Pages

Thursday, April 30, 2015

ဗျူဟာသစ်နဲ့ ချဉ်းကပ်မယ် ဆိုတဲ့ ပါတီသစ်

 Ballot Box
ပါတီသစ်က ကိုယ်စားလှယ် ၂၅၀ အနည်းဆုံး ဝင်ပြိုင်မယ်လို့ဆို

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးနေဇင်လတ် နာယက အဖြစ် ပါဝင်တဲ့ ပါတီသစ် တစ်ခု မကြာခင် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

အမျိုးသားရေး စိတ်ဓါတ်နဲ့ အမျိုးသား အကျိုးစီးပွားကို လုပ်ဆောင်မယ် ဆိုတဲ့ အဲဒီ ပါတီသစ်ကို အမျိုးသား ပါတီ National Party လို့ နာမည်ပေးထားကြောင်း ပါတီ တည်ထောင်သူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ ဦးပိုက်တင်က ဘီဘီစီကို ပြောပါတယ်။

MDRI Myanmar Development Resources Institute ကျောင်း မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ မဟာတန်း တက်နေစဉ် နိုင်ငံရေး အကြောင်းတွေ ဆွေးနွေးမိကြပြီး လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေအရ နိုင်ငံရေး ပါတီ တစ်ခု ထူထောင်ရင် ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီသစ်ကို စတင် ထူထောင်ဖို့ ပြင်ဆင်ခဲ့လို့ ဦးပိုက်တင်က ပြောပါတယ်။

လောလောဆယ် ပါတီ မှတ်ပုံတင် ခွင့်ပြုချက် မကျသေးတဲ့ အတွက် ပါတီဥက္ကဌ၊ အတွင်းရေးမှူး တို့ကို တာဝန် မပေးရသေးပေမဲ့ ပါတီမှာ အဓိက တာဝန်ယူမယ့် သူတွေက လက်ရှိ မဟာတန်း ပြီးတော့မယ့် ကျောင်းသား အများစု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသား ပါတီမှာ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေနဲ့ မဆလ ခေါင်းဆောင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေ ပါဝင်တယ် ဆိုတာ မဟုတ်ကြောင်းနဲ့ လောလောဆယ် အငြိမ်းစား ဗိုလ်မှူးကြီး တစ်ယောက်နဲ့ ဗိုလ်မှူး တစ်ယောက်ပဲ ပါတယ်လို့ သူက ပြောပါတယ်။

သူတို့ ပါတီ အနေနဲ့ ပြည်ထောင်စု အကျိုး အတွက်ဆိုရင် ဘယ်သူနဲ့မဆို၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့ မူဝါဒ ချမှတ်ထားတယ်လို့လည်း ဦးပိုက်တင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်စားလှယ် ၂၅၀ ကနေ အများဆုံး ကိုယ်စားလှယ် ၄၀၀ အထိ ဝင်နိုင်အောင် ကြိုးစားမယ်လို့ သူက ပြောပါတယ်။
BBC