Pages

Sunday, May 10, 2015

ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းကို ကန့်ကွက်ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်


မေ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း David Cameron ပြန်အရွေးခံရတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတခု မေ ၉ ရက်နေ့က လန်ဒန်မြို့လယ်မှာ ဖြစ်ပွားခဲ့ပြီး ရဲနဲ့ ကဓိကရုဏ်းဖြစ်ပွားပါတယ်။

ရဲတွေကို ဆန္ဒပြသူတွေက ပုလင်းတွေ၊ ဘူးတွေ၊ မိုးခိုးဗုံးတွေနဲ့ ပစ်ခဲ့ကြပြီး ၀န်ကြီးချုပ်ရုံးအ၀င်လမ်းကို ပိတ်ထားတဲ့ ရဲတွေကို ထိပ်တိုက်ရင်ဆိုင်ချိန် ပဋိပက္ခတွေဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူ ၂၀၀ ကျော်လောက်ပါဝင်ခဲ့ပြီး ဆန္ဒပြသူ ၄ ဦး အဖမ်းခံရတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက မဲအရေအတွက် ၃၇ ရာခိုင်နှုန်းလောက် ရရှိသွားတာပါ။ ဒီဆန္ဒပြပွဲမှာ Green ပါတီကို ထောက်ခံသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

“အခုလာရောက်ဆန္ဒပြသူတွေအားလုံးဟာ ရွေးကောက်ပွဲရလဒ်ကို လက်မခံသူaတွပါ။ မဲပေးသူတွေရဲ့ ၇၅ ရာခိုင်နှုန်းက ကွန်ဆာဗေးတစ်ပါတီကို မဲမပေးခဲ့ကြပေမယ့် ကွန်ဆာဗေးတစ်ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ပီအာမဲပေးတဲ့စနစ်ကို ကျင့်သုံးဖို့ တောင်းဆိုပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

နောက်ထပ် ၀န်ကြီးချုပ် ၅ နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ကင်မရွန်းက လက်ရှိအစိုးရလိုငွေပြမှုကို လျော့ချမယ်လို့ ကတိပေးထားပါတယ်။

=====================

By ဒီဗွီဘီ