Pages

Tuesday, April 14, 2015

နိုင်ငံတကာအလံ နဲ့ ထော်လာဂျီ နေပြည်တော်မှာ ပိတ်ပင်


ထော်လာဂျီနဲ့ ရေကစားနေသူတချို့ကို တွေ့ရစဉ်။ Photo: Nay Thwae/RFA
သင်္ကြန်ကာလအတွင်း နေပြည်တော်နယ်မြေ မှာ ထော်လာဂျီနဲ့ ရေကစားတာ၊ ဆိုင်ကယ် ကို နှစ်ယောက်ထက်ပိုပြီး စီးတာမလုပ်ကြဖို့ဆိုတာတွေ ပါတဲ့ စည်းကမ်းချက် ၁၃ ချက်ကို နေပြည်တော် ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ ကားတွေ ဆိုင်ကယ်တွေ ပြိုင်မောင်းတာ၊ အရှိန်လွန်မောင်းနှင်တာတွေ မလုပ်ဖို့၊ လမ်းပြောင်းပြန် မမောင်းကြဖို့၊ နိုင်ငံတကာအလံတွေကို ယာဉ်ပေါ်မှာမတပ်ဆင်ဖို့၊ ညစ်ညမ်းတဲ့ စာသား ဆိုင်းဘုတ်တွေ မတပ်ကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု ၁၃ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၅၇ ဦး၊ သေဆုံးသူ ၁၁ ဦးရှိခဲ့တဲ့အတွက် အခုလိုသတိပေး ထုတ်ပြန်တာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA Burmese