Pages

Thursday, March 5, 2015

ကော့သောင်း - မြိတ် ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်တချို့ သေနတ်ပစ်ဖောက် တားဆီး


|Dawei Watch| မြိတ်၊ မတ် ၎
ကော့သောင်းမှ မြိတ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် လူတစ်စုက သေနတ်ပစ်ဖောက်က တားဆီးမှု မတ်လ ၃ ရက်နေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း ယင်းယာဉ်ပေါ်ပါ ခရီးသည်တချို့က ပြောပြသည်။
ယင်းမော်တော်ယာဉ်သည် တနင်္သာရီမြို့နယ် အေးသာယာကျေးရွာနှင့် ၀မ်းဇီးရိုးတူးဇီးရိုးတောင်ကြားအရောက် ညနေ ၃နာရီ ခွဲခန့်တွင် ဆိုင်ကယ် ၈ စီးဖြင့် လူ ၈ ဦးက ကားကိုတားက မိုးပေါ် သေနတ် ၃ ချက် ပစ်ဖောက်ခဲ့သည်ဟု ခရီးသည်အဖြစ် လိုက်ပါလာသည့် တပ်မတော်သားတစ်ဦးဖြစ်သူ ဦးထက်မြတ်လင်းက ရှင်းပြသည်။
မည်သည့်အကြောင်းကြောင့် ရပ်ခိုင်းသည်ကို မသိရသဖြင့် ယာဉ်မောင်းက မရပ်ရန် ပြောပြီး တောင်ထိပ်ရှိ စစ်တပ်အနီးသို့ မောင်းခိုင်းခဲ့သည်ဟု တပ်မတော်နေ့အထိမ်းအမှတ်အတွက် နေပြည်တော်သို့ သွားမည့် ဦးထက်မြတ်လင်းက ပြောသည်။
“စစ်တပ်နားရောက်ချိန်မှာ ကားအင်ဂျင်ရေပိုက်ပေါက်သွားလို့ ရပ်သွားပေမယ့် သူတို့ လိုက်မလာတော့ဘူး”ဟု ဦးထက်မြတ်လင်းက ဆိုသည်။
ကားပျက်နေသည့်အတွက် ခရီးသည်များကို ယင်းယာဉ်လိုင်း၏ အခြားကားတစ်စီးဖြင့် မြိတ်သို့ ခရီးဆက်ခဲ့သည်ဟု မြိတ်တံခွန်ယာဉ်လိုင်း ဂိတ်မှူး ဦးသက်ကိုက ပြောသည်။
“ ဖြစ်စဉ်အသေးစိတ်ကို ကားသမားလာမှပဲ သိရမယ်၊ ကားသမားက ကားစက်ပျက်တဲ့နေရာမှာ ကျန်ခဲ့တော့ အတိအကျ မသိရသေးဘူး။ ”ဟု ဦးသက်ကိုက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်နှင့် သေနတ်ပစ်ဖောက်သူများ မည်သူဖြစ်သည်ကို သိနိုင်ရန် တနင်္သာရီမြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် မမေးမြန်းနိုင်ခဲ့ပေ။
မြိတ်မြို့နယ် ရဲတပ်ဖွဲ့ရုံးကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာ မရောက်သေးဟု ပြောသည်။
Dawei Watch