Pages

Monday, April 6, 2015

နေပြည်တော် အမြန်လမ်း ယာဉ်တိုက်မှု ၂၁ ဦးဒဏ်ရာရ


ဓာတ်ပုံ – Yangon-Mandalay Expressway

ေ  နေပြည်တော်အမြန်လမ်း မိုင်တိုင် ၁၁၈ အနီးမှာ မန်းရာဇာနဲ့ ရွှေစကြာ အဝေးပြေးခရီး သည်တင်ယာဉ်နှစ်စီး ပြီးခဲ့တဲ့ ဧပြီလ ၅ ရက် ညသန်းခေါင်အချိန်လောက်က မတော်တဆ တိုက်မိမှု ဖြစ်ပွားပြီး ၂၁ ဦးဒဏ်ရာ ရသွားတယ်လို့ ဖြူးမြို့နယ် ဆေးရုံကပြောပါတယ်။

  ဖြူးဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က “အတွင်းလူနာ ၁၆ ယောက်၊ အပြင်လူနာ ၅ ယောက်၊ အားလုံး ၂၁ ယောက်၊ တအားစိုးရိမ်ရသူတော့မရှိဘူး။ အရိုးအနည်းငယ်ကျိုးတာတို့ အနည်းအကျဉ်းရှိတယ်၊ ဆိုးဆိုးရွားရွားမရှိပါဘူး။ အမျိုးသားတွေရော အမျိုးသသမီးတွေရော အတွင်းလူနာက တချို့က သက်သာတယ်။ ရန်ကုန်ပြန်သွားကြတယ်။ တချို့ကျန်သေးတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

လမ်းဘေးမှာ ရပ်ထားတဲ့ ရွှေစကြာကားကို မန်းရာဇာကားက ၀င်တိုက်မိခဲ့တာလို့ မန်းရာဇာ ဂိတ်မှူး ဦးမြင့်တင်က ပြောပါတယ်။

“ရွှေစကြာကားက ရန်ကုန်ကအလာ လမ်းရဲ့ညာဘက်ခြမ်းမှာ ပစ္စည်းချနေတယ်၊ ချနေတဲ့အချိန်မှာ ပရိုဘောက် ကားသေးသေးလေးက ကျနော်တို့ ကားကိုကျော်တက်တယ် ကျော်တက်ခဲ့အခါမှာ ကျနော်တို့က ရှောင်လိုက်ရင်းနဲ့ ဘေးကိုလမ်းချော်ကျသွားတာ။ အဲတော့ ရွှေစကြာကားကို သွားတိုက်မိတယ်။ ကျနော်တို့က ခေါင်းနဲ့ သူတို့က ဖင်နဲ့ တိုက်မိသွားတာ”လို့ ပြောပါတယ်။

ခရီးသည်တွေကို အိမ်တိုင်ရာရောက်လိုက်ပို့ဖို့စီစဉ်ထားတယ်လို့ မန်းရာဇာ ကားဂိတ် တာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်- မန္တလေး – နေပြည်တော်အမြန်လမ်းကြီးပေါ်မှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့ ၂၀၀၉ ခုနှစ် မတ်လက စပြီး ၂၀၁၄ ဧပြီလထိ ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ ၃၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။

By ဒီဗွီဘီ