Pages

Thursday, April 23, 2015

ချီလီမှာ မီးတောင် ပေါက်ကွဲ


 
ချီလီနိုင်ငံ တောင်ပိုင်းရှိ Calbuco မီးတောင် ပေါက်ကွဲပြီး မီးခိုးနဲ့ ပြာတွေ အမြင့်ကို ကီလိုမီတာ အမြောက်အများ ပန်းထွက်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အန္တရာယ် ကျရောက်တော့မယ့် အရေးပေါ် သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီမီးတောင်ဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲတာဖြစ်ပြီး မီးတောင်အနီး ၁၂ မိုင် ပတ်လည်က လူပေါင်း ၁ ၅၀၀ ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘေးကင်းရာကို ပြောင်းရွှေ့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးတောင်အနီးရှိ Puerto Montt မြို့ပေါ်မှာလည်း မီးခိုးပြာတွေနဲ့ ဖုံးအုပ်နေပြီး ဒေသခံတွေဟာ အလွန်တုန်လှုပ်ကြောက်ရွံ့နေကြတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

Calbuco မီးတောင် နဲ့ ကီလိုမီတာ ၁၀၀ လောက် အကွာအဝေးရှိတဲ့ အိမ်နီးချင်း အာဂျင်တီးနား နိုင်ငံ Bariloche မြို့မှာလည်း မီးခိုးလုံးများ ရောက်လာနိုင်တဲ့အတွက် အရေးပေါ် အစီအစဉ်တွေ အသင့်ပြင်ထားတယ်လို့ သိရပါတယ်။

လောလောဆယ် မီးတောင်က ပေါက်ကွဲတဲ့ ကျောက်တုံးစတွေနဲ့ ချော်ရည်တွေကို မတွေ့ရသေးဘဲ မီးခိုးပြာမှုန့်တွေသာ ပြန့်ကျဲနေပေမယ့် စနိုးနဲ့ ရေခဲတွေ ပျော်ပြီး ဒေသတွင်းရှိ မြစ်တွေ ရေလျှံနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ချီလီနိုင်ငံဟာ အင်ဒိုနီးရှားပြီးရင် ဒုတိယ အကြီးဆုံး မီးတောင်တန်းတွေ ရှိတဲ့ ဒေသဖြစ်ပြီး Calbuco မီးတောင်ဟာ ၁၉၇၂ ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

BBC Burmese