Pages

Sunday, May 3, 2015

တစ်ကျော့ပြန် အသက်ဝင်လာတဲ့ ထားဝယ်စီမံကိန်းက အိမ်ရှင် မြန်မာထက် ထိုင်းနိုင်ငံကို ပိုအကျိုးရှိစေမှာလား – မောင်သုတ

၃ နှစ်ကျော် ရပ်ဆိုင်းထားပြီးနောက် ၂၀၁၅ခုနှစ်ထဲမှာ ကနဦးအဆင့် လုပ်ငန်း တွေစတင် အကောင် အထည် ဖော် ဖို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီ လိုက်ကြပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် (Dawei Sepecial Economic Zone -DSEZ) စီမံကိန်း တစ်ကျော့ပြန် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာတော့ ထားဝယ် စီမံကိန်းကို မြန်မာ – ထိုင်း နှစ်နိုင်ငံအစိုးရ အတိုင်းအတာ ပူးပေါင်း အကောင် အထည်ဖော်ကြမှာ ဖြစ်တဲ့အပြင် ဂျပန်နိုင်ငံကလည်း ငွေကြေးနဲ့နည်းပညာ ကူညီပံ့ပိုးဖို့ ကမ်းလှမ်းမှုတွေ ရှိလာ တယ်။ မကြာသေးမီက ဗန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြချက် အရထားဝယ်စီမံကိန်းမှာ ဂျပန်က သဘော တူစာချုပ် လက်မှတ်ရေးထိုးဖို့ စီစဉ်နေပြီ လို့ဖော်ပြခဲ့တယ်။ ဒါ့အပြင် အိန်္ဒိယနိုင်ငံကလည်း စိတ်ဝင်စားမှုရှိ ကြောင်း လွှတ်တော်ထဲမှာ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ထုတ်ဖော်ပြောဆိုခဲ့လို့ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းအပေါ် နိုင်ငံတကာ စိတ်ဝင်စားမှုက အရင်တစ် ခေါက်ကထက် ပိုပြီး ကျယ်ပြန့်လာတယ် မဟုတ်ပါလား။…

ထားဝယ်စီမံကိန်းဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသလို ဂျပန်နိုင်ငံ အတွက်လည်း global supply-chain ရှုထောင့်နဲ့ ပထ၀ီ နိုင်ငံရေးရှုထောင့် နှစ်မျိုးစလုံးကနေအရေး ပါနေ တယ်။ အထူးသဖြင့် ဂျပန်နဲ့တရုတ်တို့ နိုင်ငံရေးအရ အဆင်မပြေ ဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာ သက်ရောက်မှုကို “ကျားကန်”ပေးဖို့ ဂျပန်နိုင်ငံအတွက် အာရုံစိုက် စရာဖြစ်လာ တယ်။ ဒါကြောင့် ယခုတစ် ခေါက်ပြန်လည် အသက်ဝင်လာတဲ့ ထားဝယ်စီမံကိန်းဟာ ဂျပန်ရင်းနှီးမြှုပ်နှံမှုပါဝင် လာနိုင်ခြင်းနဲ့အတူ နိုင်ငံတကာ အတိုင်းအတာမှာပါ အခန်းကဏ္ဍနဲ့အရေးပါမှု မြင့်တက်လာတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွဲထုတ်ပြစရာ ၃ချက်ရှိလာတယ်။ ပထမအချက်က ဂျပန်ဘက်က ရှုထောင့်အချို့ဖြစ်ပြီး ဒုတိယအချက်က စီမံကိန်း “ကောက်ကြောင်း”နဲ့ ထိုင်းနိုင်ငံ ကြိုးပမ်းမှုဖြစ်ပါ တယ်။ တတိယအချက်က မြန်မာဘက်က ရင်ဆိုင်ဖြေရှင်းရမယ့် အပိုင်းကဏ္ဍအချို့ ဖြစ်ပါတယ်။

၂၀၁၅ ခု၊ ဇန်န၀ါရီ ၇-ရက်နေ့ထုတ် ကမ္ဘာကျော် ဝေါစထရိဂျာနယ်က ဂျပန်နိုင်ငံအနေနဲ့ သီလ၀ါအထူး စီးပွား ရေးဇုန်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ မှားယွင်းတဲ့ စွန့်စားမှုလို့ဖော်ပြခဲ့လို့ အတော်လေး ဂယက်ရိုက်သွားတယ်။

