Pages

Saturday, April 25, 2015

လူ့အခွင့်အရေးဆိုင်ရာ Martin Ennals Award 2015 ဆန်ကာတင် စာရင်းတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ရွေးချယ် ခံထားရ

ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများကို ရွေးချယ်ချီးမြှင့်သည့် သြစတေးလျနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပေးအပ်သည့် Martin Ennals Award 2015 စကာတင်စာရင်းတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ပါဝင်ကြောင်း ၎င်းက ဧပြီ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စကာတင် စာရင်းတွင် ဂါနာနိုင်ငံမှ Asamou Diallo၊ UAE နိုင်ငံမှ Ahmed Mansoor၊ တို့နှင့်အတူ ဦးရောဘတ်စန်းအောင်ပါ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးကို လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉ ဖွဲ့က ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

““အခုကတော့ ယာယီအတည်ပြုထားတာပါ။ ဒီ ၃ ယောက်ထဲမှာ ဂျူရီလူကြီးတွေက အင်တာဗျူး ထပ်လုပ် အုံးမှာ။ အင်တာဗျူးပေါ် မူတည်ပြီး ချက်ချင်း ဆုံးဖြတ်ပြီး ပ၊ ဒု၊ တ ပေးမှာပါ”” ဟု ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရောဘတ်စန်းအောင်သည် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် နှစ်ရှည် ထိန်းသိမ်းခံရသူ တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည့် တရားရေး ၀န်ထမ်း တစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ရှေ့နေလိုင်စင် ပြန်ရချိန်မှစ၍ မီဒီယာသမားများ၊ အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ တရားစွဲဆို ရင်ဆိုင်ရခြင်းများအတွက် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးခဲ့သည်။

““ဒီစာရင်းမှာပါတာက သံတော်ဆင့်က ပေးလိုက်တဲ့ဆုက ဒီမှာပါဖို့ ၅၀ ရာခိုင်နှုန်း အထောက်အကူ ပြုစေတာပါ။ သံတော်ဆင့်က ပေးတဲ့ ဆုကို နိုဂျီဘာသာပြန်ပြီး ပို့ပေးရတော့ ဂျာနယ်က တရားဝင် ပေးတာကို သိသွားတာ။ ဂျာနယ်၊ သတင်းစာက မြန်မာပြည်၊ ကမ္ဘာအနှံ့ကို ရောက်တယ်။ ပျံ့နှံ့နိုင်တယ်။ မီဒီယာ လက်နက်က အားပြင်းပါတယ်။ မီဒီယာကို မချိုးနှိမ်ပါနဲ့။ ချိုးနှိမ်ရင် အာဏာရှင်တွေအတွက် နောက်ဆုံးခရီးက မကောင်းဘူး ဖြစ် လိမ့်မယ်။ မီဒီယာတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ တရားစွဲ၊ ထောင်ချ လုပ် နေတာက အာဏာရှင် စရိုက်တွေပါ။ အဲဒါတွေ နိဂုံးချုပ်ကြပါ။ အလကားနေ ထစ်ခနဲရှိ မီဒီယာကို တရားစွဲ၊ ထောင်ချ၊ ခေါင်းရိုက်ခွဲ လုပ်နေတာ လွန်လွန်းအားကြီးပါတယ်””ဟုဦးရောဘတ် စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်သူများကို ဆက်လက် စိစစ်မည်ဖြစ်ကာ လာမည့် အောက်တိုဘာ ၆ ရက်တွင် အပြီးသတ် ရွေးချယ်က ဂျနီဗာမြို့တွင် ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။

သူရိန်ကျော်

ပုံညွှန်းစာ - မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းစာ၏ ၃ နှစ်ပြည့်နှစ်ပတ် လည် အခမ်းအနားတွင် ပထမဆုံးအကြိမ် စတင်ပေးအပ်သည့် မြန်မာ သံတော်ဆင့် လူထုရှေ့ဆောင်ဆု(၂၀၁၄-၂၀၁၅) ကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် လက်ခံရယူစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန