Pages

Tuesday, April 28, 2015

၂၀၁၅ ခုနှစ်ဟာ အာဆီယံအတွက် သမိုင်းမှတ်တိုင်စိုက်ထူတဲ့နှစ် ဖြစ်လိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ် ပြော

26th ASEAN summit in Kuala Lumpur

ဒီနှစ်အကုန်မှာ အာဆီယံအသိုင်းအ၀န်းတခု တစုတစည်းတည်း ပေါ်ပေါက်လာမှာ ဖြစ်လို့ ၂၀၁၅ ခုနှစ်ဟာ အာဆီယံအတွက် သမိုင်းမှတ်တိုင် စိုက်ထူတဲ့ နှစ်ဖြစ်လိမ့်မယ်လို့  မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီးကို ဧပြီ ၂၇ ရက်နေ့က ညီလာခံ ဖွင့်ပွဲပြုလုပ်ခဲ့တာပါ။
အခမ်းအနားမှာ သမ္မတဦးသိန်းစိန်အပါအဝင် အာဆီယံ ၉ နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ကတော့ ၂၀၁၅ ခုနှစ်အကုန်မှာ တခုထဲ အာဆီယံအသိုက်အဝန်း ပေါ်ပေါက်လာမှာ ဖြစ်လို့ ၂၀၁၅ ခုနှစ်ဟာ သမိုင်းဝင် မှတ်တိုင်စိုက်ထူနိုင်မဲ့ နှစ်တနှစ်ဖြစ်မယ်လို့ အာမခံချက်ပေးပြောဆိုထားပါတယ်။
အာဆီယံဟာ မတူကွဲပြားတဲ့ နိုင်ငံ ၁၀ ခုနဲ့ ပေါ်ပေါက်လာပေမယ့် ကိုင်တွယ်လို့ရတဲ့ အသိုက်အဝန်းတခု ဖြစ်သလို တနှစ်ထက်နှစ်ပိုပြီး ခိုင်မာလာမယ်ဆိုတာ ယုံကြည် ထားကြောင်းလည်း ပြောပါတယ်။
အာဆီယံ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို လက်ရှိ ကြုံတွေ့နေရတဲ့ ဒေသအတွင်းလုံခြုံရေး၊ တောင်တရုတ်ပင်လယ် ရေပိုင်နက်၊ သဘာဝဘေးအန္ဒရာယ်၊ ကုန်သွယ်ရေးတွေ၊ မဟာမိတ်တွေအကြားဆက်ဆံရေး၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်း အကောင်အထည် ဖော်ဆောင်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေလည်း ဆွေးနွေးတယ်လို့ သတင်းတွေအရ သိရပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာဒုက္ခသည်တွေကို ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့နောက် အာဆီယံအတွက် စိန်ခေါ်မှု တခုလို ဖြစ်နေပါတယ်။
မြန်မာဒုက္ခသည်အရေး ကိစ္စကို အာဆီယံဒေသအတွင်းမှာ ဖြေရှင်းဖို့ လိုအပ်နေပြီး မြန်မာ့ပြည်တွင်းရေး အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်တာမလုပ်ဘဲ ပြဿနာတွေကို ဖြေရှင်းဖို့ ဧပြီ ၂၄ ရက်က သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နယ်စပ် ကိုးကန့်ဒေသ လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း အာဆီယံခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မလေးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကျင်းပနေတာ ဖြစ်ပါတယ်။
၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ဧပြီ ၂၆ ရက်နေ့ကနေ ၂၉  ရက်နေ့ အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ လန်ကာဝီမှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို ၁၉၆၇ ခုနှစ်မှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဒေသတွင်း ကွန်မြူနစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
DVB