Pages

Sunday, May 31, 2015

တနင်္သာရီတိုင်း လူဦးရေ၏ ၇ ပုံ ၁ ပုံခန့် ပြည်ပရောက်နေ


|Dawei Wach | ထားဝယ်၊ မေ ၃၁
တနင်္သာရီတိုင်းဒေသကြီးလူဦးရေ၏ ၇ ပုံ ၁ ပုံခန့်မှာ ပြည်ပ နိုင်ငံများသို့ ရောက်နေကြောင်းမေလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းပင်မရလဒ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းပင်မရလဒ် အစီရင်ခံစာအရ တိုင်းအတွင်း စုစုပေါင်း လူဦးရေ ၁၄၀၈၄၀၁ ဦး (၁၄သိန်းကျော်) တွင် ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် လူဦးရေ ၂၀၃၂၃၂ ဦး  ( ၂ သိန်းကျော်) ရှိသည်ဟု ဖော်ပြထားသည်။
ပြည်ပရောက်နေသူများအနက်  အမျိုးသမီးထက် အမျိုးသားကပိုများပြီး အမျိုးသားဦးရေ ၁၁၂၈၃၄ ( ၁သိန်းကျော်) ဦးနှင့် အမျိုးသမီးဦးရေ ၉၀၃၉၈( ၉ သောင်းကျော်) ဦးရှိသည်။
တနင်္သာရီတိုင်းမှ ပြည်ပသို့ ရောက်ရှိနေသူဦးရေ၏ ထက်ဝက်ကျော် ၁၃၁၂၃၀ ဦးမှာထားဝယ်ခရိုင်မှဖြစ်ပြီး မြိတ်ခရိုင်မှ ၄၅၆၀၈ ဦး၊ ကော့သောင်းခရိုင်မှ ၂၆၃၈၃ ဦးတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရရှိသည်။
တနင်္သာရီတိုင်းမှ ပြည်ပရောက်ရှိနေသည့် လူဦးရေ နှစ်သိန်းကျော်အနက် တစ်သိန်းကိုးသောင်းနီးပါးမှာထိုင်း နိုင်ငံသို့ ရောက်နေကြကြောင်းအထက်ပါ အစီရင်ခံစာအရသိရသည်။
ဒုတိယအများဆုံးဖြစ်သည့် မလေးရှားနိုင်ငံတွင် လူဦးရေတစ် သောင်း နှစ်ထောင်ကျော် ရောက်ရှိနေကြပြီးစင်ကာပူနိုင်ငံတွင် ခြောက်ရာကျော်နှင့် အမေရိကန်နိုင်ငံတွင် ငါးရာကျော် ရောက်ရှိနေသည်ဟုယင်းအစီရင်ခံစာတွင် ဖော်ပြသည်။
ပြည်လုံး ကျွတ်သန်းခေါင်စာရင်းပင်မရလဒ် အစီရင်ခံစာအရ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူ ၂ သန်းကျော်ရှိကာ ပြည်ပရောက်ရှိနေသူဦးရေ၏ ၇၀ ရာနှုန်းမှာထိုင်း နိုင်ငံနှင့် ၁၅ ရာခိုင်နှုန်းမှာမလေးရှား နိုင်ငံသို့ ရောက်ရှိနေကြောင်းသိရသည်။

Dawei Watch