Pages

Friday, May 22, 2015

ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်သူ ကျောင်းဆရာကို ထောင်ဒဏ် ၃ လချမှတ်


ဆရာဦးဝေယံအောင် (ဓာတ်ပုံ - အောင်အောင်ကျော်)
ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ဆရာဦးဝေယံအောင်ကို ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ပုသိမ်မြို့နယ်တရားရုံးမှာ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်  အလုပ်နဲ့ထောင်ဒဏ် ၃ လချမှတ်လိုက်ပါတယ်။

ဆရာ ဦးဝေယံအောင်အမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုအောင်အောင်ကျော်က “အမှုက ပင်မ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းတာနဲ့ပတ်သက်ပြီးတော့ ပုသိမ်မြို့တော်ခန်းမရှေ့က ရင်ပြင်မှာ ဧရာဝတီသပိတ်စစ်ကြောင်းကနေပြီး ထိုင်သပိတ်လုပ်ကြတယ်ပေါ့။ အဲဒီဟာကို အကြောင်းပြုပြီးတော့ တရားစွဲတာပါ” လို့ ပြောပါတယ်။

ဆရာဦးဝေယံအောင်ဟာ ပုသိမ် ဂျီတီစီ ကျောင်းက သရုပ်ပြ ဆရာဖြစ်ပြီး အမျိုးသား ပညာရေးဥပဒေကို ဧရာဝတီကျောင်းသားတွေအနေနဲ့ သပိတ်မှောက်ရာမှာ သူက ဦးဆောင်ပါဝင်လာသူဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဧရာဝတီသပိတ်စစ်ကြောင်းရဲ့ ဦးဆောင်ကော်မတီတဦးဖြစ်လာပြီး ဧရာဝတီသပိတ်စစ်ကြောင်းနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်ပါတယ်။  ဧရာဝတီ သပိတ်စစ်ကြောင်းမှာတော့ ပထမဦးဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပါတယ်။

 By ဒီဗွီဘီ