Pages

Tuesday, April 7, 2015

ကျွန်းစုမြို့နယ်ရှိ ကမ်းလွန်ရေနံလုပ်ကွက်ကို လာမည့်နှစ်တွင် စတင်တူးဖော်မည်



Dawei Watch| မြိတ်၊ ဧပြီ ၆

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတန်ကျွန်းအနီးရှိ ကမ်းလွန်ရေနံလုပ်ကွက် အမှတ်(၁၅)တွင် သဘာဝဓါတ်ငွေ့ ရှာဖွေရေးစီမံကိန်းကို လာမည့်နှစ် နှစ်စမှ စတင်စမ်းသပ်တူးဖော်မည်ဖြစ်ကြောင်း Canadian Foresight Group Pte ကုမ္ပဏီလီမိတက် ဒုက္ကဋ္ဌ မစ္စပါလာဝူးက ပြောကြားသည်။

သဘာဝဓါတ်ငွေ့ ရှာဖွေရေးစီမံကိန်း လုပ်ငန်းနှင့် စပ်လျဉ်းပြီး မြိတ်မြို့၊ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ဧပြီလ ၆ ရက်နေ့က ဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရာသီဥတုကောင်းမွန်မည်ဆိုပါက ယခုနှစ် စက်တင်ဘာအတွင်း စမ်းသပ်တူးဖေါ်သွားမည်ဖြစ်ကြောင်း မစ္စပါလာဝူးက ပြောသည်။

သဘာဝဓါတ်ငွေ့ တူးဖော်မည်ဆိုပါက ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ချေရှိမှုကို သေချာစွာ သုတေသနပြုလုပ်ပြီးမှသာ တူးဖော်သင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောပြသည်။

“လုပ်ကွက်က ကျွန်းနဲ့ဘယ်လောက်ဝေးသလဲဆိုတာ မသိသေးပါဘူး။ ရောက်လည်းမရောက်သေးပါဘူး စမ်းသပ်ရှာဖွေမှုမလုပ်ခင် EIA SIA နဲ့ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီး အစိုးရကိုပြန်တင်ပြရမယ်။ ခွင့်ပြုချက်ရမှသာလျှင် စမ်းသပ်ဆောင်ရွက်သွားမယ်”ဟု Canadian Foresight Group Pte ကုမ္ပဏီမှ ဌာနေတာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးက ပြောပြသည်။

အဆိုပါ အမှတ် ၁၅ လုပ်ကွက်သည် ၁၃၄၈၀ ကီလိုမီတာ ကျယ်ပြန့်ပြီး ကပ္ပလီပင်လယ်ပြင်အတွင်းတည်ရှိကာ မြောက်ဘက် ၁၅ ကီလိုမီတာ အကွာတွင် ရဲတံခွန်ရေနံလုပ်ကွက်တည်ရှိကြောင်း မစ္စပါလာဝူးက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်း၊ သြစတေးလျားနိုင်ငံအခြေစိုက် TRG M-15 Pte Ltd၊ ကနေဒါနိုင်ငံအခြေစိုက် CFG Pte ကုမ္ပဏီမီလိတက်နှင့် မြန်မာနိုင်ငံမှ Century Bright Gold ကုမ္ပဏီလီမိတက်တို့သည် တနင်္သာရီ ကမ်းလွန်လုပ်ကွက် အမှတ် ၁၅ အတွက် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေး စာချုပ်ကို မတ် ၃၀ ရက်နေ့တွင် နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့သည်။