Pages
▼
Sunday, May 3, 2015
ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ အလှူပွဲ တစ်သက်တစ်ခါမို့ တန်ဖိုးဖြတ်မရ
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မိသားစုအလှူကို မေလ ၂ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ စည်စည်ကားကား ကျင်းပခဲ့ပြီး သူတို့မိသားစုနဲ့အတူ အလှူရှင် ၂၃ဦးတို့ကလည်း အစားအသောက်တွေနဲ့ စတုဒီသာ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ပြေတီဦးတို့ဇနီးမောင်နှံ ဒီအလှူကို ဘာ့ကြောင့်လုပ်တာလဲ။
တစ်နိုင်ငံလုံးက ပြည်သူတွေကိုယ်စား တရားအလှူကိုပြုလုပ်တာဖြစ်ပြီး ဒီလိုအလှူမျိုး တစ်သက်နဲ့တစ်ခါ မလုပ်ဖူးတာကြောင့် ပရိသတ်တွေရဲ့ သာဓုခေါ်သံတွေနဲ့ တန်ဖိုးဖြတ်မရတဲ့ အားအင်တွေဖြစ်ခဲ့ရတယ်လို့ အကယ်ဒမီ ပြေတီဦးက ပြောပါတယ်။ ပရိသတ်အတွက် ရည်ရွယ်လှူဒါန်းတာဖြစ်ပြီး ကြိုးစားနေဦးမှာပါလို့ သူက ဆိုပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မိသားစုအလှူကို ဒေါ်မြသီတာဇေယျ၊ VIVID Fashion၊ AYA Bank၊ Alpine သောက်ရေသန့်၊ ဝိတိုရိယမိသားစု၊ စိန်ဌေးထုတ်လုပ်ရေး၊ Polo Club အပါအဝင် အလှူရှင် ၂၃ယောက်ဟာ ကော်ရည်ခေါက်ဆွဲ၊ ရွှေမြန်မာဒံပေါက်၊ ရွှေရင်အေး၊ ကော်ပြန့်စိမ်း၊ ထောပတ်ထမင်း စတုဒီသာတို့ကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။
ပြေတီဦးအနေနဲ့ ဘယ်သူမှမလုပ်သေးတဲ့ အလှူဒါနကိုလုပ်တာဖြစ်ပြီး လူတန်းစားမရွေး လာရောက်စားသောက်နိုင်ဖို့ ကြီးကြီးကျယ်ကျယ်အလှူလုပ်တာဖြစ်လို့ ဂုဏ်ယူစရာကောင်းတယ်လို့ ဝါဝါအောင်က ပြောပါတယ်။ ဒီအလှူမှာ လုပ်အားနဲ့ကူညီခွင့်ရလို့ ဝမ်းသာမိပြီး ဓမ္မပူဇာတရားပွဲကျင်းပတာမို့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဆိုတဲ့စကားနဲ့အညီဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒက အလှူမှာ တရားဟောကြားခဲ့ပြီး အနုပညာလောကသားတွေနဲ့ ပရိသတ်တွေက တရားနာယူခဲ့ပါတယ်။ ဒီအလှူဟာ ကိုယ်ပိုင်အလှူဖြစ်သလို တရားနာပရိသတ်အတွက် ကောင်းမွန်တယ်လို့ ဆိုလာတဲ့ ထွန်းထွန်းက ပရိသတ်နဲ့ပါ တိုက်ရိုက်တွေ့ဆုံခွင့်ရပြီး ကုသိုလ်ယူရတာဖြစ်လို့ ပြေတီဦးတို့မောင်နှံ နောက်နှစ်မှာလည်း အလားတူအလှူမျိုး ကျင်းပစေနိုင်ဖို့ ဆုတောင်းခဲ့ပါတယ်။
Kamyut media