Pages

Wednesday, April 29, 2015

မြိတ်တွင် ပထမတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ


 အခင်းဖြစ်ပွားသည့် ကျေးရွာအုပ်စု အ၀င် ၊ ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

 မြိတ်၊ ဧပြီ ၂၉
မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကင်းဆိုးရွာတွင် ပြီးခဲ့သည့် အပတ်က ပတမတန်းကျောင်းသူတစ်ဦး အဓမ္မပြု ကျင့်ခံရ ကြောင်း အင်္ဂမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းစိုးထံမှ သိရသည်။
ယင်းကျေးရွာ နတ်သလင်းတောင်ခြေရှိ ရော်ဘာစိုက်ခင်းတစ်ခုတွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က အသက် ၆နှစ်အရွယ် အမျိုးသမီးငယ်ကို အသက် ၄၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။
ဖြစ်စဉ်မှာ ရော်ဘာစိုက်ခင်းတွင် ခြံစောင့် မိဘနှစ်ဦး အလုပ်လုပ်နေစဉ် သမီးဖြစ်သူ၏ အော်သံကြားသဖြင့် မိခင်ဖြစ်သူက သွားကြည့်ရာ အိမ်တံခါးပိတ်ပြီး သမီးဖြစ်သူအား အဓမ္မပြုကျင့်နေသည်ကို တွေ့ရသည်ဟု မိခင်ဖြစ်သူ၏ ထွက်ဆိုချက်ကို မြိတ်မြို့နယ် ရဲစခန်း၏ မှုခင်း မှတ်တမ်းတွင် ဖော်ပြသည်။
အခင်း ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသည့် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူအား မြိတ်မြို့နယ် အလယ်ကျွန်းနယ်မြေ၊ ပန်စရာ ရပ်ကွက်ရှိ ၎င်း၏ အဒေါ်နေအိမ်တွင် ဧပြီ ၂၄ ရက်နေ့က ဖမ်းမိခဲ့သည်ဟု အင်္ဂမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းစိုးထံမှ သိရသည်။
လက်ရှိတွင် မြိတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။
Dawei Watch