကဲ့ ဖြစ်ရပ်ပါ။ ရဲမေလေး နံမည်တောင် မှတ်မိသေးတယ်။ နောက်ရက်တွေကျတော့ ကျမတို့ကို မောရသုတ်တွေ၊ မေတ္တာသုတ်တွေ၊ နမောတေဂါထာတွေ မရတာတွေ ရေးပေးရင်း ရွတ်ဖို့တိုက်တွန်းကြပါလေရော။ မြန်မြန် လွတ်စေချင်ကြလို့တဲ့။

၁၀ရက်နေ့က လက်ပံတန်းမှာ ထိခိုက်ဒါဏ်ရာရတဲ့ ရဲကို လက်ပံတန်းဆေးရုံကို ပို့ရတာလည်း အန္တရာယ်ကြီးလှပါတယ်။ မတရား အကြမ်းဖက်မှုကြောင့် မခံမရပ်နိုင် ဖြစ်နေတဲ့ ရပ်မိရပ်ဖတွေက ကားထဲမှာ ရဲပါရင် ပြသနာလုပ်တော့မည့် အချိန်မှာ ရဲကို ရဲဝတ်စုံချွတ်ထားပြီး အခြားအ၀တ်တွေနဲ့ အုပ်ပြီး ရဲမှန်းမသိအောင် သယ်ပေးခဲ့ရတာပါ။ အဲဒီအတွက် လက်ပံတန်းကလူတွေကို အားနာမျက်နှာပူမိပေမဲ့
 လူမျိုး ဘာသာ ဆင်းရဲချမ်းသာ ရန်သူမိတ်ဆွေ မရွေး ကူညီမှုပေးနေတဲ့ ပရဟိတသမားတွေဟာ ဗြဟ္မစိုရ်တရားကိုတော့ လက်လွှတ်လို့မဖြစ်တာကိုလည်း နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Kyaw thu-myint myint khin pe
ဒေါင်းမာန်ဟုန်မှ