Pages

Sunday, April 19, 2015

လက်ပြတ်နေသူများအတွက် လက်အတု တပ်ဆင်ပေးမည်

 
လက်အတု တပ်ဆင်ထားသူ တစ်ဦးကိုတွေ့ရစဉ်။ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း

 တံတောင်ဆစ်အောက် လက်ပြတ်နေသူတွေကို အမေရိကန်အခြေစိုက် Rotary Club ရဲ့အကူအညီနဲ့ လက်အတု ၅၀ ကို ရန်ကုန် အခြေစိုက် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းက လာမယ့် မေလအတွင်းမှာ အခမဲ့တပ်ဆင်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

လက်မရှိလို့  စိတ်ဒဏ်ရာရနေသူတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့အတွက် ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်တင်မေအောင် က ပြောပါတယ်။

"အရမ်းအကြမ်းကြီးတော့မရဘူးပေါ့၊ ပေါ့ပေါ့ပါးပါးလေးဟာလေးပေါ့၊ အရင်က ကိုင်လို့မရတာလေးတွေ အခုကိုင်လို့ရသွားမယ်၊ လူတစ်ယောက် က မွေးကတည်းက လက်နှစ်ဖက်မှာ လုပ်နေရင်းနဲ့ လက်တစ်ဖက်ပြတ်သွားရင် စိတ်အားငယ်သွား မှာပေါ့နော်၊ လက်အတုကိုတက်ပေးလိုက် ရင် တော်တော်များများက ကိုယ့်ဟာကို ထမင်းစားလို့ရတယ်၊ ကိုင်လို့ရတယ်၊ သူတို့ကတော်တော်လေးကို ဝမ်းသာတာ တွေ့ရတယ်၊ ပထမပိုင်း တုန်းကတော့ အန်တီတို့ကတော့ အခု ၅၀ တစ်ခါ လုပ်ပေးတယ်၊ လူတွေအတွက် အကျိုးပြုတယ်ဆိုပြီးတော့ အခုထက်လုပ်ပေးတာပါ"

လက်အတုတပ်ဆင်ပေးမယ့် အစီအစဉ်မှာ ညာဖက်လက် ဆုံးရှုံးထားသူတွေနဲ့ ငွေကြေးချို့တဲ့သူတွေကို ဖောင်ဒေးရှင်းက ဦးစားပေး တပ်ဆင်သွားမယ်လို့ သိရပါတယ်။

ေ ဒေါ်တင်မေအောင် အနေနဲ့  Rotary Club အကူအညီနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ -၂၀၁၃နှစ်မှာ စပြီး ရခိုင်နဲ့ ရန်ကုန်က လက်ဆုံးရှုံးနေသူ ငါးဆယ်ဦးကို လက်အတု တပ်ဆင် ပေးခဲ့ပါတယ်။

ဒေါက်တာစောမြအောင်ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။  အဲဒီနောက် ရွေးကောက်ပွဲအနိုင်ရရှိသူတွေကို လွှတ်တော်ခေါ်ယူပေးဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ် သုံးနှစ်နီးပါး ကျခံခဲ့ရသူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဒေါက်တာစောမြအောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ မိသားစုဝင်တွေက ဒီနှစ်မှာ သူ့နာမည်နဲ့ ဖောင်ဒေးရှင်း တည်ထောင် ပြီး ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး နဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
RFA