Pages

Tuesday, March 10, 2015

ခြောက်လခန့်ကြာပြီဖြစ်သော ချယ်ရီဦးကုမ္ပဏီအမှုကို ထုတ်ပြန်ရန် အကောက်ခွန်နှင့် Mobile Team တို့ စိစစ်ညှိနှိုင်းနေ


ထုတ်လုပ်သည့် နိုင်ငံတံဆိပ် မပါသော နာရီသုံးထောင်ကျော် တင်သွင်းခဲ့သည့် ချယ်ရီဦးကုမ္ပဏီအမှုဖြစ်စဉ်မှာ ခြောက်လခန့် ကြာမြင့်လာပြီး ဖမ်းဆီးစစ်ဆေးခဲ့မှု ရလဒ်ကို ထုတ်ပြန်ရန် အကောက်ခွန်နှင့် Mobile Team (တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့) တို့ စိစစ်ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက “ဒီဖြစ်စဉ်ကို စီးပွားကူးသန်းအောက်က Mobile Team နဲ့ညှိနှိုင်းနေတာ မပြီးသေးပါဘူး။ ဒါပေမဲ့ မကြာခင်တော့ ထုတ်ပြန်မှု ပြုလုပ်သွားနိုင်လိမ့်မယ်” ဟု ပြောကြားသည်။

ချယ်ရီဦး ကုမ္ပဏီအနေဖြင့် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်က ပြည်ပလုပ်နာရီ ၉၃၇ လုံး တင်သွင်းခဲ့ပြီး နာရီအလုံး ၈ဝဝ မှာ ထုတ်လုပ်သည့်နိုင်ငံတံဆိပ် မပါဝင်သဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့က စစ်ဆေးခဲ့သည်။

ယင်းနောက် ၁ဝ ရက်အကြာတွင် ချယ်ရီဦးက ထပ်မံတင်သွင်းလာသည့် နာရီအလုံးပေါင်း ၂၅ဝဝ ခန့်မှာ ပထမအကြိမ်ကဲ့သို့ပင် ထုတ်လုပ်သည့်နိုင်ငံတံဆိပ် မပါသည့် နာရီများဖြစ်နေပြီး ယင်းအမှုတွဲကို အကောက်ခွန်ဌာနမှ အလုံးစုံစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ချယ်ရီဦးကုမ္ပဏီ အမှုဖြစ်စဉ်ကို အကောက်ခွန်ဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စစ်ဆေးချက်များ တင်ပြခဲ့ဟု သိရသည်။    

ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုသို့ စစ်ချက်အဖြေများ ပေးပို့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုလက်အောက်၌သာ စစ်ဆေးချက်အဖြေများ ရှိနေပြီး အမှု၏ စစ်ဆေးချက်အဖြေများနှင့် ရလဒ်များကို အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ပြည်ပမှတစ်ဆင့် ထုတ်လုပ်သည့် နိုင်ငံတံဆိပ် မပါရှိသော နာရီအလုံးပေါင်း ၃ဝဝဝ ကျော်ကို နှစ်ကြိမ်ခွဲတင်သွင်းရာတွင် Mobile Team မှ စစ်ဆေးတွေ့ရှိခဲ့ပြီး စားသုံးသူများအပေါ် ထိခိုက်နိုင်သည့်လုပ်ရပ်ဟု တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှတာ ဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါအမှုဖြစ်စဉ်တွင် စစ်ဆေးနေသော ပစ္စည်းများကို အကောက်ခွန်ဌာနမှ ဝန်ထမ်းတစ်ဦးက တစ်လုံးလျှင် ဒေါ်လာ ၄ဝ ဖြင့် ထုတ်ယူခွင့်ပြုမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပါဝင်စုံစမ်း ဆောင်ရွက်မှုများလည်း ရှိနေသည်။

အမှုဖြစ်စဉ်ကို အကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ်၏ သုံးသပ်ချက်အရ ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းခဲ့သည့် နာရီများမှာ နိုင်ငံလွဲအနေဖြင့် သာရှိပြီး အခြားအခွန်နှင့် ပတ်သက်သော ပေးဆောင်မှုအပိုင်းများတွင် ချွတ်ယွင်းချက်မရှိသည့်အတွက် အရေးယူမှုအပိုင်း မရှိသည့် အခြေအနေ ဖြစ်နေသည်ဟု သိရသည်။
Writer:
အောင်ရဲကို Eleven Media Group