Pages

Thursday, May 7, 2015

ကျောက်ဖြူတွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည်


:ကျောက်မီးသွေးစက်ရုံကိစ္စ ရခိုင်ပြည်နယ် ၀န်ကြီးချပ် တက်ရောက်ရှင်းလင်း (ဓါတ်ပုံ- နိရဉ္စရာ)
:ကျောက်မီးသွေးစက်ရုံကိစ္စ ရခိုင်ပြည်နယ် ၀န်ကြီးချပ်တက်ရောက်ရှင်းလင်း (ဓါတ်ပုံ- နိရဉ္စရာ)

ကျောက်ဖြူ၊ မေ ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စုနယ်မြေတွင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေး စက်ရုံ တစ်ရုံ တည်ဆောက်သွားမည်ဟု သိရသည်။
ယင်းစက်ရုံအား Daewoo International Corporation နဲ့ MCM Energy Company Limited တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်သည်။
ကျောက်ဖြူတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး Daewoo International Corporation နှင့် MCM Energy Company Limited တာဝန်ရှိသူများက ကျောက်ဖြူ ဒေသခံပြည်သူများသို့ ရှင်းလင်းတင်ပြပွဲ တစ်ခု မေလ ၆ ရက်နေ့က  ပြုလုပ်ရာ ယင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ဒေသခံများ သဘောမတူဘဲ ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် မဟုတ်ကြောင်းပြောကြားသည်။
“ မိဘပြည်သူများကန့်ကွက်ရင်လည်း လုပ်မှာမဟုတ်ပါဘူး။ လုပ်ပြီးမှ ချပြတာမျိုးလည်းမဟုတ်ပါ။ လုပ်ငန်းမှန်သမျှကို ပြည်သူမကြိုက်ရင်မလုပ်ပါ။ ပြည်သူများကလည်း စီမံကိန်းနဲ့ပတ်သက်ပြီး အကျိုးရှိမရှိ စဉ်းစားပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်”  ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းစီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Daewoo International Corporation နဲ့ MCM Energy Company Limited အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၂၅၀၀ခန့် ရှိကြောင်း သိရသည်။
စက်တပ်ဆင်အင်အား ပထမအဆင့် ၆၆၀ မီဂ္ဂါဝပ်၊ ဒုတိယအဆင့် ၆၆၀ မဂ္ဂါဝပ်ပြုလုပ်မည်ဖြစ်ပြီး မြေဧက အကျယ်အ၀န်း မှာ ဧက၆၀၀ မှ ဧက၁၀၀၀ခန့်အသုံး ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
MCM Energy Company Limited ပရောဂျက်မန်နေဂျာ ဦးတင်စိုး က နိုင်ငံတော် ဓါတ်အားကို တစ်စိတ် တစ်ပိုင်း ဖြည့်ပေးရန်နှင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အား အပြည့်အ၀ရအောင် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုသည်။
ယင်းပြင်  သဘာဝပတ်ဝန်းကျင်နှင့် လူကို အန္တရာယ်မဖြစ်ရအောင် အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်သွားမည်ဟုဆိုသည်။
“ ရခိုင်ပြည်နယ်မှာ လျှပ်စစ်ဓါတ်အားရနေပြီဆိုပေမယ့်လည်း မြို့တွေလောက်ပဲရသေးတယ်။ ကျေးရွာအများစု လျှပ်စစ်ဓာတ်အားမရသေးဘူး။ ကျေးရွာတွေပါမကျန် လျှပ်စစ်ဓာတ်အားရအောင်လုပ်ချင်ပါတယ်။ လျှပ်စစ် ဓါတ်အား အပြည့်အ၀သုံးနိုင်ရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ဦးတင်စိုးက ပြောသည်။
ဒေသခံတွေကတော့ ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း ပြုလုပ်မှာနဲ့ပတ်သက်ပြီး သဘော မတူကြောင်းနှင့် ကျောက်မီးသွေးစက်ရုံမလိုအပ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။
“ ကျောက်ဖြူက ထွက်တဲ့ ဂတ်စ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုလို့ရနေတယ်။ ဂတ်စ်ကို အသုံး မပြုဘဲ ကျောက်မီးသွေးစက်ရုံလာပြန်ပြီ။ ပြသနာတွေ ရင်ဆိုင်လာရပြန်ပြီ။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အနေနဲ့ အစိုးရက ရခိုင်တွေဘက်က ရပ်တည်ပေးကြပါ” ဟု ရှေ့နေဦးထိန်လင်း ကပြောသည်။
ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်း အတွင်းရေးမှူး ကိုထွန်းကြည်ကလည်း “ ရခိုင်ပြည်မှာ ဂတ်စ် ရှိပါရဲ့နဲ့ ကျောက်မီးသွေး စက်ရုံဆိုတာ လိုအပ်ပါရဲ့လား။ အခြား နိုင်ငံတွေမှာ ကျောက်မီးသွေးသုံး လျှပ်စစ်  ဓါတ်အားကို လျှော့ချဖို့ကြိုးစားနေချိန်မှာ ကျောက်ဖြူမှာ ဘေးအန္တရာယ်မဖြစ်အောင် နည်းပညာဖြင့် တည်ဆောက်မယ်ဆိုတာ ယေဘုယျဆန်တဲ့ စကားသာဖြစ်ပါတယ်။ ကျနော့် အနေနဲ့ပြောရရင် ကျောက်မီးသွေး စက်ရုံ လုံးဝ မလိုအပ်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
IMG_20150506_135015
၎င်းကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွက် လိုအပ်သော သန့်စင်ကျောက်မီးသွေး သုံးစွဲမည့် လောင်စာကိုတော့အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေးလျနှင့် အခြားနိုင်ငံများမှ တင်သွင်းမည်ဖြစ်ကာ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် အလယ်ဒွိန်ကျေးရွာမှာ ပင်လယ်ကူး သင်္ဘောများ အလွယ်တကူဝင်ထွက်နိုင်သော နေရာ ဖြစ်သဖြင့် ယင်းစက်ရုံကို တည်ဆောက်ရန် ရွေးချယ်ရခြင်း ဖြစ်သည်။
သန့်စင်ကျောက်မီးသွေး အသုံးပြုလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ခေတ်မီအဆင့်မြင့်နည်းပညာ Clean Technology ကိုအသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြသွားပါသည်။
အခမ်းအနားကို မြို့မိမြို့ဖများ၊ ဌာနာဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလယ်ဒွိန် ကျေးရွာအုပ်စုနယ်မြေမှ ဒေသခံများ ၄၂၂ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ၆နာရီခန့်တွင် ရုပ်သိမ်းလိုက်ပါသည်။

ကျော်ဝင်း(နိရဉ္စရာ)