Pages

Sunday, May 10, 2015

တရုတ်သစ်တင် ကားများ မြန်မာအစိုးရ နှင့် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငွေသိန်းချီပေးပြီး သယ်ဆောင်

 
 မေလ ၁၀ ရက်၂၀၁၅

သျှမ်း၊ မြောက် နမ့်ခမ်းမြို့တွင် တရုတ်ဘက်မှ လာသော တရားမ၀င် သစ် တင်ကားများသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဒေသတွင်း အာဏာပိုင်များထံ ပိုက်ဆံပေးပြီး လွတ်လပ်စွာ ၀င်ထွက် သစ်တင်နေေ ကြာင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

နမ်းခမ်းသို့ ညစဉ်အစီး(၅၀) ထက်မနဲ ၀င်ရောက် ပြီး သစ်များကို တရုတ်ပြည် သို့ ခိုးထုတ် သယ်ဆောင်နေကြောင်းသတင်းရရှိသည်။

တရုတ်သစ်ကုန်သည်နှင့်အတူ လာရောက် သစ်တင်သော တရုတ်နိုင်ငံသား သျှမ်းလူမျိုး အိုက်မောင် က “ သစ်တွေကိုတရုတ်ဘက်ကို သွင်းတာလေ။ သစ် လာတင်ရင် တောထဲဝင်တာနဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ကို တစ်စီး ကျပ် တစ်သိန်း သွင်းရတယ်။ ပြီးတော့ မြို့ထဲဝင်ရင်လည်း အစိုးရ အဏာပိုင် တွေကို တစ်စီးကျပ် (၇)သိန်း သွင်းပြီးမှ ခုလို လွှတ်လွှတ်လပ်လပ် တင်နိုင် သွားလာနိုင်တယ်” ဟု ၄င်းကဆိုသည်။

မြန်မာ - တရုတ်နယ်စပ် တရားမ၀င် ရွှေလီမြစ်ကူးတို့ဆိပ်ကိုအသုံးပြုပြီး တရုတ်ပြည်ဘက်မှ သစ်တင်ကားများ ၀င်/ထွက် နေကြောင်း၊ ည ၁၁း၀၀ နာရီလောက်မှ လာရောက်ပြီး မနက် ၂း၀၀နာရီ မှ ၃း၀၀ နာရီကြားအတွင်း ပြန်ထွက်သွားကြောင်း ၊တင်ဆောင်သွားသည့် သစ်များသည် သျှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ သစ်များဖြစ်ကြောင်း နမ့်ခမ်းဒေသခံ နန်းမြမြ ကဆိုသည်။

“ညစဉ်ရက်ဆက်ပါပဲ ၀င်ထွက်သွားလာနေတာ၊ ကားကတော့ တရုတ်ပြည် ဘက်က တရုတ်နံပါတ်ပြားအ၀ါတပ် ထားတဲ့ကားတွေပဲ၊ သူတို့လာရင် လည်း အစီး(၅၀)လောက်ရှိတယ် မြေကြီးတောင်တုန်ခါသွားတယ်၊ အဲ့သစ်တင် ကားတွေကြောင့် ညစဉ်ညတိုင်း ကောင်းကောင်း အိပ်လို့မရတာ တစ်နှစ်ေ လာက် ရှိတော့မယ် ။ ညဘက်ချည်းလာတင်တာ ”ဟု ၄င်းက သျှမ်းသံတော်အားပြောသည်။

သစ်တောပြုန်းတီး မှုကြောင့် ယခု မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်များ ဒေသခံများက ကြုံတွေ့နေသည်။

တရုတ်ပြည်ဘက်မှ တရားမ၀င် သစ်တင်ကားများ ၀င်ထွက်နေသော ရွှေ လီမြစ် ကူးတို့ဆိပ်များမှာ နမ့်ခမ်းမြို့ ရှိ နောင်မ၊ မန့်ဟောင်း၊ နောင်တိန်း၊ မန့်နောင်နှင့် ကောင်းဝိန်း စသောကျေးရွာရှိ ကူးတို့ ဆိပ်ကနေတစ်ဆင့် ၀င်ထွက် သွားလာနေပြီး မူစယ်မြို့နယ်အတွင်း ရွှေလီမြစ်ကမ်းတစ်လျှောက်ရှိ ကူးတို့ဆိပ်များကိုလည်း အသုံးပြုနေသည်ဟု ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့် ၊စိုင်းတိုင်း