Pages
▼
Tuesday, March 24, 2015
တနင်္သာရီတွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များ ဖမ်းမည်
|Dawei Watch| ထားဝယ်၊ မတ် ၂၂
တနင်္သာရီတိုင်းတွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့်
လုပ်ငန်းလိုင်စင်မရှိသည့် မော်တော်ယာဉ်များကို သင်္ကြန်မတိုင်မီ လာမည့်
ဧပြီလ ၁ ရက်နေ့မှ စတင်၍ စီမံချက်ဖြင့် စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း
အမှတ်(၈) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး(တနင်္သာရီ) ထံမှ သိရသည်။
ယင်းသို့ အရေးယူမှုများ စတင်မည့်အကြောင်းကို လူထုကို
အကြောင်းကြားခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် အထက်ပါ
လိုင်စင်များ တစ်ပါထည်း ယူဆောင်လာရန် အသိပညာပေးခြင်းကို မတ်လ ၂၁ ရက်နေ့မှ
၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်ပါရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပုံမှန်တော့ အရေးယူနေတာပဲ။ သင်္ကြန်ကာလအတွက် အရေးကြီးတယ် ထင်လို့ပါ”ဟု ၎င်းက ဆိုသည်။
စစ်ဆေးအရေးယူမှုများကို သင်္ကြန်ကာလအတွင်း ပြုလုပ်မည် မဟုတ်ဘဲ မတ်လ ၁
ရက်နေ့မှ မတ်လ၁၀ ရက်နေ့ထိနှင့် သင်္ကြန်ကာလ နောက်ပိုင်းတွင် ဆက်လက်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။
အများပြည်သူသွားလာရာ လမ်းပေါ်တွင် မောင်းနှင်သည့် ဆိုင်ကယ်၊ မော်တော်ကား၊
ထော်လဂျီနှင့် သုံးဘီးဆိုင်ကယ်များ အားလုံး ယာဉ်မောင်းလိုင်စင်၊
ယာဉ်လိုင်စင်နှင့် အငှားယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်များ
ပါရှိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ယာဉ်စည်းကမ်း
ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။
“ယာဉ်မောင်းလိုင်စင်မရှိပဲ မောင်းနေသူတွေက မကျွမ်းကျင်ရင်
အများပြည်သူအတွက် အန္တရာယ်ရှိနိုင်တယ်”ဟု အမှတ်(၈) ယာဉ်ထိန်းရဲ
ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး(တနင်္သာရီ)မှ ရဲမှူး စိုးဝင်းက ပြောသည်။
ယာဉ်ထိန်းရဲများက လမ်းဆုံလမ်းခွများတွင်သာ အဓိက ဖမ်းဆီးလေ့ရှိသဖြင့်
အထောက်အထား မပြည့်စုံသည့် ယာဉ်မောင်းသူ အများစုမှာ လမ်းဆုံလမ်းခွများကို
ရှောင်ကွင်းသွားလာလေ့ရှိကြောင်း ထားဝယ်မြို့ခံ ဆိုင်ကယ်စီးလူငယ်တချို့က
ပြောသည်။
ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များမပါရှိသူများသည် မော်တော်ယာဉ် ဥပဒေ
၂၂ အရ တရားရုံးသို့ တရားစွဲတင်ခံရမည်ဖြစ်ပြီး ဒဏ်ငွေ ကျပ် ၁၅၀၀
ပေးဆောင်းရနိုင်ကြောင်း အထက်ပါရုံးထံမှ သိရသည်။
Dawei Watch