ဂျပန်နိုင်ငံဟာ မြန်မာပြည်ကို JICA လို အဖွဲ့အစည်းတွေကတစ်ဆင့် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကူညီထောက်ပံ့ ပေး ရင်း တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံဖို့အတွက် အခြေအနေကောင်းတွေ တည်ဆောက်ခြင်း၊ ဖော်ထုတ်ခြင်း တွေကို လုပ်ဆောင်နေတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ တိုကျိုမစ်ဆူဘီရှီဘဏ် (Bank of Tokyo-Mitsubishi UFJ) ရဲ့ စီမံခန့်ခွဲမှု အမှုဆောင်အရာရှိ ဂိုဝါတာနာဘဲက အချက်နှစ်ချက်ကို “ဆွဲထုတ်” ပြခဲ့တယ်။ ပထမအချက် က မြန်မာပြည်မှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေရဲ့ သဘောသဘာဝ ကို ရင်းနှီးကျွမ်းဝင်မှုမရှိသလို မြန်မာလုပ်ငန်း ရှင်တွေရဲ့ “အထာ”ကို ဂျပန်တွေ အကျွမ်းတ၀င် မရှိသေးခြင်းဖြစ်ပြီး ဒုတိယ အချက်က မြန်မာနိုင်ငံ မှာ ဒေ၀ါလီ ခံခြင်း ဥပဒေ (Bankruptcy law) အပါအ၀င် ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ဂျပန်ဘက်က စီးပွားရေးအရ သာမက ပထ၀ီနိုင်ငံရေးရှုထောင့်၊ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာပြည် အခြေအနေ အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းတွက်ချက်စရာ တွေ ရှိတယ်။

တစ်ဖက်ကလည်း ထိုင်းနိုင်ငံမှာဆိုရင် ဂျပန်က အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်။ ထိုင်းအစိုးရ ထုတ်ပြန်ချက် အရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၃၀ရာခိုင်နှုန်း လောက်ကဂျပန်နိုင်ငံမှ စီးဝင်လာတာ ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် အနာဂတ် အကျိုးစီးပွားနဲ့ အလားအလာ ဘယ်လို ပြောင်းလဲ သွားမလဲဆိုတာ သေသေချာချာတွက်ချက်ဖို့ လိုအပ်လာတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ ဆက်နွှယ်မှုကိုလည်း ထည့်တွက်ရလို့ နောက်ဆုံးမှာ ဒေါ်လာ ၇သိန်း အကုန်အကျခံပြီး သုတေသန စီမံကိန်း ၃-ခုကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂၀၁၄ ခု၊ နိုဝင်ဘာမှာ စတင်ပြီး ၂၀၁၅ ခု၊ မတ်လမှာ အပြီးသတ်ခဲ့တဲ့ သုတေသန စီမံကိန်း ၃ – ခုကနေ ထွက် ပေါ်လာတဲ့ ရလဒ်တွေကိုကြည့်ပြီး ဂျပန်အစိုးရက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထားဝယ် အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည် ဖော်နိုင်ဖို့ အတွက် မြန်မာနဲ့ထိုင်း နှစ်နိုင်ငံစလုံး ကြိုးပမ်းခဲ့ကြရာမှာ ထိုင်းအစိုးရဘက်က အတော်အားထည့် ကြိုးပမ်းတာကို တွေ့ရတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ခုနှစ်မှာ ထိုင်းနိုင်ငံက အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကို ဆောင် ရွက်ခွင့်ပေး ခဲ့တယ်။ အီတာလျံ-ထိုင်း ကုမ္ပဏီက အခြေခံအဆောက်အအုံအချို့ကို စတင်လုပ်ကိုင်ရင်း နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံသူ လိုက်ရှာခဲ့တယ်။ နှိုင်းယှဉ်မယ်ဆိုရင် ထားဝယ်စီမံကိန်းဟာ သီလ၀ါ စီမံကိန်းထက် ၈-ဆ နီးပါး ကြီးမားပြီး ဗန်ကောက်မြို့တော် အနောက်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာရှိလို့ မော်တော်ယာဉ်နဲ့ နေ့တစ် ၀က်ခရီးလောက်ပဲရှိတယ်။ ကျွမ်းကျင်သူတွေ ထားဝယ်စီမံကိန်းဟာ လာမယ့် ၁၅-နှစ်အတွင်း အစည်ကားဆုံး စက်မှုဇုန် ဖြစ်လာနိုင်တယ်လို့ ဟောကိန်း ထုတ်ထားလို့ ထိုင်းနိုင်ငံက စီမံကိန်း အကောင်အထည်ပေါ်လာဖို့ အထူးအာရုံ စိုက်နေတယ်။

