Pages

Monday, March 16, 2015

တကသ နဲ့ ဗကသ အဖွဲ့ဝင်များ လွှတ်ပေးပုံ နည်းလမ်းမကျဟု ဆို


အမျိုးသား လွှတ်တော်မှာ မတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ကျောင်းသား ကိုယ်စားလှယ်တချို့ တက်ရောက်စဉ်။ Photo: Myo Thant Khaing, Win Naung Toe/RFA
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသား ကျောင်းသူချင်း အတူတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်တွေကို လွှတ်ပေးနေတာဟာ အစိုးရက စိတ်ဝမ်း ကွဲအောင်လုပ်နေသလို ဖြစ်နေကြောင်း တကသ ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်လာတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသား ကိုဇေယျာလွင်က ကြားနာပွဲရပ်နားထားစဉ်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်းသားတွေထဲက အမှန်တကယ် ပညာသင်ကြားနေသူတွေကိုသာ မိဘတွေထံ ပြန်လည်အပ်နှံတာဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗ.က.သ) အဖွဲ့ဝင် ၆ ဦး၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့ဝင် ၉ ဦး ပါဝင်ပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ကျောင်းသားသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် စတဲ့ ဗကသခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့အတွက် ဒီနေ့ ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

ဒီနေ့ အမျိုးသားလွှတ်တော်က ကြားနာပွဲမှာ အမျိုးသားပညာရေးကော်မရှင်ကို ကျောင်းသားကိုယ်စားလှယ်၊ ဆရာ ဆရာမကိုယ်စားလှယ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ဖွဲ့စည်းဖို့ သဘောတူညီချက်ရခဲ့သလို ကျောင်းသားသမဂ္ဂများဖွဲ့စည်းဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။

RFA Burmese