Pages

Friday, April 24, 2015

အမြဲတမ်းအတွင်းဝန်များကို ထပ်ဆောင်းချီးမြှင့်ငွေ ကျပ် ၂ သိန်းပေးမည်

11084300_832325976815140_4692417044994154430_n

အစိုးရ၀န်ကြီးဌာနတွေမှာ မကြာသေးခင်ကမှ အမြဲတမ်းအတွင်းဝန်တွေအဖြစ် အသစ်ခန့် အပ်လိုက်သူတွေကို လစာအပြင် ကျပ် ၂ သိန်း ချီးမြှင့်ငွေအဖြစ် ခံစားခွင့် ပြုလိုက်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်စာအရ သိရပါတယ်။
ဧပြီလ၁၀ ရက်နေ့ စွဲနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သန်းသင်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသူတွေဟာ ညွန်ကြားရေးမှူးချုပ်အဆင့်နဲ့တူညီတဲ့ အဆင့်တာဝန် ထမ်းဆောင်ရတဲ့အပြင် ၀န်ကြီးဌာနရုံး တာဝန်တွေကို တာဝန်ခံဆောင်ရွက်ရတဲ့အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့အညီ လစဉ် ကျပ် ၂ သိန်းတိတိကို လက်ရှိခံစားနေတဲ့ လစာစရိတ်အပြင် ချီးမြှင့်ငွေအဖြစ် ခံစားခွင့်ပြုတယ်လို့ ဖော်ပြပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲမှာ ဌာန ၁၁ ခုမှာ အမြဲတမ်း အတွင်းဝန်တွေအဖြစ် ပထမအသုတ် ခန့်အပ်လိုက်တာပါ။
အမြဲတမ်းအတွင်းဝန်ဖြစ်လာသူတွေကတော့ ပြန်ကြားရေးဌာနက ဦးတင့်ဆွေ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဌာနက ဦးခင်မောင်သက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာနက ဦးခင်မောင်ရီ၊ စက်မှုဌာနက ဦးသွင်မြင့်မောင်၊ စီးပွားကူးသန်းဌာနက ဦးတိုးအောင်မြင့်၊ ကျန်းမာရေးဌာနက ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ သက်ခိုင်ဝင်း၊ သတ္တုတွင်းဌာနက ဦးဌေးအောင်၊ ဆောက်လုပ်ရေးဌာနက ဦးကျော်လင်း၊ အလုပ်သမားဌာန ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဌာနက ဦးဇော်မင်းဦးနဲ့ သိပ္ပံနှင့် နည်းပညာဌာနက ဦးကျော်စွာစိုးတို့ဖြစ်ပါတယ်။

By ဒီဗွီဘီ