Pages

Thursday, May 21, 2015

လာမည့် ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ မြို့နယ် ၅ ခုတွင် ၀င်ပြိုင်မည်


|Dawei Watch| ထားဝယ်၊ မေ ၂၀
လာမည့် ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ရွှေးကောက်ပွဲတွင်  ထားဝယ်တိုင်းရင်းသားများပါတီမှ မြို့နယ် ၅ ခုရှိ မဲဆန္ဒနယ် အားလုံး တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ကော့သောင်းမြို့ နယ်တို့ရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
“၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်များကို လျာထားပြီး ဖြစ်တယ်”ဟု ဦးအေးမင်းက ဆိုသည်။
အဆိုပါ ရွှေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော မဲဆန္ဒနယ် အသီးသီးတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် စာရင်းတောင်းခံလာသည့်အချိန်တွင် အဆင်သင့်ဖြစ်စေရန် စီစဉ်လျက်ရှိသည်ဟု ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)ထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ထားဝယ်တိုင်ရင်းသား သိက္ခာရှိစွာ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရေးတို့အတွက် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။
ရွှေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွှေး ကောက်ပွဲ ကော်မရှင်နှင့် ပါတီပေါင်းစုံတို့ မေလ ၁၈ ရက်နေ့က တွေ့ဆုံချိန်တွင် ပြည်ထောင်စုရွှေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း အထက်ပါ ပါတီမှ သိရသည်။
ထားဝယ် တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ တွင် မှတ်ပုံတင်ခွင့်ရခဲ့ပြီး ထားဝယ်မြို့တွင် ပါတီဗဟို ရုံးစိုက်ကာ လောင်းလုံးမြို့၊ ကော့သောင်းမြို့တို့တွင် မြို့နယ်ရုံးခွဲများ၊ ကျေးရွာများတွင် ရပ်/ကျေးရုံးခွဲများကို ဖွင့်လှစ်ထားသည်ဟု သိရသည်။
Dawei Watch