ဒါပေမဲ့ လက်တွေ့မှာ ပမာဏကြီးမားတဲ့ ထားဝယ်စီမံကိန်းကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံ လိုခြင်း မရှိကြဘဲ တရုတ်ကလည်း ကျောက်ဖြူစီမံ ကိန်းဘက်ကို စိတ်အားထက်သန်လို့ ဂျပန်ကို “ကွက်ကျော်” ရိုက်လို့ မရနိုင်ဘူးဆိုတာ ထိုင်းဘက်က သဘောပေါက်သွားတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်လုပ်ကိုင်ပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရှာဖွေနိုင်ခြင်း မရှိခဲ့ လို့ စီမံကိန်း ရပ်နားလိုက်ရတယ်။ တစ်ဖက်ကလည်း ထိုင်းနိုင်ငံမှာ စီးပွားရေး တိုးတက်မှု နှေးကွေးကျဆင်းလာ လို့ ထိုင်းအစိုးရက စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့ အဖြေရှာခဲ့ကြတယ်။

– ၂၀၁၃ခု၊ မေလ ၂၁ ရက်မှာ ထိုင်းအစိုးရ ကက်ဘိနက် အစည်းအဝေးက ထားဝယ်အထူးစီးပွားရေး စီမံကိန်း မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။

– ၂၀၁၃ ခု၊ နိုဝင်ဘာလမှာ ၂နိုင်ငံ အစိုးရ ပူးပေါင်းလုပ်ကိုင်မယ့် စီမံကိန်း အဖြစ်ပြောင်းလဲ အကောင် အထည် ဖော်ကြဖို့ သဘောတူညီခဲ့တယ်။

– ၂၀၁၃ ခု၊ ဒီဇင်ဘာလမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ၀န်ကြီးဌာနနဲ့ Japan Bank fo International Cooperation (JBIC) တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ တယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာ ၂- ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာနဲ့ ဂျပန်နိုင်ငံခြားရေး ဒုတိယ ၀န်ကြီး မီနိုရိုကိအုချိတို့ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းကို အဓိကထား ဆွေးနွေးခဲ့တယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာလ၊ ပထမပတ်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်စဖို့ သဘောတူခဲ့ကြတယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာ ၁၄မှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဒုတိယ ၀န်ကြီး ဟီရှီရောဂုနဲ့ တွေ့ဆုံခဲ့တယ်။

– ၂၀၁၅ ခု၊ ဇန်န၀ါရီ ၃၀ ရက်မှာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှာဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ထိုင်း ဒုတိယ၀န်ကြီးချုပ်တို့ ဦးဆောင်ပြီး တတိယအကြိမ် ထိုင်း – မြန်မာ ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေး အပြီး ကနဦးအဆင့်ကို စတင်အကောင်အထည်ဖော်ဖို့ ပူးတွဲ သတင်းထုတ်ပြန်ခဲ့တယ်။

ထားဝယ်စီမံကိန်းဟာ မြန်မာနိုင်ငံတောင်ဘက် ကမ်းခြေဒေသကို ထိုင်းနိုင်ငံ အရှေ့ပင်လယ်ကမ်းခြေဒေသ၊ ဗန်ကောက် မြို့တော်တွေနဲ့ ဖြတ်သန်း ဆက်သွယ်ပေးနိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံအတွက် အရေးပါနေတယ်။ ကျွမ်းကျင်သူတွေ အဆိုအရ ထိုင်းနိုင်ငံအရှေ့ပိုင်းကို ဗဟိုပြုတဲ့ စီးပွားရေး ဆက်သွယ်မှု လမ်းကြောင်းသစ် ပေါ် ထွက်လာမှာဖြစ်ပြီး လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ရထားလမ်းနဲ့ ချိတ်ဆက်ပေး မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မော်တော်ကားနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကိုအဓိက ထုတ်လုပ်နေတဲ့ ဂျပန်နိုင်ငံလည်း ထားဝယ်စီမံကိန်းရဲ့ အသီးအပွင့်တွေကို ရရှိမှာဖြစ်ပြီး အရှေ့တောင်အာရှမှာ အရေးပါတဲ့ ကုန်သွယ်ရေး ဗဟို ချက်တစ်ခုတောင် ဖြစ်လာနိုင်တယ်။ ထားဝယ်ဆိပ်ကမ်းမှ တစ်ဆင့် ထားဝယ်-လမ်ချာဘန်-ဟိုချီးမင်မြို့အထိ ၁၃၀၄ ကီလိုမီတာခရီးကို ရထားလမ်းနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်ကောက်မြို့မှ တောင်အာရှ စီးပွားရေးမြို့တော်လို့ နာမည်ကျော်နေတဲ့ အိနိ္ဒယနိုင်ငံ၊ ချင်နိုင်းမြို့အထိ ရေလမ်းကြောင်းလမ်း ဖြောင့်ဖြူးသွားပြီး ယခင်က ၆-ရက်ကြာ ခရီးကို ၃-ရက်နဲ့ ရောက်သွားမှာဖြစ်လို့ အချိန်၊ ကုန်ကျစရိတ်တွေ ကို လျှော့ချနိုင် မှာ ဖြစ်ပါတယ်။

