Pages

Friday, May 15, 2015

မြိတ်တွင် စိတ်ကြွဆေးပြား ၆၀၀၀ ကျော် ဖမ်းမိ


|Dawei Watch| မြိတ်၊ မေ ၁၅
မြိတ်ခရိုင် မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တွင် မေလ ၁၃ နေ့က
စိတ်ကြွဆေးပြား ၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်
ရဲစခန်းများထံမှ သိရသည်။
မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က ကန်ဖျားနယ်မြေ ခရုတောရပ်ကွက် လမ်းဆုံတွင်
ယာဉ်စစ်ဆေးရေး ပြုလုပ်နေစဉ် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး
မော်တော်ဆိုင်ကယ်ကို ထားကာ ထွက်ပြေးသွားပြီး လွယ်လာသည့် လွယ်အိတ်ကို
လမ်းတွင် ပစ်ခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
၎င်းလွှင့်ပစ်ခဲ့သည့် အိတ်အား စစ်ဆေးရာ စိတ်ကြွဆေးပြား ၆၀၀၀ ကို
သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
“တရားခံကိုတော့ အခုချိန်အထိ မမိသေးပါဘူး” ဟု မြို့နယ်ရဲမှူး ဦးသန်းဦးက ပြောသည်။
အဆိုပါ အမျိုးသားကို မူးစိတ်ပုဒ်မ ၁၉ (က) အရ အမှုဖွင့်ထားပြီး သက်ဆိုင်ရာ
နယ်မြေ ရဲကင်းများနှင့်အတူ ရှာဖွေနေသည်ဟု သိရသည်။
အလားတူ မေလ ၁၃ ရက်နေ့တွင်ပင် တနင်္သာရီမြို့နယ်
ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ကျေးရွာနေ အမျိုးသား နှစ်ဦးနှင့်
အမျိုးသမီးတစ်ဦးအား ဖမ်းဝရမ်းဖြင့် ၀င်ရောက် ရှာဖွေ ဖမ်းဆီးရာ
စိတ်ကြွဆေးပြား ၄၂၅ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါ စိတ်ကြွဆေးပြားများကို ကိုင်ဆောင်ရောင်းချသူများအား
တနင်္သာရီမြို့နယ် ရဲစခန်းတွင် မူးစိတ်ပုဒ်မများဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သိရသည်။

Dawei Watch