Pages

Sunday, March 15, 2015

ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားများကို တွေ့ခွင့်မပေးခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေပြောကြား

လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ကျောင်းသားများကို သက်ဆိုင်ရာမှ တွေ့ဆုံခွင့်မပြုခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေများက ပြောကြားသည်။

မတ် ၁ဝ ရက်က လက်ပံတန်းရှိ ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာမှ အင်အားသုံးဖြိုခွင်း၍ ကျောင်းသားများအား ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် မိသားစုဝင်မှ သားသမီးများနှင့်တွေ့ရှိရန် သာယာဝတီ အကျဉ်းထောင်များသို့ သွားရောက်ခဲ့သော်လည်း ယနေ့ (မတ် ၁၄ ရက်) အထိ တွေ့ဆုံခွင့် မရရှိသေးကြောင်း သိရသည်။

“အန်တီတို့ မနေ့ကတုန်းကတော့ တွေ့ရမလားဆိုပြီးတော့ သွားလိုက်တယ်။ မတွေ့ရပါဘူး။ အန်တီတို့သွားတာ ညနေစောင်းတော့ နောက်ကျနေပြီ။ ဆေးရုံတင်ထားတယ် သတင်းကြားလို့ သွားကြည့်တာ။ တွေ့ခွင့်ရမလားလို့မေးတော့ တွေ့ခွင့်အမိန့် ပေးမထားဘူးတဲ့။ ထောင်ဝန်ထမ်းတွေက ပြောတယ်။အန်တီအနေကတော့ အခုလောလောဆယ်တော့ သားကို ပြန်လွှတ်ပေးဖို့ သိပ်တော့မျှော်လင့်မထားပါဘူး။ သူ့ကျန်းမာရေးကိုတော့ စိတ်ပူတယ်။ ရဲတပ်ဖွဲ့အနေကတော့ လူမဆန်ဘူးဆိုတာ အန်တီတစ်ယောက်တည်း မဟုတ်ပါဘူး၊ အားလုံးမြင်တွေ့နေတဲ့သူတွေ ပြောနေတာပဲ။ သူတို့ သားသမီးချင်း မစာမနာ လူမဆန်ရိုက်တာတော့ လွန်တာပေါ့။ ခံစားရတဲ့သူတွေက ပိုသိမှာပါ။ သားနဲ့က တိုက်ရိုက် အဆက်အသွယ် မရသေးပါဘူး။ဟိုနေ့က ပြန်လွတ်တဲ့ ကျောင်းသူကောင်မလေး ပြောတာတော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားတယ်။ ပြီးတော့ သူ့မှာသွေးကျတဲ့ရောဂါ ရှိတယ်။ ရှေ့နေငှားဖို့ကတော့ အန်တီတို့လည်း အခြေအနေစောင့်နေတာပေါ့။ ဥပဒေဆိုတာ အစိုးရလက်ထဲမှာရှိတော့ သူ့တို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတယ်။ သားက အခုတက်နေတာ အနုပညာတက္ကသိုလ် ပထမနှစ်ပေါ့နော်။ အရှေ့ပိုင်းတက္ကသိုလ်မှာက ဒုတိယနှစ် တက်နေတာပါ” ဟု ကိုမင်းသွေးသစ်၏ မိခင် ဒေါ်ခင်ခင်က ပြောကြားသည်။

အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရသော မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်းက “ဒီလွတ်လာတဲ့ ရည်မွန်ဆိုတဲ့ မိန်းကလေးကို ဖုန်းဆက်ပြီး မေးကြည့်တော့ ကျန်းကျန်းမာမာ ရှိပါတယ်တဲ့။ ပြန်လွတ်တဲ့ ကျောင်းသားတွေအတွက်တော့ ဝမ်းသာပါတယ်ဗျာ။ ဒါပေမဲ့ မိဘတွေခေါ်ပြီးတော့ ခံဝန်ထိုးခိုင်းတာတော့ ဘယ်ကောင်းမလဲဗျာ။ သူတို့က အပြစ်ရှိတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီလောက်ပဲ လွှတ်ပေးပြီးတော့ ကျန်တဲ့သူတွေ ဖမ်းထားတာတော့ အဓိပ္ပာယ်မရှိဘူး။ အကုန်ပြန်လွှတ်ပေးရမှာ။ တကယ်အပြစ်ရှိတာက ရဲတွေလေ။
သူတို့သဘောတူထားတဲ့ အချက်တွေထဲမှာ အကြမ်းမဖက်ရဘူးလို့ ပါပြီးသား။ ဒီလိုလုပ်တာ လုံးဝအဓိပ္ပာယ်မရှိဘူး။ အပြစ်ရှိတဲ့သူကို အရေးမယူဘဲနဲ့ အပြစ်မရှိတဲ့သူကို အရေးယူတာကတော့ မကောင်းဘူးပေါ့။ ရဲတပ်ဖွဲ့အနေက လုပ်နည်းလုပ်ဟန် ပြောင်းပြန်ဖြစ်နေတယ်လို့ မြင်တယ်။ တစ်ခုပြောမယ်၊ မိတ္ထီလာမှာ ဘာသာရေးနဲ့ပတ်သတ်တဲ့ အဓိကရုဏ်းတွေမှာတော့ လူတွေက ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး လုပ်နေတာကျတော့ ရဲတပ်ဖွဲ့က လက်ပိုက်ပြီး ကြည့်နေတယ်။ အင်အားမလောက်လို့ ဘာလို့နဲ့။ အခုလို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သူတွေကျတော့ အကြမ်းဖက်ဖြိုခွင်းတယ်ဗျာ။ လက်ပံတောင်းမှာဆိုလည်း ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်တယ်ဗျာ။ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပစ်တယ်။ ဒါတွေကို အကြမ်းဖက်ဖြိုခွင်းတယ်ဆိုတော့ ကောင်းတာကိုမလုပ်ဘဲနဲ့ မကောင်းတာကို လုပ်နေတယ်လို့ မြင်တယ်။ အခု ပြန်လွတ်လာအောင် ရှေ့နေတွေ့ရမှပဲ တရားဘယ်လို ရင်ဆိုင်မလဲဆိုတာတော့ တိုင်ပင်ရမှာပါ။ သမီးနဲ့ကလည်း လုံးဝကို တွေ့ခွင့်မရသေးပါဘူး။ ဒါဟာ လူအခွင့်အရေး ချိုးဖောက်ခံရတာပါ ”ဟု ပြောကြားသည်။

သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ကျောင်းသားဖြစ်သူများကို ပြန်လည်လွှတ်ပေးမည်နှင့် ကျောင်းသား မဟုတ်သူများကို အရေးယူသွားမည်ဟု ပြောကြားထားပြီး မတ် ၁၃ ရက်က ကျောင်းသား ကျောင်းသူ ကိုးဦးကို ခံဝန်ထိုးခိုင်းစေ၍ ပြန်လွှတ်ပေးခဲ့သည်။

“စဖမ်းတဲ့အချိန်ကစပြီး မိသားစုနဲ့လည်း တွေ့ခွင့်ပေးရမယ်။ ရှေ့နေနဲ့လည်း တွေ့ခွင့်ပေးရမယ်။ နောက်ပြီး ဖမ်းတဲ့အမှုကလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုလည်း မဟုတ်ဘူး။ လူသတ်မှုကြီးလည်း မဟုတ်ဘူး။ ရိုးရိုးသာ မှန်အမှုနဲ့ဖမ်းတာ။ အဲဒီတော့ ဥပဒေမှာ ခွင့်ပြုထားတဲ့ အခွင့်အရေးကိုတော့ ခံစားခွင့်ပေးရမယ်။ ခံစားခွင့်မပေးတာက လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ဥပဒေမှာ မရှိဘဲ တောင်းတယ်ဆိုရင် မမှန်ဘူးပေါ့။ အခုဟာက ဥပဒေမှာရှိတာပဲ။ ထောင်ကိုတောင် ပို့ထားပြီးပြီဆိုမှတော့ ဘာအခက်အခဲရှိဦးမှာလဲ။
ဒီအခွင့်အရေးက အကျဉ်းထောင်လက်စွဲမှာလည်း ရှိတယ်။ ရဲလက်စွဲမှာလည်း ရှိတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ ရှိတယ်။ အဲဒီတော့ ရှေ့နေနဲ့တွေ့ခွင့်ကို ပေးရမှာပါ။ မပေးဘူးဆိုတာကိုက မမှန်ကန်တာပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူနှင့် ပြည်သူများကို လက်ပံတန်းတရားရုံးတွင် ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၃၃၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်

Eleven Media Group