Pages

Wednesday, April 29, 2015

သမ္မတလောင်းရွေးရာမှာ ဒေါ်စုပါသင့်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ပြောပြီ


လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ်ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်တယ်လို့ Yonhap သတင်းဌာနက ဆိုပါတယ်။

"ကျနော့်ပုဂ္ဂလိကအမြင်အရ ခေါင်းဆောင်ရွေးချယ်ရာမှာ လူတိုင်းပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တဲ့သူတစ်ယောက်ဖြစ်ပြီး နိုင်ငံအတွင်းမှာလည်း နိုင်ငံရေးပုံရိပ်ရှိသူဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်အဖြစ် ရွေးချယ်ရာမှာ သူ့ကို ပါစေချင်ပါတယ်"လို့ တောင်ကိုရီးယား သတင်းဌာန Yonhap က ရေးသားခဲ့ပါတယ်။

နောက်ထပ် သမ္မတက ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းဖို့အတွက် လုပ်ရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခံစေလိုတာက နိုင်ငံတော်အကျိုးစီးပွားအတွက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ပါဘူးလို့ ဦးခင်အောင်မြင့်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

"ကျနော်တို့တွေဟာ ပြဿနာတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက်အမြင်ကနေ ချဉ်းကပ်တာထက် တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားကနေ ချဉ်းကပ်ရမှာဖြစ်ပါတယ်"လို့ Yonhap သတင်းဌာနနဲ့တွေ့ဆုံပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဌ Chung Eui-hwa နဲ့တွေ့ဆုံဖို့ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

"ဒီမိုကရေစီအသွင်ပြောင်းလဲရေးဖြစ်စဉ်မှာ နိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်ရာမှာ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အခြားတစ်ယောက်အပေါ် အာရုံထားရတယ်ဆိုတာ မဖြစ်သင့်ဘူး"လို့ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ပါတယ်။ အဲဒီ တစ်ဦးတစ်ယောက်ဆိုတာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

"လာမယ့် ရွေးကောက်ပွဲဟာ ကျနော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲဖြစ်ပြီး တိုင်းပြည်အတွက် အင်မတန်ကို အရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတွေဟာ တည်ငြိမ်ဖို့ လိုပါတယ်။"လို့ ဦးခင်အောင်မြင့်က ဆိုပါတယ်။
.
Credit : Kamayut Media