ထားဝယ်စီမံကိန်းရဲ့ အဓိကမြေပိုင်ရှင်က မြန်မာနိုင်ငံဖြစ်နေတော့ မြန်မာ အစိုးရဘက်မှာ တာဝန်ယူမှု၊ ရင်ဆိုင် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေပါတယ်။ ဒီအတွက် မြန်မာအစိုးရရဲ့ တက်ကြွမှု၊ ပူးပေါင်းဆောင် ရွက်ဖြေရှင်းမှု တွေက အရေးပါနေတယ်။

ပထမဆုံး အကောင်အထည်ဖော်မယ့် ကနဦး စီမံကိန်းမှာတင်ပဲ ဒေသခံတွေနဲ့ ထိပ်တိုက်တိုးမယ့် အနေအထား တွေရှိနေတယ်။ ကနဦးစီမံကိန်းမှာ –

– နှစ်လမ်းသွားမော်တော်ကားလမ်း

– LNG ဓာတ်ငွေ့တင်ပို့နိုင်တဲ့ဆိပ်ကမ်း

– စက်မှုဇုန်

– လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် မြို့ပြစီမံကိန်း

– ရေလှောင်ဆည်နှင့် ရေပေးရေဝေစနစ်

– ဆက်သွယ်ရေးလုပ်ငန်းတွေ ပါဝင်နေတယ်။

စီမံကိန်း အကောင်အထည်ဖော်မယ့် ဧရိယာက မြေဧက ငါးသောင်းကျော်ပြီး ပြောင်းရွှေ့ပေးရမယ့် ကျေးရွာ ၆ ရွာရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားတယ်။

ကနဦး စီမံကိန်းကို ရင်းနှီးမြှုပ်နှံခဲ့သူ အဖြစ်မှ နုတ်ထွက်ခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကပဲ ပြန်ပြီးအကောင် အထည်ဖော်မှာဖြစ်လို့ ဒေသခံတွေဘက်က မရှင်းလင်းမှု၊ စိုးရိမ်မကင်းမှုတွေ ရှိနေတယ်။ အထူးသဖြင့် စီမံကိန်း ကြောင့် လက်စမပြတ်သေးဘဲ လျော်ကြေးပေးရမယ့် သိမ်းဆည်း မြေယာတွေ ရှိနေတယ်။

အရင်ဆောင်ရွက်သွားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက မြေယာသိမ်းမှု အတွက် လျော်ကြေးပေးတဲ့အခါ ညီမျှမှု မရှိ၊ ပွင့်လင်းမှုမရှိ ဘူးလို့ ဒေသခံတွေဘက်က ထုတ်ဖော်ခဲ့သလို ကုမ္ပဏီဘက်ကလည်း အစိုးရထံမှ လုံလောက် တဲ့ ကူညီပံ့ပိုးမှုတွေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)က ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀တွေ ထိခိုက်မှုရှိလို့ ဒေသတွင်း ပြဿနာေ တွ ပြေလည်အောင် ဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတယ်။

ဒေသခံတွေ တောင်းဆိုချက်ထဲမှာ ကနဦး စီမံကိန်းအကောင် အထည်မဖော်မီ ပြီးခဲ့တဲ့ ၃-နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို အရင်းဆုံးဖြေရှင်းပေးဖို့ တောင်းဆိုချက်တစ်ခု ပါဝင်နေတယ်။ ပြီးခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီ လက်ထက်က စီမံကိန်းလုပ်ငန်းခွင် ကို ဒေသခံအနည်းငယ်သာ ၀င်ရောက်လုပ်ကိုင်ခွင့် ရခဲ့တယ်လို့ ဒေသခံတွေ ဘက်က ထောက်ပြကြတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံး ရှုံးမှုရှုထောင့်ကိုပါ ထည့်သွင်း စဉ်းစား လိုက်ရင် ဖြေရှင်းရမယ့် ပြဿနာတွေက တိမ်မယောင်နဲ့ နက်နေတဲ့ သဘောရှိတယ်။

အားလုံးကို ပြန်ချုပ်ရရင် စီမံကိန်း မြေရှင်ဖြစ်တဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံ၊ စီစဉ်ဆောင်ရွက်ပုံတွေက သိမ်မွေ့ညင်သာစွာ နဲ့ ဒေသခံတွေ လက်ခံနိုင်တဲ့ အနေအထား ရောက်သွားဖို့တယ်။ ဒါမှ သာဒေသခံတွေ ကိုယ် တိုင် ပူးပေါင်းပါဝင်လာတဲ့ စီမံကိန်း တစ်ခု ဖြစ်လာမယ် မဟုတ်ပါလား။

  မြန်မာသံတော်ဆင့်သတင်းဌာန