Pages

Thursday, April 23, 2015

သင်္ကြန်တွင်း ဖမ်းမိသည့် စည်းကမ်းမဲ့ ဆိုင်ကယ် ၄၅၀ ကျော် တရားစွဲဆိုထား

|Dawei Watch| မော်လမြိုင်၊ ဧပြီ ၂၁

မွန်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ တစ်ပတ်အလိုနှင့် သင်္ကြန်ကာလများအတွင်း၌ ဖမ်းဆီးရမိထားသည့် စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ် ၄၅၃ စီးတို့ကို တရားစွဲတင်ထားသည်ဟု မွန်ပြည်နယ် အမှတ် (၉) ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူသည့် ကာလအတွင်း စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် ၃၉၈ စီး၊ အိတ်ဇောဖြုတ်ဆိုင်ကယ် ၅၅ စီးတို့ကို ဖမ်းဆီး ရမိခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့က ပြောသည်။

၎င်းပြင် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးနှင့် စည်းကမ်းမဲ့မော်တော်ယာဉ် ၁၇ စီးတို့ကိုလည်း ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

သင်္ကြန်မတိုင်မီ တစ်ပတ်အလိုနှင့် သင်္ကြန်ကာလများအတွင်း၌ ဖမ်းဆီးရမိသည့် မော်တော်ဆိုင်ကယ်များကို သင်္ကြန်ကာလ ပြီးဆုံးသည့် နောက်ရက်များတွင် ဒဏ်ငွေဆောင်ခြင်း အပါအဝင် အရေးယူမှုများ ပြုလုပ်ပြီးမှသာ ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း၌ မော်တော်ဆိုင်ကယ်များကို အိတ်ဇောဖြုတ်ခြင်း၊ ပါဝါ ပြောင်းတပ်ခြင်းနှင့် သံစုံဟွန်း တပ်ဆင် မောင်းနှင်ခြင်းအပြင် တုတ်၊ ဓား၊ သံပိုက်နှင့် အခြား အန္တရာယ်ရှိလက်နက်များ ကိုင်ဆောင်ပြီး မောင်းနှင် လေ့ရှိသည်။

Dawei Watch