Pages

Wednesday, May 6, 2015

မြိတ် ဘုရားကိုင်ချောင်း ကျောက်စီရန် ကျပ် သိန်း ၈၀၀၀ သုံးမည်

 

|Dawei Watch| မြိတ်၊ ဧပြီ ၎
မြိတ်မြို့နယ် နယ်မြေ သုံးခုကြားရှိ ဘုရားကိုင်ချောင်းရိုးတလျှောက် ဝဲယာတွင် ကျောက်တန်းစီရန် ငွေကျပ်သိန်း ၈၀၀၀ သုံးမည်ဟု မြို့နယ်စည်ပင်သာယာရေးရုံး အင်ဂျင်နီယာ ဦးစိန်ဝင်းထံမှ သိရသည်။
ချောင်းမကောရန်နှင့် ရပ်ကွက်များအတွင်း ချောင်းရေ လျံမတက်စေရန်အတွက် ကျောက်တန်းစီရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောသည်။
အဆိုပါချောင်းသည် ကန်ဖျား၊ မြိတ်တောင်နှင့် အလယ်ကျွန်းနယ်မြေတို့ကြားရှိ ချောင်းတစ်ခုဖြစ်ပြီး အရှည် ပေ ၇၆၀၀၊ အကျယ် ပေ ၂၀ မှ ၃၀ ကြား၊ အမြင့် ၁၀ ပေ အထိ ကျောက်စီမည်ဟု မြို့နယ် စည်ပင်မှ သိရသည်။
“နှစ်စဉ် မြစ်ရေတက်ချိန်ဆိုရင် ပါရမီ၊ ကန်ဖျားရပ်ကွက်တို့နှင့် အခြားရပ်ကွက်တချို့မှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတယ်၊ အခုလို ကျောက်တန်းစီလိုက်မည်ရင် ဒီဒုက္ခတွေ ကင်းဝေးသွားပါမယ်”ဟု အလယ်ကျွန်းရပ်ကွက်နေ ဦးမြင့်လွင်က ဆိုသည်။
ရေအရင်းမြစ်နှင့် မြစ်ကြောင်းထိန်းသိမ်းရေး ဦးစီးဌာန၏  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ဇွန်လတွင် စတင်ကာ အောက်တိုဘာတွင် အပြီးသတ်ရန် လျာထားသည်ဟု သိရသည်။
“လက်ရှိတော့ ချောင်းရိုးတလျှောက် တိုင်းတာတဲ့ လုပ်ငန်းတွေကို စလုပ်နေပြီ”ဟု ဦးစိန်ဝင်းက ပြောသည်။
ဘုရားကိုင်ချောင်းရိုးတစ်လျှောက်ရှိ ရပ်ကွက်များသည် မြစ်ရေတက်ချိန်တွင် ရေကြီးရေလျံသည့်ဒဏ်ကို နှစ်စဉ်ခံစားရလျက်ရှိကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

Dawei Watch