Pages

Wednesday, April 1, 2015

ထားဝယ်သင်္ကြန်အတွက် သွေးအလှူရှင်အသင်းများ စုပေါင်းသွေးလှူမည်



|Dawei Watch| ထားဝယ်၊ ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွက် သွေးအလှူရှင်အသင်းများစုပေါင်းကာ ထားဝယ် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဧပြီလ ၉ ရက်နေ့တွင် သွေးလှူဒါန်းမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီထံမှ သိရသည်။

သင်္ကြန်ကာလသည် သာမန်အချိန်များထက် ယာဉ်တိုက်မှုနှင့် ထိခိုက်မှု ပိုမိုများပြားလေ့ရှိပြီး အရေးပေါ် သွေးလိုအပ်လာသည့် အချိန်များတွင်လည်း သွေးအလှူရှင်ရှာဖွေရန် အခက်အခဲရှိသောကြောင့် ယင်းသို့ ကြိုတင်၍ သွေးလှူဒါန်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီမှ ရုံးအဖွဲ့မှူး ဦးညွန့်ရွှေက ပြောသည်။

“သင်္ကြန်မှာ သွေးတကယ်လိုလာရင် လှူတဲ့သူ အရမ်းရှားတယ်။ ရှားလွန်းလို့ ၀ယ်ရတဲ့ အခြေအနေအထိပါ ရှိလာတယ်” ဟု ၁၁၃ ကြိမ်သွေးလှူဒါန်းထားသူတစ်ဦးလည်းဖြစ်သည့် ဦးညွန့်ရွှေက ပြောသည်။

ယင်းသို့ စုပေါင်းသွေးလှူဒါန်းရန်အတွက် ထားဝယ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် သွားရောက် တွေ့ဆုံညှိနှိုင်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဆရာမကြီး(ဆေးရုံအုပ်ကြီး)က သွေးဘူး ၅၀ လောက်လိုတယ် ပြောတယ်။ ဒါကြောင့် သွေးလှူမယ့်သူ ၇၀ လောက်ရှိဖို့ လိုတယ်။ တကယ်လှူတဲ့အခါကျရင် ပရက်ရှာတက်နေတဲ့သူတွေလည်း ရှိနိုင်တယ်ဆိုတော့” ဟု ဦးညွှန့်ရွေက ပြောသည်။

သွေးအလှူရှင် ၇၀ ဦး လိုအပ်သော်လည်း လက်ရှိအချိန်အထိ စာရင်းပေးထားသူ ၃၅ ဦးသာ ရှိသေးကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်းမှ သွေးအလှူရှင်အသင်းများအပြင် အခြားသွေးလှူဒါန်းလိုသူများလည်း ပါဝင်နိုင်ပြီး လှူဒါန်းလိုပါက ၀၉ ၇၃၀၈၁၁၉၃ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

Dawei Watch