Pages

Wednesday, March 11, 2015

သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းကန့်ကွက်စာ သြစတေးလျ SMEC ထံ ဒေသခံများပေးအပ်





မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ သက်ရောက်မှုများ ဆန်းစစ်ပေးမည့် သြစတေးလျနိုင်ငံ SMEC International Pty Ltd ထံသို့ သံလွင်မြစ်ပေါ် တည်ဆောက် မည့်ရေကာတာများအား ဒေသခံများက ကန့်ကွက်ကြောင်း စာတစောင်ကို မတ်ခ်ျလ ၁၀ ရက်နေ့က တောင်ကြီးမြို့၌ ပေးအပ်ခဲ့သည်။





မတ်ခ်ျ ၁၀ ရက်နေ့ က တောင်ကြီးမြို့ရှိတောင်ကြီးဟော်တယ်တွင်  သံလွင်မြစ် မိုင်းတုံရေကာတာ ရေးလျှပ်စစ်စီမံကိန်းအား ဆန်းစစ်မည့် လုပ်ငန်းအကောင်အထည်ဖေါ်ရေးအတွက် SMEC International Pty Ltd  က သျှမ်းပြည်နယ် တောင်ပိုင်းရှိအရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း(၄၀) ကျော် ၊ ပါတီများ နှင့်ဒေသခံများအား   ရှင်းလင်းချပြသည့်အခမ်းအနားတရပ်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သံလွင်သားချင်းများအဖွဲ့က " NO DAM  ON SALWEEN RIVER " စာတန်းပါ ခေါင်းစည်းများပတ်ကာ တက်ရောက်ခဲ့ကြသည်။

" ဒီအဖွဲ့တွေကို ကျနော်တို့အခုမှကြားဖူးတာ။ အစိုးရကိုလည်းမယုံဘူး ၊ ဒီအဖွဲ့ကိုလည်းမယုံဘူး ၊ လူထု တွေရဲ့ နစ်နာမှု၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျနော်တို့ ကြိုးစားပြီးတော့ကာကွယ်သွားမယ် ၊  အသက် ပေးပြီး ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ် ။ " ဟု SNLD ပါတီမှ မိုင်းတုံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အကြား မိုင်းတုံရေအား လျှပ် စစ်စီမံကိန်းတည်ဆောက်ပါက အကျိုးသက်ရောက်မှုများအား စစ်တမ်းကောက်ယူပေးရန် မြန်မာ အစိုးရ နှင့် ဆည်တည်ဆောက်ရေး ကုမ္မဏီများက  သြစတေးလျနိုင်ငံအခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီအား ငှားရမ်းထားခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်များအား SMEC မှ အစီရင်ခံစာ ၅ စောင် ထက်မနည်း နိုင်ငံတော် အစိုးရ ၊ ကုမ္မဏီ နှင့် လူထု ထံ တင်ပြပြီးမှသာ ရေကာတာစတင်တည်ဆောက်သွားမည်ဟုလည်းဆိုသည်။

မည်သို့ပင်ဆိုစေ လာမည့် ၂၀၁၇ မတ်ခ်ျလ အတွင်း မိုင်တုံဆည်တည်ဆောက်ရေးလုပ်ငန်း စတင်သွား မည်ဖြစ်ကြောင်း SMEC က ပြောကြားသည်။
သျှမ်းသံတော်ဆင့်