Pages

Friday, May 29, 2015

ညသန်းခေါင် သွားလာခြင်းမပြုရန် ကော့သောင်းတွင် ကန့်သတ်နယ်မြေ ၇ နေရာထုတ်ပြန်

 ကော့သောင်း၊ မေ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင်
ဒေသန္တရနယ်မြေအေးချမ်းသာရာရေးအတွ
က် ညနက်သန်းခေါင်သွားလာခြင်းနှင့်
မှောင်ရိပ်ခိုခြင်းမပြုလုပ်ရန် ကန့်သတ်တားမြစ်နေရာ ၇ နေရာကို မေလ ၁၅
ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
ထံမှသိရသည်။

ကော့သောင်းမြို့နယ် ဘုရင့်နောင်ကုန်း ၊ ဘုရင့်နောင်အငူပါတ်လမ်း ၊ ပန်းခြံ
၊ ၅၅၅ တောင် ၊ ၃ မိုင် ၊ ကြိုဆိုပါ၏ ဆိုင်းဘုတ် နှင့်လွတ်လပ်ရေး
ကျောက်တိုင်ကွင်းတို့တွင် ည ၁၁ နာရီထက် ကျော်လွန်ပြီး အကြောင်းမဲ့
နေထိုင်သွားလာခြင်း ၊ မှောင်ရိပ် ခိုခြင်းများမပြုလုပ်ရဟူ၍ တားမြစ်အမိန့်
ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ရပ်ကွက်ကျေးရွာတွင်နေထိုင်သော ပြည်သူများ လုံခြုံစေရေးအတွက်
မှု့ခင်းဖြစ်ပွားမှုများ လျော့ကျသွားစေ ရန်နှင့် ညဘက်အချိန်အခါမဟုတ်
အကြောင်းမဲ့သွားလာနေသူများမရှိစေရန် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း
မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 “အခုကန့်သတ်ထားတဲ့နေရာတွေက ညအချိန်ဆို လူငယ်အတော်များများ
မှောင်ရိပ်ခိုးပြီ မှုခင်တစ်ခုမဟုတ်တစ်ခု ဖြစ်နေတဲ့နေရာတွေပါ။
ဒီလိုနေရာမျိုးတွေ ကို ညအချိန်ဖြတ်သန်းသွားလာခွင့်မပြုတာ ကောင်းတယ်” ဟု
ကော့သောင်းဒေသခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်း ကဆိုသည်။

          ထုတ်ပြန့်ကြေငြာထားသည့် တားမြစ်ချက်များတွင် ည ၁၁ နာရီ
ထက်ကျော်လွန်ပြီးအရက်ဘီယာ ရောင်းချခြင်း ၊ KTV အခန်းများလုပ်ကိုင်ခြင်း
၊ တီဗွီဂိမ်း ဆိုင်များဖွင့်လှစ်ခြင်း ၊ အမျိုးသမီးငယ်များဖြင့်
အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်ခြင်း နှင့် စင်တင်တေးဂီတစားသောက်ဆိုင်များ
ဖွင့်လှစ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရန်လည်း ပါဝင်သည်။

 ထို့အပြင် ည ၆ နာရီမှ မနက် ၆နာရီအတွင်း ခွင့်ပြုချက်မရှိဘဲ ရေယာဉ်များ
ဝင် /ထွက် ခြင်း မပြုရန်လည်း ပါဝင်ကြောင်း အထက်ပါ ဌာန ကဆိုသည်။

ကော့သောင်းမြို့အနီးသူဌေးကျွန်းနှင့် ရတနာကျွန်းများမှ ၀န်ထမ်းများမှာ
ညဘက်တွင် အချိန်ပိုင်း အလုပ်ပြန်သူများရှိသည့်အတွက်
ဝန်ထမ်းကြိုပို့ယာဉ်များ အနေဖြင့်  သက်ဆိုင်ရာစစ်ဆေးရေးစခန်းများတွင်
မပျက်မကွက် အကြောင်းကြားပေးပြီးမှ ၀င်ထွက်သွားလာရန် လိုအပ်ကြောင်း
အထက်ပါဌာန တာဝန်ရှိသူက ဆိုသည်။
            ကော့သောင်းမြို့တွင် ပြီးခဲ့သည့် လများက မှုခင်းနှင့်
လူသတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး ယခု တားမြစ်ချက်များအပေါ်
လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက  တည်ဆဲဥပဒေ ပုဒ်မ (၁၈၈) အရ
အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

|Dawei Watch|