Pages

Thursday, April 23, 2015

ကန့်ဘလူမြို့နယ်တွင် လူ ၂ဝဝ အစာအဆိပ်သင့်မှုဖြစ်ပွား



 ကန့်ဘလူ ဧပြီ ၂၂

 ကန့်ဘလူ အမှတ်(၂)ရပ်ကွက် ရွှေတောင်ဦးသာသနာ့ ဥယျာဉ်တောရကျောင်း၌ ဧပြီ ၂၂ ရက် နံနက် ၈ နာရီ က ပဋ္ဌာန်းအောင်ပွဲတွင် ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၁၅၆ ဦး စုစုပေါင်း ၂ဝဝ မှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပဋ္ဌာန်းအောင်ပွဲကို ဧပြီ ၁၉ ရက်မှ ၂၂ ရက်ထိ ကျင်းပခဲ့ပြီး ပဋ္ဌာန်းအောင်ပွဲအဖြစ်ဖိတ်ကြားထား သော ဧည့်ပရိသတ်တို့အား ပုစွန်ခြောက်နှင့် ငါးခြောက် ရောကြော်၊ ထောပတ်ပဲပြုတ်၊ သရက်ချဉ်သုတ်၊ ဇီးဖြူရွက် ဟင်းချို၊ ငရုတ်သီးကြော်ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အစာအဆိပ်သင့်၍ မြို့နယ် ခုတင်(၁ဝဝ) ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိသည်။ ယင်းဆေးရုံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ဇော်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ ငါးခြောက်ကို ယင်မလာ အောင်ဆေးဖျန်းပြီး ရေဖြင့်ဆေးကြော၍ ယင်းရေကို သွန်မပစ်ဘဲ ဇီးဖြူရွက်ဟင်းချိုထဲသို့ ထည့်ရာမှ အစာ အဆိပ်သင့်မှုဖြစ်နိုင်ကြောင်း သွားရောက်ဝိုင်းဝန်းပြုစုသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

(အောင်ဝင်းငြိမ်း)
The Mirror Daily